Connect with us

Hi, what are you looking for?

သတင်း

သာသနိကအဆောက်အအုံတွေ စစ်တပ်ဗုံးကြဲမှုအပေါ် မဟနဆရာတော်တွေ ဆုံးမပေးဖို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစု တောင်းဆို

ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ ၁၅ ရက်မှာ အသိပေး လျှောက်ထားလိုက်ပါတယ်။

(မဟာစည်ကျောင်းတိုက်အား အာဏာသိမ်းစစ်တပ်က ဗုံးကြဲတိုက်ခိုက်ပြီးနောက် ပျက်စီးမှုများအား တွေ့ရစဥ်။ ဓါတ်ပုံံ-ရွှေဘိုမြို့နယ် သပိတ်အင်အားစု)

အောက်တိုဘာ-၁၅၊ ၂၀၂၆။ ဇေအောင်/People’s Spring

ဘာသာရေးဆိုင်ရာ သာသနိကအဆောက်အအုံတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်နေတာနဲ့ ပတ်သက်ပြီး စစ်တပ်ကို ဆုံးမဩဝါဒပေးဖို့ စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ဝင် ဆရာတော်ကြီးတွေကို အောက်တိုဘာ ၁၅ ရက်မှာ အသိပေး လျှောက်ထားလိုက်ပါတယ်။

စစ်တပ်ဟာ လတ်တလောမှာ စစ်ရေးပစ်မှတ် မဟုတ်တဲ့ ဘုန်းတော်ကြီးကျောင်းတွေကို လေကြောင်းကနေ အကြောင်းမဲ့ ဆက်တိုက် ဗုံးကြဲနေပြီး ပြီးခဲ့တဲ့ အောက်တိုဘာ ၁၁ ရက် တော်သလင်းလကွယ်နေ့က ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာရှိ အင်ကြင်းတောတိုက်၊ မူလမဟာစည် ကျောင်းတော်ကို လေကြောင်းကနေ အကြောင်းမဲ့ ဗုံးကြဲဖျက်ဆီးခဲ့တာကိုလည်း ဆရာတော်ဘုရားများ သိမြင်ပြီး ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ လျှောက်ထားစာမှာ ဖော်ပြပါတယ်။

ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာက ကမ္ဘာ့သာသနာပြု ဆဋ္ဌသင်္ဂီတိပုစ္ဆက အဂ္ဂမဟာပဏ္ဍိတ မဟာစည်ဆရာတော်ဘုရားကြီးဟာ ကောဇာသက္ကရာဇ် ၁၃၀၀ ပြည့်နှစ်ကစပြီး ဝိပဿနာတရားပြသတော်မူခဲ့တာဖြစ်ပြီး တရားပြသခါနီးမှာ ကျောင်းမှာရှိတဲ့ စည်တော်ကြီးကို တီးခတ်ပြသလေ့ရှိတာကြောင့် မဟာစည်ဆရာတော်လို့ စတင်နာမ တွင်ခဲ့တာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဆိပ်ခွန် မဟာစည်ကျောင်းဟာ ပဋိပတ္တိဌာနတစ်ခုအနေနဲ့ ဂုဏ်သိက္ခာကြီးမားစွာ ရပ်တည်ခဲ့တဲ့ ကျောင်းတော်ဖြစ်တဲ့အပြင် လတ်တလော မဟာစည်နာယကအဖွဲ့ ဥက္ကဋ္ဌ ဆိပ်ခွန်ဆရာတော်ဘုရားကြီးရဲ့ ကျောင်းတိုက်ဖြစ်တာကြောင့် တော်လှန်ရေးနဲ့ တစုံတရာပတ်သက်မှုမရှိဘဲ ဝိပဿနာဓုရသန့်သန့်နဲ့ သာသနာ့ဝန်ကို ဆောင်နေတဲ့ ကျောင်းတိုက်ဖြစ်တာကိုလည်း ဆရာတော်ဘုရားများ သိတော်မူကြပြီး ဖြစ်ပါလျက် ယခုကဲ့သို့ ဗုံးကြဲဖျက်ဆီးတဲ့အပေါ် အရှင်ဘုရားများ အဘယ်ကြောင့် နှုတ်ဆိတ်နေတော်မူကြပါသလဲဆိုပြီး စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက မေးမြန်းလျှောက်တင်ထားပါတယ်။

