ကြို့ပင်ကောက်မြို့မရဲစခန်းမှရဲတပ်ကြပ်တစ်ဦးကို သေနတ်ဖြင့် ပစ်ခတ်သုတ်သင်လိုက်ပြီး စစ်ကောင်စီဒေါက်တိုင်များကို ဆက်လက်အရေးယူသွားမည်ဟု ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ဖြစ်သော နတ်စစ်သည်အဖွဲ့က ယနေ့ထုတ်ပြန်သည်။
ပဲခူးတိုင်း ၊ကြို့ပင်ကောက်မြို့၊မြို့မရဲစခန်းမှရဲတပ်ကြပ်ဝင်းဦး အားနတ်စစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၄ရက်)မွန်းလွဲ နှစ်နာရီခွဲခန့်တွင် ရန်ကုန်-ပြည်လမ်းပေါ်တွင် သေနတ်ဖြင့် သုံးချက် ပစ်ခတ်၍အပြစ်ပေးခဲ့ခြင်းဖြစ်ကြောင်းထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

“ကြို့ပင်ကောက်မြို့လယ်မှာ ဆိုင်ကယ်နဲ့ သွားနေတုန်း ပစ်သွားတာ။ ရဲယူနီဖောင်းနဲ့ လမ်းပေါ်မှာ သေနေတာ။မင်းအောင်လှိုင် ခိုင်းတဲ့အတိုင်း လူထုကို ပစ်ခတ်ဖြိုခွင်းသတ်ဖြတ်ခဲ့တဲ့ရဲတွေ နည်းနည်းမှ မသနားဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။
အကြမ်းဖက်စစ်ကောင်စီအလိုကျ လိုက်နာကာ လူထုကိုဒုက္ခပေးနေသူများကို ဆက်လက်အရေးယူမည်ဟု နတ်စစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်သည်။ စစ်ကောင်စီရဲသတ်ဖြတ်ခံရပြီးနောက် စစ်ကောင်စီတပ်က လာရောက်၍ လမ်းများကိုပတ်ဆို့ကာ လမ်းသွားလမ်းလာများကို စစ်ဆေးနေကြောင်း ဒေသခံအချို့ကပြောသည်။
