Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခွဲထွက်ရေးအဖွဲ့နဲ့ စစ်သွေးကြွတွေ ပူးပေါင်းပြီး မာလီအနှံ့မှာ တိုက်ခိုက်၊ ကာကွယ်ရေးဝန်ကြီး သေဆုံး

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

နိုင်ငံအနှံ့မှာ ခွဲထွက်ရေး အင်အားစုတွေနဲ့ ဂျီဟတ်ဝါဒီ စစ်သွေးကြွတွေရဲ့ အချိတ်အဆက်မိမိ တိုက်ခိုက်မှုတွေအတွင်း ကာကွယ်ရေးဝန်ကြီး သေဆုံးခဲ့ကြောင်း မာလီ အစိုးရက အတည်ပြုခဲ့ပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်ကုန်က မာလီနိုင်ငံရဲ့ ဒေသတချို့မှာ လုံခြုံရေး တပ်ဖွဲ့ဝင်တွေနဲ့ အစိုးရ အရာရှိတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေ နှစ်ရက်ဆက်တိုက် ဖြစ်ပေါ်ခဲ့ပါတယ်။ ဧပြီ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ တိုက်ပွဲတွေ စတင်ခဲ့ပြီး နောက်တစ်နေ့မှာလည်း နိုင်ငံရဲ့ စစ်ရေး၊ အုပ်ချုပ်ရေး အချက်အခြာ နယ်မြေတွေကို ဆက်ပြီး ပစ်မှတ်ထား ခံခဲ့ရတယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။

မြို့တော် ဘာမာကိုမှာ ရှိနေတဲ့ ကာကွယ်ရေး ဝန်ကြီး ဆာဒီယို ကာမာရာရဲ့ နေအိမ်ကတော့ ဧပြီ ၂၅ ရက်နေ့တုန်းက အသေခံ ကားဗုံးဖောက်ခွဲမှု တစ်ခုနဲ့ ကြုံတွေ့ခဲ့ပြီး ကာမာရာ သေဆုံးသွားခဲ့ကြောင်း အစိုးရ သတင်းဌာနက ကြေညာခဲ့ပါတယ်။ စစ်တပ် အကြီးအကဲ ဗိုလ်ချုပ်ကြီး အဆာမီ ဂွိုင်တာရဲ့ နေအိမ်ကိုလည်း လက်နက်ကိုင်တွေက ပစ်မှတ်ထားခဲ့တာကြောင့် သူ့ကို ဘေးကင်းလုံခြုံတဲ့ တစ်နေရာဆီ အရေးပေါ် ရွှေ့ပြောင်းပေးထားရကြောင်း သိရပါတယ်။

အခုတိုက်ခိုက်မှုတွေဟာ မာလီအစိုးရကို ဆန့်ကျင်နေတဲ့ လက်နက်ကိုင် အင်အားစု နှစ်ခုကြား မကြုံစဖူး ပူးပေါင်းလုပ်ဆောင်လာတာ ဖြစ်ပါတယ်။ အယ်လ်ကိုင်ဒါ အကြမ်းဖက် အဖွဲ့နဲ့ ပတ်သက် ဆက်နွှယ်နေတဲ့ ဂျမတ်နူစ်ရတ် အယ်လ် အစ္စလာမ်ဝယ်လ် မူစလီမင် အဖွဲ့ (JNIM)နဲ့ ခွဲထွက်ရေး ပြောက်ကျားတွေဖြစ်တဲ့ အက်ဇာဝက် လွတ်မြောက်ရေး တပ်ဦး (FLA)တို့ ပူးပေါင်းပြီး စစ်ရေးနဲ့ အုပ်ချုပ်ရေး အချက်အခြာ နေရာတွေကို အချိတ်အဆက်မိမိ တပြိုင်တည်းလိုလို တိုက်ခိုက်ခဲ့ကြတာပါ။

Public Service Announcement

Public Service Announcement

ဒါဟာ မာလီအတွက် နှစ်ပေါင်းအတော်များများအတွင်း အဆိုးရွားဆုံး တွေ့ကြုံလာတဲ့ ဟန်ချက်ညီ တိုက်ခိုက်မှုမျိုး ဖြစ်တယ်လို့လည်း စစ်ရေး သုတေသီတွေက ပြောပါတယ်။ စစ်ဆင်ရေးအတွင်း နိုင်ငံမြောက်ပိုင်းက စစ်ရေးအရ အချက်အခြာကျတဲ့ ကီဒဲလ်မြို့ တစ်ခုလုံးနီးပါးကိုလည်း သိမ်းယူနိုင်ခဲ့ပြီး ဖြစ်တယ်လို့ FLAက ထုတ်ပြန်ခဲ့ပါတယ်။ ပြီးတော့ မာလီအစိုးရက ငှားရမ်းပြီး ဖြန့်ကျက်ထားတဲ့ ရုရှား ကြေးစားတပ်တွေက ကီဒဲလ်ကနေ အသာတကြည် ဆုတ်ခွာပေးဖို့ သဘောတူထားပြီးပြီလို့လည်း FLAက ဆိုပါတယ်။