“ဆက်ပြီး နူတ်ဆိတ်နေမယ်ဆိုလို့ရှိရင် စစ်တပ်ကနေ ပိုပြီးရဲတင်းပြီးတော့ ပိုပြီးတော့ ရက်စက်ယုတ်မာလာနိုင်တယ်ဆိုတဲ့ အနေအထားမျိုး ရှိပါတယ်။ ဆွဲလွဲအိုဖြစ်စဥ်မှာဆိုလည်း ကြည့်လိုက်မယ်ဆိုရင် ဥပုသ်ဆောက်တည်နေကြတဲ့ ဥပုသ်နေ့မှာ သံဃာတော်တွေရှိနေတယ်။ ပြည်သူတွေ ဥပုသ်သီလယူနေတဲ့အချိန်မှာ ကြဲတာ ဖြစ်တဲ့အတွက် ဒါမျိုးကိုတောင် မရှောင်ဘဲနဲ့ ပြည်သူလူထုကို အကြောက်တရားသွင်းတာဖြစ်တယ်။ အဲဒီတော့ ဗုဒ္ဓတရားတော်နဲ့အညီလည်းမဟုတ်ဘူး။ တရားတော်နဲ့ သွေဖယ်နေပြီးတော့ လုပ်နေတဲ့ကိစ္စတွေကို ဆရာတော်ကြီးတွေအနေနဲ့ ဆက်ပြီး နူတ်ဆိတ်နေမယ်ဆိုလို့ရှိရင် ဒီအာဏာရူးမင်းအောင်လှိုင်က ပိုပြီးတော့ ရဲတင်းပြီးတော့ ရက်စက်ယုတ်မာနေဦးမှာ ဖြစ်ပါတယ်” လို့ စစ်ကိုင်းတိုင်းသပိတ်အင်အားစုက ကိုရှင်းသန့်က ပြောပါတယ်။

ဒါ့အပြင် စစ်တပ်ဟာ မဟာစည်ကျောင်းတိုက်၊ ဆိပ်ခွန် ကဲ့သို့ ထင်ရှားကျော်ကြားတဲ့ ကျောင်းတိုက်တွေကိုသာမက မထင်မရှားကျေးလက်မှာ သာသနာပြုနေတဲ့ ဘုန်းတော်ကြီးကျောင်းတွေကိုလည်း လေကြောင်းကနေ ကြိမ်ဖန်များစွာ ဗုံးကြဲတိုက်ခိုက်နေကြောင်း၊ မြောင်မြို့နယ် ဆွဲလွဲအိုရွာ ဇေဋ္ဌဝါဒီဘုန်းတော်ကြီးကျောင်း (၇) ရက် တရားစခန်း၊ ချောင်းဦးမြို့နယ် ပန်းလှတောရကျောင်း၊ ကန့်ဘလူမြို့နယ် ထန်းတပင်ကျေးရွာဘုန်းတော်ကြီးကျောင်းစတဲ့ ကျေးလက်ဒေသဘုန်းတော်ကြီးကျောင်းတွေကိုပါ မကြာခဏ ဗုံးကြဲဖျက်ဆီးနေပြီး ဘုန်းတော်ကြီးတွေ၊ ရဟန်း/သာမဏေတွေ၊ တရားစခန်းဝင် ယောဂီတွေနဲ့ ဥပုသ်သည်တွေ ပျံလွန်တော်မူ သေဆုံး ထိခိုက်ဒဏ်ရာရရှိမှုတွေ ရှိခဲ့ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုရဲ့ လျှောက်ထားစာမှာ ဖော်ပြပါတယ်။

ဗုဒ္ဓဘာသာဝင်တွေ တရားစခန်းဝင်၊ ဥပုသ်သီတင်းဆောက်တည်ပြီး အလှူဒါနပြုရာ ဘုန်းတော်ကြီးကျောင်းတွေကို ဦးတည်ပြီး စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲဖျက်ဆီးနေတဲ့ လုပ်ရပ်ဟာ ဗုဒ္ဓဘာသာဝင်အများစု မှီတင်းနေထိုင်ရာ ဘုရားတပည့်တော်တို့ နိုင်ငံအတွက် လွန်စွာထိတ်လန့်အံ့ဩ ဝမ်းနည်းဖွယ်ဖြစ်ကြောင်း၊ ဗုဒ္ဓဘာသာဝင်တွေအတွက် ဘုန်းတော်ကြီးကျောင်းဆိုတာဟာ ငြိမ်းချမ်းခြင်း အေးချမ်းခြင်းတို့ကို ပေးစွမ်းနိုင်တဲ့ နေရာဖြစ်ရုံသာမက အတူတကွစုပေါင်းပြီး ဒါနမျိုးစေ့ကြဲချစိုက်ပျိုးရာ၊ သီလဆောက်တည်ရာ၊ တရားဘာဝနာပွားများရာ နေရာဖြစ်တဲ့အပြင် ရွာသူရွာသား ဒါယကာ ဒါယိကာမတွေအတွက် ပစ္စုပ္ပန် သံသရာ အကျိုး (၂) ဖြာအတွက် ဆုံးမပဲ့ပြင်ပေးရာ ကျောင်းတော်များ ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစုက အသိပေးပါတယ်။

