Connect with us

Hi, what are you looking for?

News

ဒေါ်အောင်ဆန်းစုကြည်ကို အဂတိမှုနဲ့ ထောင်ဒဏ် ၅ နှစ်ထပ်ချ၊ စွဲဆိုထားတဲ့အမှု ၁၇ မှုအနက် ၆ မှုအတွက် စုစုပေါင်း ထောင်ဒဏ် ၁၁ နှစ်ထိချထား

ထောင်ဒဏ်ချထားပြီးဖြစ်တဲ့ အမှုတွေကတော့ ဆူပူအောင်လှုံဆော်မှု ၊တရားမဝင် ဆက်သွယ်ရေးပစ္စည်းကိုင်ဆောင်မှု ၊တရားမဝင်ဆက်သွယ်ရေးပစ္စည်းတင်သွင်းမှု ၊ကိုဗစ်စည်းကမ်းချိုးဖောက် ၊ အဂတိမှုတွေပဲဖြစ်ပါတယ်။

ရွှေချောင်းနဲ့ဒေါ်လာတွေ လာဘ်ယူတယ်ဆိုပြီး အဂတိပုဒ်မနဲ့ စွပ်စွဲကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ဒီနေ့မှာ ထောင်ဒဏ် ၅ နှစ်ချလိုက်ပါတယ်။

နေပြည်တော်အထူးတရားရုံးက ဒေါ်အောင်ဆန်းစုကြည် ကို အဂတိပုဒ်မ ၅၅ နဲ့ ထောင်ချလိုက်တာပါ။

ဒီအမှုဟာအာဏာသိမ်းတဲ့ရက်မနက်ပိုင်းကတည်းက ဖမ်းဆီးခံထားရတဲ့ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ရဲ့ ထွက်ဆိုချက် အပေါ် မူတည်ပြီး တရားစွဲတာဖြစ်ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ထွက်ဆိုချက်မှာ ဝန်ကြီးချုပ်တာဝန်ထမ်းဆောင်ချိန်က ရန်ကုန်တိုင်းကလုပ်ငန်းတွေကိုကာကွယ်ပေးဖို့နဲ့စောင့်ရှောက်ပေးဖို့ အမေရိကန်ဒေါ်လာ ခြောက်သိန်း နဲ့အကယ်ဒမီရွှေ ၇ ပိသာ ပေးခဲ့ရတယ်လို့ ပါရှိတာပါ။

Public Service Announcement

Public Service Announcement

ဒီထွက်ဆိုချက်ကိုအကြောင်းပြကာ စစ်ကောင်စီက ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ဒဏ် ၁၅ နှစ်ထိချလို့ရတဲ့ အဂတိပုဒ်မနဲ့ တရားစွဲတာဖြစ်ပါတယ်။

ဒီအမှုမှာ တရားလိုပြသက်သေအဖြစ် ဦးဖြိုးမင်းသိန်း ၊ ဦးဖြိုးမင်းသိန်းရဲ့ ဇနီး ဒေါ်ခင်မိမိကြွယ် ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့အိမ်အကူ မဝေဝေသန်း ၊ ဦးဖြိုးမင်းသိန်းရဲ့ ယာဉ်မောင်း ၊ဦးဖြိုးမင်းသိန်း ရန်ကုန်တိုင်းဝန်ကြီးချုပ် တာဝန်ယူချိန်က အနီးကပ်တာဝန်ယူရတဲ့ ရဲတွေ ကို စစ်ကောင်စီက သက်သေစာရင်းသွင်းခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ တရားခွင်ထွက်ဆိုချက်ဟာ စစ်ကောင်စီရဲ့သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြတဲ့ ရုပ်သံဖိုင်ထဲက အတိုင်းဖြစ်ပါတယ်။

ဒေါ်ခင်မိမိကြွယ်ကလည်း သူ့ခင်ပွန်းရဲ့တောင်းဆိုချက်အရ ရွှေနဲ့ဒေါ်လာတွေ စီစဉ်ပေးခဲ့ဖူးတယ်လို့ တရားခွင်မှာ ထွက်ဆိုပါတယ်။

ဦးဖြိုးမင်းသိန်းရော ဇနီးဖြစ်သူ ဒေါ်ခင်မိမိကြွယ်ပါ တရားခွင်ကိုလာရောက်ထွက်ဆိုချိန်က ဒေါ်အောင်ဆန်းစုကြည်ဘက်ကို ငဲ့စောင်းကြည့်တာမျိုးမရှိဘဲ တရားခွင်ကို ခေါင်းလေးငုံကာ ကုပ်ကုပ်လေးဝင်လာတာမျိုးတွေ့ရတယ်လို့ တရားရုံးအသိုင်းအဝိုင်းကနေ သိရပါတယ်။

တရားခွင်မှာ ထွက်ဆိုချိန်က နှစ်ဦးလုံး စိတ်ပိုင်းဆိုင်ရာ နွမ်းနယ်နေပုံရတယ်လို့လည်း သိရပါသေးတယ်။

