▪︎အူရီဒူးဆက်သွယ်ရေးကုမ္ပဏီထပ်မံထွက်ခွာ၊ ဒေါ်လာ ၅၇၆ သန်းနဲ့ အရောင်းအ၀ယ်ဖြစ်
ကာတာအခြေစိုက် အူရီဒူးကုမ္ပဏီက အူရီဒူး(မြန်မာ)ကို အမေရိကန်ဒေါ်လာ ၅၇၆သန်းနဲ့ စင်ကာပူအခြေစိုက်ကုမ္ပဏီ Nine Communications ကို ရောင်းချလိုက်တယ်လို့ ဒီနေ့ကြေညာပါတယ်။ စစ်တပ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ တခုတည်းသာကျန်ရှိတော့တဲ့ နိုင်ငံတကာဆက်သွယ်ရေးကုမ္ပဏီ အူရီဒူးဟာ နော်ဝေးမိုဘိုင်းအော်ပရေတာ တယ်လီနောထွက်ခွာပြီးနောက် ထပ်မံထွက်ခွာသွားတဲ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Nine Communications ဟာ မြန်မာနိုင်ငံသား ဦးဉာဏ်ဝင်းနဲ့ Link Family ကပိုင်ဆိုင်ထားတယ်လို့ဆိုပါတယ်။ စုစုပေါင်း ရင်းနှီးမြှပ်နှံမှု ရှယ်ယာတန်ဖိုး ဒေါ်လာ ၁၆၂ သန်းနဲ့အတူ လုပ်ငန်းတန်ဖိုး ဒေါ်လာ ၅၇၆ သန်းရှိတဲ့ အရောင်းအဝယ် သဘောတူညီချက်ဖြစ်တယ်လို့ သိရပါတယ်။

▪︎အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေမလုပ်ဖို့ စစ်ကောင်စီကို စင်ကာပူနဲ့ဖိလစ်ပိုင် သတိပေး
အမျိုးသားပြန်လည်သင့်မြတ်ရေးကို အန္တရာယ်ဖြစ်စေမယ့် လုပ်ရပ်တွေကို ရှောင်ရှားဖို့ စစ်ကောင်စီကို စင်ကာပူဝန်ကြီးချုပ်နဲ့ ဖိလစ်ပိုင်သမ္မတတို့က ပူးတွဲသတိပေးလိုက်ပါတယ်။ အာဆီယံအထူးကိုယ်စားလှယ်ရဲ့ ကြိုးပမ်းချက်ကို ပူးပေါင်းဆောင်ရွက်မှုမရှိတာ အပါအဝင် မြန်မာစစ်အာဏာပိုင်တွေက အာဆီယံ သဘောတူညီချက် ၅ ရပ်နဲ့ပတ်သက်လို့ ကတိမတည်တာ၊ တိုးတက်မှုနှေးကွေးတာတွေအပေါ် အလွန်စိတ်ပျက်တယ်လို့လည်း ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။ မြန်မာ့အရေးနဲ့ပတ်သက်လို့ အလွန်စိုးရိမ်နေတဲ့ စင်ကာပူနဲ့ ဖိလစ်ပိုင် ခေါင်းဆောင်နှစ်ဦးဟာ နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နဲ့ နိုင်ငံခြားသားတွေအပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးကို ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်။

▪︎ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ရေးဆွဲတဲ့သစ်ထွင်းပန်းချီ ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော် ရရှိ
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ကိုထိန်လင်းရေးဆွဲတဲ့ သစ်ထွင်းပန်းချီ ဆန်ရေပရော့ဂျက်ကနေ ရံပုံငွေ အမေရိကန်ဒေါ်လာ ၁ ဒဿမ ၇ သန်းကျော်ရရှိခဲ့ တယ်လို့ အစီအစဥ်ဦးဆောင်သူ မပန်ဆယ်လိုက ပြောပါတယ်။ အဲဒီဆန်ရေပရော့ဂျက်ရဲ့ ပေါက်မဲနံပတ်နှိုက်ခြင်းနဲ့ ကံထူးရှင်ရွေးချယ်ပွဲကို မနေ့ညပိုင်းက အွန်လိုင်းကနေ ကိုထိန်လင်းကိုယ်တိုင် မဲနှိုက်ရွေးချယ်ပေးခဲ့ရာ မဲနံပါတ် (၀၈၆၈၄)နဲ့ အမေရိကန်နိုင်ငံက ဝယ်ယူသူတစ်ဦး ကံထူးရှင်ဖြစ်သွားခဲ့ပါတယ်။ အဲဒီဆန်ရေပရော့ဂျက်ကနေ ရရှိလာတဲ့ ရံပုံငွေတွေကို မြန်မာနိုင်ငံသူနိုင်ငံသားများအတွက် လိုအပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ဖို့ ကိုထိန်လင်းက လှူဒါန်းထားပါတယ်။

