Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎နယ်မြေတိုးချဲ့ရရှိလာတာနဲ့အမျှ အုပ်ချုပ်ရေးကဏ္ဍ အသင့်တည်ထောင်နိုင်ဖို့ လုပ်ဆောင်နေတယ်လို့ NUG ပြည်ထဲရေးဝန်ကြီးပြော

စစ်ရေးကဏ္ဍဘက်က နယ်မြေတိုးချဲ့ရရှိလာတာနဲ့အမျှအုပ်ချုပ်ရေးကဏ္ဍက အဆင်သင့် အုပ်ချုပ်မှုကို တည်ထောင်နိုင်ဖို့ ဆောင်ရွက်နေတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ပြည်ထဲရေးနှင့်လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဦးလွင်ကိုလတ်က ပြောပါတယ်။ မနေ့က ပြုလုပ်တဲ့ Global Town Hall Meeting ဖက်ဒရယ်အရေး၊ ပြည်သူ့အုပ်ချုပ်ရေး၊ အသွင်ကူးပြောင်းရေးကာလ တရားမျှတမှု အစီအစဉ်မှာ ပြောဆိုခဲ့တာပါ။ အထူးသဖြင့် တိုင်းတွေကို ဦးစားပေးပြီးတော့ အုပ်ချုပ်မှု ထူထောင်နေပြီး လတ်တလောမှာ ၁၅၈ မြို့နယ်မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေ ဖွဲ့စည်းထားပြီးဖြစ်တယ်လို့ ဝန်ကြီးဦးလွင်ကိုလတ်က ပြောပါတယ်။ အဲဒီလို့ ဖွဲ့စည်းရာမှာ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းဒေသတွေမှာ ၇၀ ရာခိုင်နှုန်း ထိန်းချုပ်ထားနိုင်တဲ့မြို့ပေါင်း ၇၃ မြို့ရှိတယ်လို့ သူက ဆိုပါတယ်။

▪︎စစ်ကောင်စီတ​ပ် လက်နက်ကြီးရမ်းပစ်လို့ ကလေးငယ်တစ်ဦးမျက်လုံးထိမှန်

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာရှိ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ အကြောင်းမဲ့ ပစ်ခတ်ခဲ့လို့ ကျေးရွာနှစ်ရွာပေါ်သို့ ကျရောက်ပေါက်ကွဲရာ ကလေးတစ်ဦးအပါအဝင် ပြည်သူ သုံးဦးကျည်စထိမှန်ကာ တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက စစ်ကိုင်းမြို့နယ်၊ ကြွယ်ပုံကျေးရွာ ဘောလုံးကွင်းထဲက စစ်ကောင်စီတပ်သားတွေက (၁၂၀)မမ လက်နက်ကြီးတ​ပ်ဆင်ထားပြီး အနောက်တကြောသို့ လက်နက်ကြီးနဲ့ ငါးချက်ထက်မနည်း ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ ပစ်ခတ်မှုကြောင့် ဒီပဲယင်းကွဲကျေးရွာနဲ့ မြင်းမူမြို့နယ် ဂုံညင်းဆိပ်ကျေးရွာဘက်သို့ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ အသက်(၇) နှစ် အရွယ် မိန်းကလေးတစ်ဦး ဘယ်ဘယ်မျက်လုံး လက်နက်ကြီးကျည်စထိမှန်ခဲ့ပြီး အသက် (၂၅)နှစ်အရွယ် အမျိုးသမီးတစ်ဦးလည်း အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ သိရပါတယ်။

