Connect with us

Hi, what are you looking for?

ညနေခင်းသတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့(စက်တင်ဘာ ၇ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲ ပေါ်ပေါက်လာတော့မယ်လို့ NUG ယာယီသမ္မတပြော

လာမယ့်တစ်နှစ်အတွင်း နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာအရေး ရလဒ်ထွက်ဖို့ အရှိန်အဟုန်မြှင့် အားသွန်ခွန်စိုက်ကြိုးပမ်းနေတယ်လို့ NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။ ပြည်သူ့ခုခံတွန်းလှစ်စစ်တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ နိုင်ငံတော်အခြေပြမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့တာဖြစ်ပြီး စစ်အာဏာရှင်ဖြုတ်ချရေး အဆုံးသတ်တိုက်ပွဲ အနှေးနဲ့ အမြန် ပေါ် ပေါက်လာမှာဖြစ်တယ်လို့ ဆိုပါတယ်။ အဲဒီအချိန်မှာ စစ်အုပ်စုအနေနဲ့ လူထုတရားစီရင်ရေး ခံယူနိုင်စွမ်းရှိအောင် အသင့်ပြင်ထားဖို့ NUG ယာယီသမ္မတက သတိပေးပါတယ်။ ကြားကာလ ဖွဲ့စည်းပုံရေးဆွဲနေမှုအပါအဝင် NUG ရဲ့ နိုင်ငံရေးလမ်းပြမြေပုံကိုလည်း ချပြခဲ့ပါတယ်။ ခုခံတွန်းလှန်စစ်တစ်နှစ်အတွင်း စစ်ကောင်စီဘက်က နှစ်သောင်းကျော် သေဆုံးခဲ့ပြီး တိုင်းရင်း သားလက်နက်ကိုင်နဲ့ PDF ရဲဘော်တွေ ၁၅၀၀ ကျော်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

NUG ယာယီသမ္မတ မိန့်ခွန်း​ပြောကြား​နေစဥ်။ဓါတ်ပုံ-NUG
NUG ယာယီသမ္မတ မိန့်ခွန်း​ပြောကြား​နေစဥ်။ဓါတ်ပုံ-NUG

▪︎လာမယ့်နှစ်မှာ တော်လှန်ရေးအဆုံးအဖြတ်ရယူမယ်လို့ NUGကာကွယ်ရေးဝန်ကြီး အသိပေး

ပြည်သူ့ခုခံတွန်းလှန်စစ် တစ်နှစ်ကာလအတွင်း တော်လှန်ရေးအောင်မြင်ဖို့ လိုအပ်တဲ့ ရေခံမြေခံ အားလုံးကို တည်ဆောက်နိုင်ခဲ့ပြီဖြစ်လို့ လာမယ့်နှစ်အတွင်း တော်လှန်ရေးရဲ့ အဆုံးအဖြတ်ကို ရယူဖို့ စိတ်ပိုင်းဖြတ်ထားတယ်လို့ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောပါတယ်။ ပြည်သူ့ခုခံတွန်းလှန်စစ်တစ်နှစ်ပြည့်တဲ့ ဒီနေ့မှာ ပြည်သူ့ကာကွယ်ရေး PDF ရဲဘော်တွေကို ပြောကြားခဲ့တာပါ။ ပြီးခဲ့တဲ့ တစ်နှစ်အတွင်း PDF ဟာ စစ်တပ်အနေနဲ့ ဘယ်လိုမှ ချေမှုန်းလို့မဖြစ်နိုင်တဲ့ တပ်မတော်သစ်တစ်ခုအဖြစ် ပေါ်ထွက်လာခဲ့ပြီး တန်ဖိုးမဖြတ်နိုင်တဲ့ စစ်ရေး အတွေ့အကြုံတွေလည်း ရရှိခဲ့တယ်လို့ ဆိုပါတယ်။ တော်လှန်ရေးအတွက် ပြည်တွင်း၊ ပြည်ပက မြန်မာတွေ ထည့်ဝင်လှူဒါန်းတဲ့ ရန်ပုံငွေရရှိမှု တိုးတက်နေသလို လက်နက်ခဲယမ်းမီးကျောက် ရှာဖွေရရှိမှုလမ်း ပိုပွင့်လာတယ်လို့ ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ ဒါ့အပြင် အစဉ်အလာကြီးတဲ့ တိုင်းရင်းသားတော်လှန်ရေးအဖွဲ့(ERO)တွေဟာ ဒီတော်လှန်ရေးမှာ ထဲထဲဝင်ဝင် ရှေ့ဆောင်ပါဝင်နေကြပြီဖြစ်လို့ ရန်သူကို ချေမှုန်းအနိုင်ယူမယ့် ပြည်သူ့တော်လှန်ရေးတပ်ပေါင်းစုကြီး ပေါ်ပေါက်လာခဲ့ပြီလို့ ဆိုပါတယ်။