Public Service Announcement

▪︎မလေးရှားနိုင်ငံခြားရေး၀န်ကြီး အရပ်ဘက်အဖွဲ့တွေနဲ့ တွေ့ဆုံ
မလေးရှားနိုင်ငံခြားရေး၀န်ကြီး Saifuddin Abdullah ဟာ အရပ်ဘက်အဖွဲ့အစည်း ၆ ဖွဲ့နဲ့ အွန်လိုင်းကနေ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ မနေ့က တွေ့ဆုံခဲ့မှုမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး နောင်မှာ ဆက်လက်ထိတွေ့ဆက်ဆံဖို့အပြင် အာဆီယံအနေနဲ့လည်း ဆွေးနွေးမှုတွေဖြစ်ပေါ်လာဖို့ မလေးရှားနိုင်ငံခြားရေး၀န်ကြီးက ပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီ ကျုးလွန်နေတဲ့ စစ်ရာဇ၀တ်မှုတွေနဲ့ပတ်သက်လို့ အရပ်ဘက်အဖွဲ့တွေက ဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ဗမာလူ့အခွင့်အရေးကွန်ယက်(BHRN)၊ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO)၊ ကရင်လူ့ အခွင့်အရေးအဖွဲ့(KHRG)၊ မြန်မာယဥ်ကျေးမှုသုတေသနအဖွဲ့(MCRS)၊ ရှေ့ပြေးအသံ(Progressive Voice) နဲ့ ဗမာအမျိုးသမီးများအဖွဲ့ချုပ်(WLB ) တို့ဖြစ်ပါတယ်။

▪︎ညာမူမှာ (၇၄)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကျင်းပ
(၇၄)နှစ်မြောက် ကရင်နီအမျိုးသားအာဇာနည်နေ့ကို တလယ်ဒူဆို(ခေါ်)ညာမိုမှာ ကျင်းပခဲ့တယ်လို့ ကရင်နီတပ်မတော်(KA)က ထုတ်ပြန်ပါတယ်။ ဒီနေ့ကျရောက်တဲ့ နှစ်(၇၄)ပြည့် ကရင်နီအမျိုးသားအာဇာနည်နေ့ကို ကရင်နီထိန်းချုပ်ရာနယ်မြေဖြစ်တဲ့ တလယ်ဒူဆို (ခေါ်)ညာမိုမှာ ဒီနေ့မနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့တာဖြစ်ပြီး အခမ်းအနားသို့ ကရင်နီထိပ်ပိုင်း ခေါင်းဆောင်များအပါအဝင် ဌာနအသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ တပ်ဗိုလ်၊တပ်မှူးများ တက်ရောက်ခဲ့ကြပါတယ်။ လွိုင်ကော်မြို့မှာလည်း ကရင်နီအာဇာနည်နေ့ ပြုလုပ်ခဲ့ပြီး ကရင်နီတပ်မတော် KA၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)၊ လွိုင်ကော် PDF နဲ့ အခြားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအပြင် ပြည်သူတွေလည်း တက်ရောက်ခဲ့တယ်လို့ သိရပါတယ်။

●စစ်ကောင်စီအပေါ်ခုခံတော်လှန်စစ်ပွဲတွေ
▪︎တပ်မ(၈၈)စစ်ကြောင်းကို KIA မိုင်းဆွဲတိုက်ခိုက်၊ စစ်ကောင်စီတပ် ရှစ်ဦးသေ လေးဦး ဒဏ်ရာရ
ကချင်ပြည်နယ် ဖားကန့်မြို့နယ် ဝါရာဇွပ်ရွာအနီးမှာ စစ်ကောင်စီတပ်ရဲ့ တပ်မ (၈၈)စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ ရှစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ မနေ့မနက်ပိုင်းက KIA ဟာ မိုင်း ၅လုံးနဲ့ တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနစ်ဦး နေရာမှာ သေဆုံးပြီး ငါးဦး ဒဏ်ရာရကာ တစ်ဦးက လမ်းမှာ ထပ်မံသေဆုံးခဲ့တာလို့ ဆိုပါတယ်။