▪︎ဆားလင်းကြီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ထိပ်တိုက်တိုးကာ PDFရဲဘော်ခုနစ်ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ ငွေသာကျေးရွာကို မီးရှို့ဖို့လာတဲ့ စစ်ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ဖို့ ကြိုးပမ်းတဲ့ PDF အဖွဲ့ဝင်များအနက် ရဲဘော် ခုနစ်ဦး ကျဆုံးခဲ့ပြီး လက်နက်ခဲယမ်းနဲ့ မော်တော်ယာဥ်များလည်း ဆုံးရှုံးခဲ့တယ်လို့ ဒေသတွင်းPDFအဖွဲ့များက သတင်းထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းက ဆားလင်းကြီးမြို့နယ် ငွေသာကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း ပြည်သူ့ကာကွယ်ရေးတပ်တွေက ရှေ့ထွက်မိုင်းများနဲ့ တိုက်ခိုက်ဖို့ သွားရောက်ခဲ့ပါတယ်။ အဲဒီလို သွားရောက်စဥ် စစ်တပ်ကင်းပုန်းနဲ့ ထိပ်တိုက်တွေ့ဆုံမိပြီး PDF ရဲဘော်ခြောက်ဦးနဲ့ ရပ်ရွာကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့တယ်လို့ ညီနောင်သုံးဖော်အဖွဲ့က ထုတ်ပြန်ပါတယ်။ စစ်ကောင်စီတပ်ဟာ ပြည်သူ့ရဲဘော်လေးဦးကို မီးရှို့သတ်ဖြတ်ပြီး ကျန်ဒဏ်ရာရ ရဲဘော် သုံးဦးကို လည်လှီးသတ်ဖြတ်သွားကာ ကားသုံးစီးကို မီးရှို့သွားတယ်လို့ ဒေသတွင်းPDFအဖွဲ့တွေက အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

▪︎ချင်းတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆယ်ရက်အတွင်း စစ်ကောင်စီတပ် ၄၅ ဦးထက်မနည်းသေ

ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော် (CNF/CNA)နဲ့ ဒေသတွင်း ချင်းကာကွယ်ရေးတပ်(CDF)တပ်တွေရဲ့ တိုက်ခိုက်မှုကြောင့် အခုဖေဖော်ဝါရီအတွင်း စစ်ကောင်စီတပ်မှ ၄၅ ဦးထက်မနည်း သေဆုံးခဲ့တယ်လို့ CNFက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal
တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – The Chin Journal

ဖေဖော်ဝါရီ ၁ မှ ၁၁ရက်အတွင်း ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲများကို ထုတ်ပြန်ခဲ့ရာ မတူပီမြို့နယ်၊ ထန်တလန်မြို့နယ်အတွင်း တိုက်ပွဲတွေမှာ စစ်ကောင်စီတပ်များ အထိနာခဲ့ပါတယ်။ ဖေဖော်ဝါရီ ၈ ရက်မှာ ထန်တလန် ရဲစခန်းနဲ့ ထွေအုပ်ရုံးကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သလို ဆယ်ရက်အတွင်း စစ်ကောင်စီတပ်မှ လက်နက် ၅၀ ကျော် ရရှိခဲ့တယ်လို့ ဖော်ပြပါတယ်။

တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ - The Chin Journal
တိုက်ပွဲများအတွင်း ချင်းပူးပေါင်းတပ်မှ ဖမ်းဆီးရမိသော စစ်ကောင်စီတပ်သားများနှင့် လက်နက်ခဲယမ်းများအား တွေ့ရစဉ်၊ ဓာတ်ပုံ – The Chin Journal

▪︎ဖားကန့်မှာ ပေ(၃၀၀)ခန့်မြင့်တဲ့ မြေစာပုံပြိုကျပြီးရေမဆေးသမား နှစ်ဦးသေဆုံး

ကချင်ပြည်နယ် ဖားကန့်မြို့မှာ ပေ(၃၀၀)ခန့်မြင့်တဲ့ မြေစာပုံတစ်ခုပြိုကျပြီး ရေမဆေးကျောက်ရှာသူနှစ်ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ ဒဏ်ရာရသူသုံးဦးတွေ့ရှိထားပြီး ပျောက်ဆုံးနေသူများကို ဆက်လက်ရှာဖွေနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံးခင်းကျေးရွာအုပ်စု၊ ကုဋေကျေးရွာမှ စွန့်ပစ်မြေစာပုံဟာ မနေ့ညက ပြိုကျခဲ့ရာ ရေမဆေးကျောက်ရှာဖွေသူများ မြေပိသွားခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။ သေဆုံးသူမှာ ၁၀ ဦးထက် ပိုနိုင်ပြီး ဆက်လက်ရှာဖွေမှုများပြုလုပ်နေတယ်လို့ ရှာဖွေကယ်ဆယ်ရေးမှာ ပါဝင်သူတစ်ဦးက ပြောပါတယ်။ ဒဏ်ရာရသူသုံးဦးဟာ ဖားကန့်ဆေးရုံမှာ ကုသ နေရဆဲဖြစ်ပါတယ်။

