မကွေးတိုင်း မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား နှစ်ရက်ဆက်တိုက် သုံးကြိမ်တိုင် ခုခံတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများနိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်သည်။
မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့သည် မတ်လ ၅ ရက် မွန်းလွဲ ၁ နာရီခန့်က ကျားတက်-လင်းကတောလမ်းပေါ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ၈ စီးပါ ယာဥ်တန်းအား မိုင်းအလုံး ၃၀ဖြင့်တိုက်ခိုက်ခဲ့ရာ ကား ၂စီး ပျက်စီးကာ အကြမ်းဖက်စစ်သားအများအပြား ထိခိုက်သေဆုံးနိုင်ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးသည်။
ယမန်နေ့(မတ်လ ၆ ရက်)နေ့လယ် ၁ နာရီခွဲခန့်ကလည်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ အဖွဲ့ခွဲ မြေခွေး ပြောက်ကျားတပ်ဖွဲ့မှ မြိုင်မြို့ အနောက်ဖက် ပြည်သူများအား ဒုက္ခပေးနေသော အကြမ်းဖက်စစ်တပ် ၏ စစ်ဆေးရေးဂိတ်အား ပြောက်ကျားဝင်ရောက်ပစ်ခတ်ရာ အကြမ်းဖက်စစ်သား နှစ်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိသွားကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောသည်။
ထို့အပြင် ယမန်နေ့ ညနေ ၃ နာရီခန့်တွင်လည်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ ရွှေဓါးဗိုလ်နှင့် KG တပ်ဖွဲ့သည် ပခုက္ကူလမ်း စီမံခန့်ခွဲရေးရုံးတွင် တပ်စွဲနေသော အကြမ်းဖက်စစ်တပ်အား လက်လုပ်လက်နက်ကြီးများဖြင့် တိုက်ခိုက်ရာ ၆လုံး ထိရောက်စွာ ပစ်ခတ်နိုင်ခဲ့ပြီး အထိအခိုက်စုံစမ်းဆဲဖြစ်ကြောင်း၊ တိုက်ခိုက်မှု သုံး ကြိမ်လုံးတွင် ပြည်သူ့ဘက်တော်သားများ အထိအခိုက်မရှိ အောင်မြင်စွာဆုတ်ခွာနိုင်ခဲ့ကြောင်း မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထုတ်ပြန်သည်။

Public Service Announcement
“သူတို့ဘက်က ပြန်လည်ပစ်ခတ်တာတွေရှိတယ်။ ရဲဘော်တွေထိခိုက်ကျဆုံးတာမရှိပါဘူး”ဟု မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူက ပြောသည်။
ပြည်သူများအနေဖြင့် စစ်ကောင်စီတပ်သားများနှင့် နီးကပ်စွာမနေကြရန် မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က မေတ္တာရပ်ခံထားသည်။


















