▪︎မြေပုံနတလရုံး မိုင်းခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်အရာရှိ နှစ်ဦးသေဆုံးနိုင်
ရခိုင်ပြည်နယ် မြေပုံမြို့ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးတိုးတက်ရေးရုံး(နတလ)မှာ တပ်စွဲနေတဲ့ စစ်ကောင်စီတပ်ကို ရက္ခိုင့်တပ်တော်(AA)က မနေ့ မနက်ပိုင်းမှာ မိုင်းခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်သူများအတွင်း အရာရှိ နှစ်ဦး ပါဝင်တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ အင်အား ၄၀ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းဟာ နတလရုံးကို လာရောက်တပ်စွဲပြီး နာရီဝက်ခန့်အကြာမှာ AA က မိုင်း လေးလုံးဖောက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
▪︎ကရင်နီမှာ တစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံး
ကရင်နီပြည်နယ်မှာ စက်တင်ဘာ ပထမအပတ် တိုက်ပွဲများအတွင်း အကြမ်းဖက်စစ်ကောင်စီတပ်သား ၁၈ ဦးသေဆုံးကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF )က ဒီနေ့ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့တို့မှာ တပ်အင်အား ဖြည့်တင်းကာ စစ်ကြောင်းထိုးနေပြီး ယာဥ်တန်းတွေနဲ့ ရိက္ခာပို့နိုင်ဖို့ ကြိုးစားနေပါတယ်။ လက်ရှိမှာတော့ မိုးဗြဲမှာ တိုက်ပွဲပြင်းထန်နေပါတယ်။ အကြမ်းဖက်စစ်ကောင်စီဘက်က မိုးဗြဲမြို့ လူနေရပ်ကွက်ထဲဝင်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေတယ်လို့ဆိုပါတယ်။
ဒါကြောင့် ပြည်သူတွေအနေနဲ့ လုံခြုံစိတ်ချရတဲ့နေရာမှာ နေပေးဖို့နဲ့ ခရီးသွားပြည်သူတွေအနေနဲ့ မိုးဗြဲလမ်းပိုင်းကို အသုံးမပြုသေးဖို့ အသိပေးထားပါတယ်။ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်ကောင်စီတပ်သားတွေဟာ ဖရူဆို၊ ဒီမော့ဆို၊ ဘောလခဲ၊ ဖယ်ခုံမြို့ တိုက်ပွဲတွေမှာ သေဆုံးခဲ့တာဖြစ်ပါတယ်။
▪︎စစ်ကောင်စီအရာရှိလိုက်ပါလာတဲ့ ယာဥ်တန်းကို Operation Momo မိုင်းဖောက်ခွဲတိုက်ခိုက်
စစ်ကိုင်းတိုင်း ကလေးမြို့ပေါ်မှာ စစ်ကောင်စီအရာရှိလိုက်ပါလာတဲ့ ယာဥ်တန်းကို ဒီနေ့မနက်ပိုင်းက မိုင်းနဲ့ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ယာဥ်တစ်စီးထိမှန်ပျက်စီးသွားတယ်လို့ ကလေးပြည်သူ့ကာကွယ်ရေးအဖွဲ့ – PDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီ ယာဥ်နှစ်စီးကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးအဖွဲ့ OperationMomoအဖွဲ့က ဖောက်ခွဲတိုက်ခိုက်ခဲ့ တာဖြစ်ပြီး ကားတစ်စီးတည့်တည့်ထိမှန်ကာ ခြုံကွယ်နေတာကြောင့် သေဆုံးမှုအရေအတွက်ကို မသိရဘူးလို့ ဆိုပါတယ်။
▪︎စစ်ကောင်စီတပ်ကြောင့်ဒီပဲယင်းကွဲရွာရှိဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ပျက်စီး