▪︎အိုးဘိုထောင်မှာ နိုင်ကျဥ်းအမျိုးသမီး ၁၀၀ ကျော်ကို ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက်

စစ်ကောင်စီလက်အောက်ခံ မန္တလေးဗဟိုအကျဥ်းထောင် (အိုးဘို)မှာ နိုင်ငံရေးအကျဥ်းသား အမျိုးသမီး (၁၀၀) ကျော်ကို ထောင်ဝန်ထမ်းအမျိုးသားများက အိပ်ဆောင်အတွင်းဝင်ရောက်ကာ အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ NUG အစိုးရ လူ့အခွင့်အရေးဝန်ကြီးဌာနက အသိပေးထုတ်ပြန်ပါတယ်။ ဖြစ်စဥ်မှာ ဖေဖော်ဝါရီ ၃ ရက် ညနေပိုင်းက အိုးဘိုအကျဥ်းထောင် အိပ်ဆောင် (၁)မှ နိုင်ကျဥ်းအမျိုးသမီးအချို့ စကားများရန်ဖြစ်တာကို အမျိုးသမီးထောင်အရာရှိနဲ့ ဝန်ထမ်းများက ပြေလည်အောင်ဖြေရှင်းမပေးဘဲ အကျဥ်းထောင်ဝန်ထမ်းအမျိုးသား (၁၅၀)ခန့်က အမျိုးသမီးအိပ်ဆောင်အတွင်းဝင်ရောက်ကာ အကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ ဖေဖော်ဝါရီ ၄ ရက် မနက်ပိုင်းမှာလည်း အိပ်ဆောင် (၂)အတွင်း အလားတူဖြစ်စဥ်မျိုးပေါ်ပေါက်ခဲ့ရာ အကျဥ်းထောင်ဝန်ထမ်းအမျိုးသားများကအကြမ်းဖက်ရိုက်နှက်ခဲ့တယ်လို့ ဆိုပါတယ်။ ထို့အပြင် အိပ်ဆောင် (၄)သို့ အသစ်ရောက်ရှိလာတဲ့ နိုင်ကျဥ်းအမျိုးသမီးတစ်ဦးကို ရိုက်နှက်တဲ့အပြင် အိပ်ဆောင် (၅)မှ အကျဥ်းသူများကိုလည်း စစ်ကောင်စီ ထောင်ဝန်ထမ်းအမျိုးသားများက အကြမ်းဖက်ရိုက်နှက် နှိပ်စက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

▪︎ပြည်သူ့စစ်သင်တန်းဆင်း ပျူခေါင်းဆောင် ပစ်ခတ်ခံရ

ပဲခူးတိုင်း ကျောက်တံခါးမြို့နယ်မှာ စစ်ကောင်စီရဲ့ ပြည်သူ့စစ်သင်တန်းဆင်း ပျူစောထီးခေါင်ဆောင်ဆိုသူတစ်ဦးကို ‘နန်းထိုက်အောင်စစ်ဆင်ရေး’အဖြစ် ပစ်ခတ်ရှင်းလင်းလိုက်တယ်လို့ ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ကျောက်တံခါးမြို့နယ် ကညင်ကျိုးကျေးရွာမှ ပျူစောထီးခေါင်းဆောင် ကျော်ဦးဆိုသူကို မနေ့ ညနေပိုင်းက ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တွေက ပစ်ခတ်ရှင်းလင်းလိုက်တာပါ။ ပစ်ခတ်ရှင်းလင်းခံရသူဟာ စစ်ကောင်စီကပြုလုပ်တဲ့ ပြည်သူ့စစ်အခြေခံ စစ်ပညာသင်တန်းဆင်းထားသူတစ်ဦးဖြစ်ပြီး PDFတွေရဲ့ သတင်းများရယူစုဆောင်းကာ စစ်ကောင်စီထံ သတင်းပေးနေသူလည်းဖြစ်တယ်လို့ ဆိုပါတယ်။