တခြားသော သက်သေတွေရဲ့ထွက်ဆိုချက်တွေကို စစ်ကောင်စီက ရှေ့နေတွေကို သတင်းမီဒီယာ ပြောဆိုခွင့် ပိတ်ပင်လိုက်တဲ့အတွက် အသေးစိတ်မသိခဲ့ရပါဘူး။

စွပ်စွဲခံရတဲ့ဒေါ်အောင်ဆန်းစုကြည်ကတော့ ဦးဖြိုးမင်းသိန်းလာရောက်ထွက်ဆိုတဲ့ တရာခွင်မှာကတည်းက စွပ်စွဲချက်တွေဟာ အခြေအမြစ်မရှိဘူးလို့ ရှေ့နေတွေကို သတင်းစကားပါးခဲ့ပါတယ်။

ဒါအပြင် လာဘ်ယူတာမရှိတဲ့အတွက် တရားခွင်မှာ အပြစ်မရှိကြောင်းလည်း ထုချေထားပါတယ်။

ဒီလို ဒေါ်အောင်ဆန်းစုကြည်ကို အဂတိပုဒ်မ နဲ့စွပ်စွဲချက်အပေါ် ရှေ့နေအဖွဲ့ က ဝါရင့် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ” စွပ်စွဲသူတွေတွေဟာ ပက်လက်လှန်ပြီး တံတွေးထွေးနေကြတာပါပဲ” လို့ မြန်မာနောင်းမ်မီဒီယာကို မှတ်ချက်ပေးဖူးပါတယ်။

အသက် ၇၆ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကိုစစ်အုပ်စုဟာ အာဏာသိမ်းပြီး တစ်နှစ်အတွင်း အမှုပေါင်း ၁၇ မှုနဲ့ တရားစွဲဆိုခဲ့တာပါ။

ဒီအမှုတွေ မှာ စွဲဆိုထားတဲ့ ပုဒ်မတွေရဲ့ ပြစ်ဒဏ်ပြဌာန်းချက်တွေအရ စုစုပေါင်း ထောင်ဒဏ် နှစ် ၁၆၀ ကျော် ချလို့ရလို့ရတာတွေ့ရပါတယ်။

ဒီနေ့အမိန့်ချတဲ့အဂတိမှုမတိုင်ခင်က အမှု ၅ မှုနဲ့ဒေါ်အောင်ဆန်းစုကြည်ကိုထောင်ဒဏ် ၆ နှစ်ချထားပြီးဖြစ်ပါတယ်။

ဒါကြောင့်လက်ရှိအချိန်ထိတော့ အဲဒီအမှု ၁၇ မှုထဲက အမှု ၆ မှုနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီဟာ ထောင်ဒဏ် စုစုပေါင်း ၁၁ နှစ်ထိချထားပြီးပါပြီ။

ထောင်ဒဏ်ချထားပြီးဖြစ်တဲ့ အမှုတွေကတော့ ဆူပူအောင်လှုံဆော်မှု ၊တရားမဝင် ဆက်သွယ်ရေးပစ္စည်းကိုင်ဆောင်မှု ၊တရားမဝင်ဆက်သွယ်ရေးပစ္စည်းတင်သွင်းမှု ၊ကိုဗစ်စည်းကမ်းချိုးဖောက် ၊ အဂတိမှုတွေပဲဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မိခင် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးအတွက် မိခင်ရဲ့ နာမည် ၊ အကြောင်းအရာတွေကို ပြောပြီး ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ်‌(ခ)ကိုထိန်လင်းက တောင်းဆိုထားပါတယ်။

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ပြည်ပရောက်မြန်မာတွေ စုပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွတ်မြောက်ရေးနဲ့ မြန်မာစစ်အာဏာရှင်ဆန့်ကျင်ရေး စက်တင်ဘာ ၈ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

Proof Of Life ကမ်ပိန်းရဲ့ နောက်တစ်ဆင့်အနေနဲ့ မိခင်ဖြစ်သူဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေးတောင်းဆိုမယ့် Free Her လှုပ်ရှားမှုမှာ ပြည်သူတွေ ဆက်လက်ပါဝင်ပေးကြဖို့ သားဖြစ်သူ ကင်မ်အဲရစ် (ခ)ကိုထိန်လင်းက တိုက်တွန်းထားပါတယ်။

သတင်း

သြစ​တြေးလျနဲ့ တောင်ကိုရီးယားနိုင်ငံမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဥ်းသားတွေ လွှတ်ပေးရေးနဲ့ ရေဘေးသင့်ပြည်သူတွေအတွက် ရေဘေးရန်ပုံငွေစျေးရောင်းပွဲတို့ကို ဒီက​နေ့ (သြဂုတ် ၃၀) ပြုလုပ်ခဲ့ပါတယ်။