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာမှာ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ မီးရှို့ဖျက်ဆီးခြင်းများကြောင့် ဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ နေအိမ် ၂၀ လုံး ပျက်စီးဆုံးရှုံးခဲ့တယ်လို့ ဒေသခံတချို့က ပြောပါတယ်။ စက်တင်ဘာလ ၂ ရက် မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ဒီပဲယင်းကွဲကျေးရွာအား စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့်ပစ်ခတ်ခဲ့ရာ ဘုန်းကြီးကျောင်း တစ်ကျောင်းနဲ့ နေအိမ်လေးလုံး ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ နောက်ပြီး စစ်ကောင်စီတပ်ရဲ့ မီးရှို့ဖျက်ဆီးမှုကြောင့် ဒီပဲယင်းကွဲကျေးရွာရှိ အိမ်ခြေ ၁၆လုံးမီးလောင်ပျက်စီးခဲ့ရပါတယ်။
▪︎မုံရွာ – ချောင်းဦးလမ်းပိုင်း ယာယီပိတ်ထား
စစ်ကိုင်းတိုင်း၊ မုံရွာ – ချောင်းဦးလမ်းပိုင်းကို အရေးပေါ်လိုအပ်ချက်အရ ဒီနေ့မနက်ပိုင်းကစတင်ကာ ယာယီပိတ်ထားလိုက်တယ်လို့ ချောင်းဦးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဒီနေ့မနက် ၁၀နာရီမှစတင်ကာ မုံရွာ – ချောင်းဦးလမ်းပိုင်းကို ကြေညာချက်ထုတ်ပြန်ချိန်မှစ၍ နောက်ထပ်တစ်စုံတစ်ရာ မထုတ်ပြန်မီအထိ အရေးပေါ်လိုအပ်ချက်အခြေအနေအရ ယာယီပိတ်ထားလိုက်တယ်လို့ ချောင်းဦး PDFက အသိပေးပါတယ်။ ယာယီပိတ်ထားချိန်အတွင်း အဲဒီလမ်းပိုင်းကို ဒေသခံပြည်သူတို့ရဲ့ လုံခြုံရေးအတွက် လုံးဝအသုံးမပြုကြဖို့နဲ့ လိုက်နာခြင်းမရှိသူတွေရဲ့ လုံခြုံရေးအတွက် အာမမခံဘူးလို့ ထုတ်ပြန်အသိပေးပါတယ်။ အလားတူ မုံရွာ – မန္တလေးလမ်းမကြီးရဲ့ မုံရွာ – မြင်းမူ လမ်းပိုင်းမှာလည်း အရေးပေါ်အခြေအနေကလွဲလို့ ဖြတ်သန်းသွားလာခြင်းမပြုကြဖို့ Pdf- South Monywa က သတိပေးပါတယ်။
▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ
ရန်ကုန်မြို့ တစ်နေရာမှာ တော်လှန်လူငယ်တွေက “စက်တင်ဘာ အရေးအခင်း သံဃာ့သွေးတွေမခြောက်သေးဘူး” စာသားပါဗီနိုင်းနဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်လှုပ်ရှားမှုတစ်ရပ်ကို ပြုလုပ်ခဲ့ကြပါတယ်။
စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင် ခင်ဦးမြို့နယ် ကျေးရွာတစ်ရွာရှိ ဒေသခံပြည်သူတွေက “၅/ခဥန ခင်ဦး” ၊ “Accept NUG and Our Ambassador, Reject Dictator” (ပြည်သူ့အစိုးရနဲ့ ပြည်သူ့သံအမတ်ကို လက်ခံပါ၊ အာဏာရှင်ကို ငြင်းဆန်ပါ) စတဲ့ စာသားတွေကို ကိုင်ဆောင် ချီတက်ဆန္ဒပြခဲ့ပါတယ်။
ယောဒေသ ဆော-ကျောက်ထု လမ်းပိုင်းမှာ “Accept NUG and Our Ambassador, Reject Dictator” စာသားကို The Youth Force (Saw&Kyaukhtu)က ရေးသားက်ဆန္ဒထုတ်ဖော်ပါတယ်။


















