▪︎အင်ဒိုနီးရှားရဲ့ အခြေခံဥပဒေခုံရုံးမှာ မြန်မာစစ်တပ်ကို တရားစွဲဆိုရန် စတင်လျှောက်ထား

မြန်မာစစ်ကောင်စီဟာ တိုင်းပြည်အတွင်းရှိ မွတ်ဆလင်လူမျိုးတွေအပေါ် လူသားမျိုးနွယ်ကိုကျူးလွန်တဲ့ရာဇဝတ်မှုတွေ၊ စစ်ရာဇဝတ်မှုတွေနဲ့ လူမျိုးတုံးသတ်ဖြတ်မှု စတာတွေ ကျူးလွန် တယ်ဆိုတဲ့စွပ်စွဲချက်နဲ့ အင်ဒိုနီးရှားနိုင်ငံရဲ့ အခြေခံဥပဒေခုံရုံးမှာ ဂျာကာတာရှိလူသိထင်ရှားပူးပေါင်းအဖွဲ့က ဒီနေ့တရားဝင် လျှောက်ထားတင်သွင်းလိုက်ပါတယ်။ အဲဒီလို စွဲဆိုမှုမျိုးဟာ အရင်က မရှိခဲ့ဖူးဘဲ အာဆီယံအဖွဲ့ဝင်နိုင်ငံတစ်ခုမှာ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာတရားစီရင်ရေးကနေ အရေးယူနိုင်မယ့် ပထမဆုံးအမှု ဖြစ်လာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

အင်ဒိုနီးရှားအ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး။ဓါတ်ပုံ-Ray Yen
အင်ဒိုနီးရှားအ​ခြေခံဥပ​ဒေဆိုင်ရာခုံရုံး။ဓါတ်ပုံ-Ray Yen

▪︎ရုရှားနိုင်ငံကအာဏာရှင်နှစ်ဦးတွေ့ဆုံပွဲ

တရားမဝင်အာဏာသိမ်းယူချိန်ကစလို့ စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ပူတင်နဲ့တွေ့ဆုံနိုင်ရေး အိမ်မက်ဟာ ဒီနေ့ပြည့်၀သွားပါတယ်။ ရုရှားသမ္မတဗလာဒီမာပူတင်ဟာ အကြမ်းဖက် ခေါင်းဆောင်ကို နိုင်ငံတော်အခမ်းအနားနဲ့ ကော်ဇောနီခင်းပြီး ဧည့်ခံတွေ့ဆုံတာ မဟုတ်ပေမယ့် အာဏာသိမ်းပြီးနောက် ၃ ကြိမ်မြောက်ခရီးစဉ်မှာတော့ မင်းအောင်လှိုင်ကို ပေးတွေ့လိုက် ပါတယ်။ မင်းအောင်လှိုင် တပ်ချုပ်ဖြစ်ပြီး ရုရှားကို ၁၀ ခေါက်ကျော်သွားရောက်ခဲ့အပြီး ပထမဆုံးတွေ့ဆုံခွင့်ရခဲ့တာလည်းဖြစ်ပါတယ်။ တွေ့ဆုံပွဲမှာ မင်းအောင်လှိုင်က ပူတင်ကို ရုရှား ရဲ့ ခေါင်းဆောင်သာမက ကမ္ဘာ့ခေါင်းဆောင်လို့မြှောက်ပင့်ပြောဆိုပါတယ်။ ပူတင်ကလည်း မြန်မာဟာ ရုရှားရဲ့ အရှေ့တောင်အာရှမှာ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်လို့ ချွေးသိပ်ခဲ့ပါတယ်။

အာဏာရှင်နှစ်ဦး ​တွေ့ဆုံ​နေကြစဥ်။ဓါတ်ပုံ- Kremlin
အာဏာရှင်နှစ်ဦး ​တွေ့ဆုံ​နေကြစဥ်။ဓါတ်ပုံ- Kremlin