ကာကွယ်ရေး ဝန်ကြီးရဲ့ နေအိမ်ကို တိုက်ခိုက်မှုကတော့ JNIMရဲ့ လက်ချက်ဖြစ်ပြီး ကာမာရာနဲ့အတူ မိသားစုဝင် သုံးဦးထက် မနည်းလည်း အသက်ဆုံးရှုံးခဲ့တယ်လို့ သိရပါတယ်။ ဖောက်ခွဲရေး ပစ္စည်းတွေ အများအပြား တင်ဆောင်လာတဲ့ ထရပ်ကားဟာ ဝန်ကြီးရဲ့ နေအိမ်ကို ဝင်တိုက်ပြီး အကြီးအကျယ် ပေါက်ကွဲခဲ့ကြောင်း၊ အဲဒီဖြစ်ရပ်အပြီး နေအိမ်ထဲ ဝင်စီးဖို့ ကြိုးစားတဲ့ လက်နက်ကိုင်တွေနဲ့ အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး တချို့ကို သုတ်သင်နိုင်ခဲ့ကြောင်း၊ ဒဏ်ရာ အပြင်းရထားတဲ့ ဝန်ကြီးကို ဆေးရုံတင်ပို့ခဲ့ပေမယ့် နာရီပိုင်း အကြာမှာ ကွယ်လွန်သွားကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိက ဆိုပါတယ်။

တိုက်ပွဲတွေဟာ ဘာမာကိုနဲ့ အနီးမှာရှိတဲ့ ကာတီမြို့၊ နိုင်ငံမြောက်ပိုင်းမှာ တည်ရှိပြီး စစ်ရေးအရ အထူးအချက်အခြာကျတဲ့ ကီဒဲလ်မြို့၊ နိုင်ငံ အလယ်ပိုင်းက မော့ပ်တီနဲ့ ဆီဗာရီမြို့တွေမှာ ပျံ့နှံ့ ဖြစ်ပွားခဲ့ပါတယ်။

မြောက်ပိုင်းက တူရက်ဂ်ပြည်နယ် ခွဲထွက်ရေးအတွက် လှုပ်ရှားနေတဲ့ FLAဟာ နိုင်ငံမြောက်ပိုင်းမှာ စစ်ဆင်ရေးတွေ အဓိက ဆင်နွှဲပြီး JNIMကတော့ နိုင်ငံအလယ်ပိုင်းအပြင် တခြားအစိတ်အပိုင်းတွေမှာပါ ဖြန့်ကျက်ပြီး တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

ကီဒဲလ်ကို အလုံးစုံနီးပါး ထိန်းချုပ်ထားကြောင်း FLAက ကြေညာပေမယ့် မာလီ စစ်တပ်ကတော့ ကီဒဲလ်အပြင် ကာတီနဲ့ တခြားနေရာတွေမှာ ဧပြီ ၂၆ ရက် ညပိုင်းထိ တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဆက်လက် ဖြစ်ပွားနေကြောင်း ထုတ်ပြန်ပါတယ်။ မာလီ အစိုးရကလည်း အခုလို ရန်လို တိုက်ခိုက်လာတဲ့ လုပ်ရပ်မျိုးတွေကို ဘယ်နည်းနဲ့မှ အလွတ်ပေးမှာ မဟုတ်ဘဲ လက်တုံ့ပြန်မယ်လို့ ကြေညာထားပါတယ်။

ကိုးကား: BBC

ဓာတ်ပုံ – AFP

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

အီရန်က လေ့ကျင့်ပေးထားတဲ့ အသေခံဗုံးခွဲ လင်းပိုင်တွေ အသုံးပြုပြီး အမေရိကန်ကို တိုက်ခိုက်နိုင်ကြောင်း ခန့်မှန်း သတင်းတွေကို အမေရိကန် ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်က ပယ်ချသွားခဲ့ပါတယ်။

နိုင်ငံတကာ

အမေရိကန် လွှတ်တော် ကြားနာမှု အစီအစဉ်မှာ ကာကွယ်ရေး ဝန်ကြီး ပိထ်ဟက်ဂ်ဆက်သ်ဟာ အီရန်စစ်ပွဲကိစ္စကို အကြောင်းပြုပြီး လွှတ်တော် အမတ်တွေနဲ့ နှစ်ရက်ဆက်တိုက် အခြေအတင် ငြင်းခုံခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားမှာ အီရန် ဆိပ်ကမ်းတွေကို အချိန်အကြာကြီး ဆက်လက် ပိတ်ဆို့ထားနိုင်စွမ်း ရှိနေကြောင်းနဲ့ လိုအပ်လာရင် အီရန်ရဲ့ စွမ်းအင်ဆိုင်ရာ အခြေခံ အဆောက်အအုံတွေကို တိုက်ခိုက်ဖို့လည်း အသင့်ရှိနေကြောင်း အမေရိကန် ကာကွယ်ရေး ဝန်ကြီးက ခြိမ်းခြောက် ပြောကြားလိုက်ပါတယ်။