Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်​ကောင်စီ​အတွက်လေယာဥ်ဆီတင်သွင်း​ပေး​သောကုမ္ပဏီ သုံးခုကိုNUG ကအမည်ပျက်စာရင်းသွင်း

Asia World ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီ Yangon Aerodrome ၊စင်ကာပူအခြေစိုက် PUMA Energy၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ Asia Sun နှင့် မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စုတို့ဖြစ်သည်ဟု NUG၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

●ဦးထွန်းမြင့်နိုင်ပိုင်Yangon Aerodrome ၊ ဦးဝင်း​ကျော်​ကျော်အပါအဝင်ဒါရိုက်တာငါးဦးဖြင့်တည်​ထောင်ထား​သောAsia Sun နှင့်​ဒေါက်တာဝင်းမြင့်ပိုင်မြတ်​မေတ္တာမွန်ကုမ္ပဏီတို့ဖြစ်၊စုံစမ်း​နေဆဲကုမ္ပဏီများကျန်​​နေ​သေးဟုဆို

အပြစ်မဲ့ပြည်သူများကို လေကြောင်း ဗုံးကျဲတိုက်ခိုက်နိုင်ရန် အတွက်အကြမ်းဖက်စစ်တပ်ကို လေယာဉ်ဆီတင်သွင်းရာတွင် ကူညီပေးနေသည့် ပြည်တွင်းကုမ္ပဏီ သုံးခုကို အကြမ်းဖက်မှု နှင့် စစ်ရာဇ၀တ်မှုအားပေးသော စီးပွားရေး လုပ်ငန်းများ အဖြစ် အမည်ပျက်စာရင်းသွင်းလိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ယနေ့ထုတ်ပြန်ကြေညာလိုက်သည်။

Asia World ကုမ္ပဏီအုပ်စု၏ လက်အောက်ခံ ကုမ္ပဏီ Yangon Aerodrome ၊စင်ကာပူအခြေစိုက် PUMA Energy၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီ Asia Sun နှင့် မြတ်မေတ္တာမွန်ကုမ္ပဏီအုပ်စုတို့ဖြစ်သည်ဟု NUG၏ စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ချက်တွင်​ဖော်ပြထားသည်။

Yangon Aerodrome Company သည် Asia World ကုမ္ပဏီအုပ်စု၏ လက်အောက်ခံကုမ္ပဏီဖြစ်ပြီး ၎င်းကို ဦးထွန်းမြင်နိုင်က ပိုင်ဆိုင်ခြင်းဖြစ်သည်။ Asia Sun ကုမ္ပဏီသည် စင်ကာပူကုမ္ပဏီ PUMA Energy ၏ ပြည်တွင်းမိတ်ဖက်ကုမ္ပဏီဖြစ်ပြီး ဦးဝင်းကျော်ကျော်အောင်အပါအဝင် ဒါရိုက်တာ ၅ဦးဖြင့် ကုမ္ပဏီမှတ်ပုံတင်ထားခြင်းဖြစ်သည်။

ဦးထွန်းမြင့်နိုင်

မြတ်မေတ္တာမွန်ကုမ္ပဏီကို မြန်မာ့နိုင်ငံစက်သုံးတင်သွင်းဖြန့်ဖြူးရောင်းချသူများအသင်းအတွင်းရေးမှူး ဖြစ်သူ ဒေါက်တာဝင်းမြင့်က ပိုင်ဆိုင်ခြင်းဖြစ်ပြီး ၎င်းသည် ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ၏ လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးလည်းဖြစ်သည်။

ထိုကုမ္ပဏီများသည် စစ်ကောင်စီအတွက် လေယာဉ်ဆီတင်သွင်းရန် အားပေးကူညီပေးသည့် ကုမ္ပဏီများဖြစ်ကြောင်း NUG စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးမှ စီစစ်တွေ့ရှိရသည်ဟုလည်းပါရှိသည်။

ထို​​ကြောင့် အထက်ပါကုမ္ပဏီများ၏ စီးပွားရေးလုပ်ငန်းများနှင့် ဆက်စပ်ထုတ်ကုန်ပစ္စည်းများ၊ ဝန်ဆောင်မှုများအား ဝယ်ယူသုံးစွဲခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်း၊ သိုလှောင်ဖြန့်ဖြူးရောင်းချခြင်း၊ Business to Business ချိတ်ဆက်ဆောင်ရွက်ခြင်း၊ ငွေပေးငွေယူပြုလုပ်ခြင်း
အလျဉ်းမပြုလုပ်ကြရန် NUGက သတိပေးထားသည်။ ထိုလုပ်ရပ်များကိုလည်း အကြမ်းဖက်မှုစစ်ရာဇဝတ်မှုကျူးလွန်ရန် ထောက်ခံအားပေးသော လုပ်ရပ်များအဖြစ် သတ်မှတ်ကြောင်းလည်းပါရှိသည်။

​ဒေါက်တာဝင်းမြင့်

ယခုထုတ်ပြန်သည့် ကုမ္ပဏီများသည် စီးပွားရေးဆိုင်ရာ ထောက်လှမ်းရေး ညွှန်ကြားရေးမှူးရုံးက စစ်​ဆေးစုံစမ်းအတည်ပြုထားသည့် ကုမ္ပဏီများသာဖြစ်ပြီး စုံစမ်းစစ်​ဆေးဆဲ ကုမ္ပဏီများလည်းရှိသေးသည်ဟု NUGကဆိုထားသည်။ စစ်ဆေးတွေ့ရှိပါက ဆက်လက်ထုတ်ဖော်သွားမည်ဟုလည်း NUGက အသိ​ပေးထားသည်။

ထိုအပြင်အကြမ်းဖက်စစ်ကောင်စီကို ကူညီပေးနေသည့် လုပ်ငန်းများကို အရေးယူနိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သည်ဟုလည်း NUGကဆိုထားသည်။

အရပ်သားများကို လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခြင်းသည် စစ်ရေးလက္ခဏာမဟုတ်ဘဲ နိုင်ငံတကာစစ်ဥပဒေများနှင့် လက်နက်ကိုင်စစ်ရာဇဝတ်မူများကို ကျူးလွန်ဖောက်ဖျက်ခြင်းဖြစ်သည်ဟုလည်း NUGကထုတ်ပြန်သည်။

အကြမ်းဖက်စစ်​ကောင်စီတပ်သည် ၎င်းတို့အထိ့နာပါက ​အရပ်သားပြည်သူများကိုပင် ​လေ​ကြောင်းမှ တိုက်ခိုက်လျှက်ရှိပြီး ကရင်နီပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း၊မ​ကွေးတိုင်းတို့တွင် ​လေ​ကြောင်းတိုက်မှုများပြုလုပ်ခဲ့သည်။