▪︎ရဲဘော်သန့်ဇင်ဦးရဲ့ နာရေးကို ဒေသခံအများအပြားလိုက်ပါပို့ဆောင်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်မှာ စစ်ကောင်စီတပ်ကို တစ်ဦးတည်းခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့ရတဲ့ မြောင် CDSOM အဖွဲ့မှ ရဲဘော်သန့်ဇင်ဦးရဲ့ စျာပနကို PDFရဲဘော်တွေနဲ့ ဒေသခံပြည်သူအများအပြား လိုက်ပါပို့ဆောင်ပေးခဲ့ကြပါတယ်။ မနေ့ကပြုလုပ်ခဲ့တဲ့ အာဇာနည်သူရဲကောင်း ရဲဘော်သန့်ဇင်ဦးရဲ့ ဈာပနအခမ်းအနားကို ပြုလုပ်ပေးခဲ့တာဖြစ်ပြီး PDF ရဲဘော်တွေ၊ ပြည်သူတွေ တက်ရောက် အလေးပြုခဲ့ကြပါတယ်။ မပြီးဆုံးသေးတဲ့ နွေဦးတော်လှန်ရေးခရီးလမ်းကို အဆုံးထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့ – CDSOM က ကတိပြုပါတယ်။

●စစ်​ကောင်စီအ​ပေါ်ခုခံ​​တော်လှန်စစ်ပွဲ​တွေ

▪︎ထားဝယ်-ထီးခီးလမ်းပိုင်းတိုက်ပွဲမှာ စစ်တပ်ဒုရင်းမှုးအပါအဝင် ၁၂ ဦးသေဆုံး

ထားဝယ်-ထီးခီးလမ်းပိုင်းမှာ မဟာမိတ်ပူးပေါင်းအဖွဲ့နဲ့ စစ်ကောင်စီတပ်တို့အကြား မနေ့က ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီဘက်က ဒုရင်းမှူးတစ်ဦးအပါအဝင် (၁၂)ဦးသေဆုံးခဲ့ပြီး အများအပြားဒဏ်ရာရရှိခဲ့တယ်လို့ နွေဦးပြောက်ကျားတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။ နှစ်နာရီခန့်ကြာတဲ့ အဲဒီတိုက်ပွဲမှာ ၄၀ မမ ဗုံးပစ်လောင်ချာအပါအဝင် MA-3 သေနတ်လေးလက်၊ ၄၀ မမ ဗုံးသီး(၁၁)လုံး၊ ကျည်ဘောက်(၈)ခု၊ ပစ္စတိုတစ်လက်၊ ၆၀မမ ဗုံးသီးတစ်လုံး၊ ရှေ့ထွက်မိုင်းတစ်လုံး၊ ဆက်သွယ်ရေးစက်တစ်လုံးနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ကို သိမ်းဆည်းရခဲ့တယ်လို့ စစ်မြေပြင်အတည်ပြုချက်အရ သိရပါတယ်။

ထားဝယ်-ထီးခီးလမ်းပိုင်းတိုက်ပွဲတွင်စစ်​ကောင်စီတပ်ထံမှသိမ်း ဆည်းရမိ​​​သောလက်နက်ခဲယမ်းများနှင့်ပူးပေါင်းတပ်ဖွဲ။ ဓါတ်ပုံ- ထားဝယ်PDF
ထားဝယ်-ထီးခီးလမ်းပိုင်းတိုက်ပွဲတွင်စစ်​ကောင်စီတပ်ထံမှသိမ်း ဆည်းရမိ​​​သောလက်နက်ခဲယမ်းများနှင့်ပူးပေါင်းတပ်ဖွဲ။ ဓါတ်ပုံ- ထားဝယ်PDF