အခုလို ဘုန်းတော်ကြီးကျောင်းတွေကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်တဲ့ စစ်ကောင်စီရဲ လုပ်ရပ်တွေဟာ ဗုဒ္ဓအဆုံးအမတော်နဲ့အညီ ကျင့်ကြံအားထုတ်နေကြတဲ့ ရဟန်း၊ သာမဏေတွေကို ပစ်မှတ်ထား တိုက်ခိုက်တဲ့ ယုတ်မာမှုဖြစ်ရုံသာမက သာသနိကအဆောက်အဦးတွေကို ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့ ဒါနသီလဘာဝနာ ကုသိုလ်ပြုမှုတွေကို ဖိနှိပ်နင်းချေတာ၊ ပုညန္တရာယ် ဓမ္မန္တရာယ်အမှုဖြစ်တယ်ဆိုတာ ထင်ရှားကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက ထောက်ပြပါတယ်။

ဒါ့ကြောင့် စစ်တပ်ရဲ့ အပြစ်မဲ့ပြည်သူတွေနဲ့ ဘာသာရေးဆိုင်ရာအဆောက်အဦးတွေကို ပစ်မှတ်ထားတိုက်ခိုက်နေတဲ့ လုပ်ရပ်အပေါ် နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ဘုရားကြီးတွေအနေနဲ့ အရှင်ဘုရားတို့ ဝတ္တရားရှိတာနဲ့အညီ အပြစ်မဲ့ သံဃာတော်တွေနဲ့ ပြည်သူတွေရဲ့ အသက်အန္တရာယ်ကို ထိခိုက်စေတဲ့ သာသနိကနယ်မြေတွေကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေကို ချက်ချင်းရပ်တန့်စေရေးအတွက် စစ်ကောင်စီကို ဆုံးမဩဝါဒပေးဖို့၊ ဗုဒ္ဓဘာသာရဲ့ သာသနာ့နယ်မြေတွေနဲ့ ဥပုသ်သီလ ဆောက်တည်နေသူတွေရဲ့ လုံခြုံရေးအတွက် ထိရောက်စွာ အသံထုတ်ပြန် ပေးဖို့၊ ဘုရား၊ ကျောင်း၊ ကန့်သတ်နယ်မြေတွေကို စစ်ပွဲအတွင်း ပစ်မှတ်မထားရေးအတွက် လိုအပ်တဲ့ မေတ္တာရပ်ခံ တားဆီးမှုတွေကို အရှင်ဘုရားတို့ရဲ့ မေတ္တာဓာတ်နဲ့ ရှေ့တန်းကနေ ရပ်တည် ဆောင်ရွက်ပေးဖို့ဆိုပြီး အချက် ၃ ချက်ကို စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက လျှောက်တင်ခဲ့ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ရွှေဘိုနဲ့ မုံရွာခရိုင်ထဲက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဥ် ပြုလုပ်နေတာပါ။

အောက်တိုဘာ ၁၁ ရက်မှာ ဆိပ်ခွန်ရွာက မဟာစည်ဘုန်းကြီး ကျောင်း၊ တရားစခန်း ဗုံးကြဲခံရမှုမှာ ပြည်သူ ၂ ဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာ ၁၂ ရက်မှာလည်း ဝက်လက်မြို့နယ်၊ အနောက်ခြမ်းက ကျေးရွာ ၄ ရွာကို စစ်တပ်က ဗုံးကြဲလို့ ပြည်သူ ၃ ဦး သေဆုံးပြီး ၁၂ ဦး ဒဏ်ရာရခဲ့ပါတယ်။

ဒီနှစ်ဝါတွင်းကာလမှာပဲ သြဂုတ် ၂၁ ရက် ဥပုသ်နေ့က စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ဆွဲလွဲအိုရွာတရားစခန်းကို စစ်တပ်က လေကြောင်းတိုက်ခိုက်ခဲ့ရာမှာတော့ တရားစခန်းက ယောဂီတွေအပါအဝင် ပြည်သူ ၁၆ ဦးထက်မနည်း သေဆုံးခဲ့ရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်တပ်ရဲ့ အထိုင်စခန်းတွေကို ရော့ကတ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိကြောင်း မုံရွာခရိုင် အမှတ် (၃) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ၃မိုင်ကျေးရွာရှိ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC) ဘုရားကျောင်းနဲ့ လူနေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့တဲ့ အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(KHRW)က ဒီကနေ့ အောက်တိုဘာ ၁၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ်တိုက်ပွဲကို ကွပ်ကဲဖို့ စစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)-ကက(ကြည်း)က ပို့လိုက်တဲ့အထူးဗျူဟာမှူး ဗိုလ်မှူးကြီး ၁ဦးဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ရဲ့ တိုက်ခိုက်မှု ခံရပြီး သေဆုံးသွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။