ရန်ကုန်မြို့ ဒဂုံမြို့သစ်မြောက်ပိုင်းရှိ မြို့မရဲသင်တန်းကျောင်းနှင့် လှိုင်မြို့နယ်(၃)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့ကို ယနေ့(မတ် ၇ရက်)ညတွင် တိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များက ထုတ်ပြန်သည်။
ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၃၆)ရပ်ကွက် ဗိုလ်ဆွန်ပက်လမ်းနှင့် မန်းဘခိုင်လမ်းထောင့်ရှိ မြို့မရဲ သင်တန်းကျောင်းကို ည ၇ နာရီအချိန်ခန့်တွင် လက်ပစ်ဗုံး ၊၄၀(မမ) တို့ဖြင့်တိုက်ခိုက်ခဲ့ခြင်းဖြစ် ကြောင်း ပြည်သူ့အင်အားစု People’s force က သတင်းထုတ်ပြန်သည်။
ကနဦး လက်ပစ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကာ ရဲများထွက်လာချိန်၌ ၄၀ (မမ)ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ဆင်ရေး၁၅ မိနစ်ကြာမြင့်ကာသင်တန်း ဆင်းပွဲအကြိုလေ့ကျင့်နေစဉ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ရာ စစ်ကောင်စီဖက်မှ အကျအဆုံးများနိုင်ကြောင်း People’s force က ဆိုသည်။
“ပေါက်ကွဲတဲ့ အသံက ငါးချက်ထက်မနည်း ကြားရတာ။နောက်ဆုံး တစ်ချက်က တော်တော့်ကို ကျယ်တယ်။ည ၈ နာရီကျော်လောက် စစ်ခွေးကားတွေ သင်တန်းကျောင်းနား တစ်ဝိုက်ဝင်လာတယ်။သေတာ၊ထိခိုက်တာတော့ မသိရသေးဘူး”ဟု (၃၆) ရပ်ကွက်နေသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ပစ်ခတ်မှုဖြစ်ပွားစဉ် ပြည်သူ့ကားတန်းများရပ်တန့်သွားသဖြင့် ပြည်သူများဘေးကင်းစေရန် ရည်ရွယ်ပြီး အဆိုပါ စစ်ဆင်ရေးကို တစ်ဝက်ဖြင့် ရပ်တန့်လိုက်ကြောင်းလည်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ထို့အပြင် လှိုင်မြို့နယ် (၃)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ည ၉နာရီခန့်တွင် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း တရားမျှတမှုယူဆောင်သူအဖွဲ့( Justice Bringer Force- JBF)က ထုတ်ပြန်သည်။
“ပြည်သူတွေကို စစ်ခွေးတွေနဲ့ပေါင်းပြီး ဖမ်းဆီးခြင်း ၊ခြိမ်းခြောက်ခြင်း ၊ အကြပ်ကိုင်ခြင်း ၊ ငွေညှစ်ခြင်းများကို လုပ်ဆောင်နေတဲ့အပြင် မီးခွန် ရေခွန်များကို အတင်းတောင်းခံနေတဲ့ ဌာနဖြစ်တာကြောင့် ကျွန်တော်တို့ အနေနဲ့တိုက်ခိုက်ရခြင်းဖြစ်ပါတယ်” ဟု JBF အဖွဲ့မှတာဝန်ရှိသူတစ်ဦးက ပြောသည်။
အဆိုပါတိုက်ခိုက်မှုကြောင့် ရုံးအဆောက်အဦးပျက်ဆီးခဲ့ကြောင်း JBF က ဆိုသည်။
JBF အဖွဲ့အနေဖြင့် ယမန်နေ့ကလည်း အကြမ်းဖက်စစ်ကောင်စီကို လေယာဉ်ဆီတင်သွင်းနေသည့် Golden Myanmar လေကြောင်းလိုင်းပိုင်ရှင် CB ဘဏ်ဥက္ကဌကို သတိပေးသည့်အနေဖြင့် CB Bank ATM တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။


















