ပျူစောထီးခေါင်းဆောင် ကျော်ဦးအား တွေ့ရစဉ်
ပျူစောထီးခေါင်းဆောင် ကျော်ဦးအား တွေ့ရစဉ်

▪︎ရွှေဘိုအနောက်ခြမ်းမှာ စစ်အုပ်စုနဲ့ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အနောက်ခြမ်းမှာ စစ်ကောင်စီတပ်နဲ့ ဒေသတွင်း PDFများတိုက်ပွဲဖြစ်ပွားပြီး စစ်အုပ်စုထိခိုက်မှုရှိကာ စစ်အုပ်စုက ကျေးရွာ သုံးရွာထက်မနည်း တစ်နေကုန် မီးရှို့ဖျက်ဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မနေ့ မနက်ပိုင်းက ရွှေဘိုမြို့နယ်၊ သီးလုံးရွာမှ စစ်ကောင်စီတပ်နဲ့ ပျူ အင်အား ၅၀ခန့်ဟာ ကျောက်မြင့်ရွာဘက်သို့ လက်နက်ကြီး၊ လက်နက်ငယ်များ ပစ်ခတ်ဝင်ရောက်ခဲ့ရာ ဒေသခံကာကွယ်ရေးအဖွဲ့များ ထောင်ထားခဲ့တဲ့ မိုင်းတစ်ကြိမ်ထိပြီး ထိခိုက်မှုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒေသတွင်းပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ ထိတွေ့မှုရှိခဲ့ရာ စစ်ကောင်စီတပ်နဲ့ ပျူများ ထိခိုက်သေဆုံးမှာ ရှိခဲ့တယ်လို့ သိရပါတယ်။

▪︎ဒေါနစစ်ကြောင်းမှရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ပွဲကျင်းပ

တောင်ပိုင်းစစ်ဒေသ စစ်ဒေသခွဲအမှတ်(၃) အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော် ဒေါနစစ်ကြောင်းမှ ရဲဘော်တွေဟာ ဒီနေ့ ကျရောက်တဲ့ ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ်တရပွဲ ကျင်းပခဲ့တယ်လို့ အဲဒီစစ်ကြောင်းက ထုတ်ပြန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ (၁၀၈)နှစ်မြောက် မွေးနေ့ အမှတ်တရအဖြစ် ဒေါနစစ်ကြောင်းရဲ့ ချေမှုန်းရေးတပ်ခွဲ (၁) မှရဲဘော်များက ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွအာဇာနည်သူရဲကောင်းများကို အလေးပြုခြင်း၊ ပဲပြုတ်နဲ့ နံပြားကျွေးမွေးခြင်းများပြုလုပ်ခဲ့ပါတယ်။ ဒါ့အပြင် ဒေါနစစ်ကြောင်းရဲ့ စစ်ကြောင်းလုံခြုံရေး တပ်စိပ်မှရဲဘော်တွေကလည်း စစ်ကြောင်းရှိရဲဘော်များကို မုန့်ဟင်းခါးချက်ကျွေးခြင်း ၊ ဒေါနစစ်ကြောင်းရဲ့စစ်ကြောင်းမှူးစောဒါးကို အမှတ်တရ ပန်းချီကားရေးဆွဲပြီး လက်ဆောင်ပေးခြင်း အစီအစဉ်များပြုလုပ်ခဲ့ပါတယ်

ဒေါနစစ်ကြောင်းမှရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေ့နေ့ပွဲ ကျင်းပ
ဒေါနစစ်ကြောင်းမှရဲဘော်များ ဗိုလ်ချုပ်အောင်ဆန်းမွေ့နေ့ပွဲ ကျင်းပ

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဇန်နဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Springက တင်ဆက်ပေးပါမယ်။