▪︎KNU ပူးပေါင်းတပ်ဖွဲ့ မိုင်းဆွဲတိုက်ခိုက်လို့ စစ်ကောင်စီရဲ့ ကားနှစ်စီး ပျက်စီး

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၁)နယ်မြေ မွန်ပြည်နယ် သထုံမြို့နယ် ရန်ကုန်- မော်လမြိုင် အဝေးပြေးကားလမ်း တစ်နေရာမှာ စစ်ကောင်စီတပ်ယာဉ်တန်းကို KNU ပူးပေါင်းတပ်ဖွဲ့တွေက မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။ စက်တင်ဘာ ၅ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတိုင်းမှူးလိုက်ပါလာတယ်လို့ သတင်းရတာကြောင့် မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါ တယ်။ ပူးပေါင်းတပ်ဖွဲ့တွေဟာ ဝေဟင်၊ မြေပြင် ပူးပေါင်းတိုက်ခိုက်ဖို့ အသင့်ကြိုတင်စောင့်ဆိုင်းခဲ့ပေမယ့် ဆိုးရွားတဲ့ရာသီဥတုကြောင့် ဝေဟင်စစ်ဆင်ရေးကို ဖျက်သိမ်းခဲ့ရတယ်လို့ ဆိုပါတယ်။ ၄၀ မမ နဲ့ လက်နက်ငယ်တွေနဲ့လည်း ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ကား ၂ စီး လုံး၀ပျက်စီးသွားတယ်လို့ အသိပေးပါတယ်။

▪︎မြင်းမူမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ ​မြင်းမူမြို့‌ပေါ်မှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ် မနေ့ညက တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိနိုင်တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက ပြောပါတယ်။ မြင်းမူမြို့ အထက (၁)ကျောင်းအတွင်း တပ်စွဲထားတဲ့ အင်အား ၂၀ခန့်ရှိတဲ့ စစ်ကောင်စီတပ်ကို ၄၀ မမဖြင့် ပစ်ခတ်ခြင်း၊ အထူးပြုလုပ်ထားသောမိုင်း(မိုင်းဘီလူး)ဖြင့် မိုင်းဆွဲတိုက်ခိုက်ခြင်းများ ​ဆောင်ရွက်ခဲ့တယ်လို့ People’s Army To Fight Dictatorship အာဏာရှင်စနစ်တိုက်ဖျက်ရေး ပြည်သူ့တပ်ဖွဲ့ (PAFD)က သတင်းထုတ်ပြန်ပါတယ်။

▪︎D-Day တစ်နှစ်ပြည့်စစ်ဆင်ရေးအဖြစ် ပျူနှစ်ဦးကို ပစ်ခတ်ရှင်းလင်း

ပြည်သူ့ခုခံတွန်းလှန်စစ်(D-Day)တစ်နှစ်ပြည့် စစ်ဆင်ရေးအဖြစ် တနင်္သာရီတိုင်း ကျွန်းစုမြို့နယ်မှ ပျူစောထီးအဖွဲ့ကို ပစ်ခတ်တိုက်ခိုက်ရာ ပျူခေါင်းဆောင်အပါအဝင် နှစ်ဦး သေဆုံး သွားတယ်လို့ တနင်္သာရီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဒီနေ့သတင်းထုတ်ပြန်ပါတယ်။ ကျွန်းစုမြို့နယ် ပဲ့တိုင်ကျေးရွာမှာ မြိတ်ခရိုင်တပ်ရင်း (၂) တပ်ခွဲ (၂)နှင့် တနင်္သာရီကာကွယ်‌ ရေးပြောက်ကျား ပူးပေါင်းအဖွဲ့တို့က စစ်ကောင်စီရဲ့ ပျူစောထီး အဖွဲ့ကို ဒီနေ့မနက်အစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ အလားတူ စက်တင်ဘာ ၄ ရက်ကလည်း ပူးပေါင်း တပ် ဖွဲ့က စစ်ကောင်စီတပ်သား သုံးဦး၊ ပျူစောထီးနှစ်ဦးတို့ကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ပါတယ်။

▪︎အရာတော်နယ်မှာ စစ်ကောင်စီတပ်သားနှစ်ဦးသေဆုံးပြီး ၁၀ ဦးခန့်ဒဏ်ရာရ

စစ်ကိုင်းတိုင်း အရာတော်မြို့နယ် ကမ်းဖြူရွာမကျောင်းမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တိုက်ခိုက်ရာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး ၁၀ဦးခန့် ဒဏ်ရာရရှိခဲ့တယ်လို့ ZERO ပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ဒီနေ့ ထုတ်ပြန်ပါတယ်။ “တောကျီးကန်းစစ်ဆင်ရေး”အဖြစ် ဝေဟင်မှ ဒရုန်းဖြင့်ဗုံးသီးကြဲချပြီး မြေပြင်ကနေ (၄၀)မမနဲ့ မနေ့ညနေပိုင်းက ပစ်ခတ်တိုက် ခိုက်ခဲ့တာပါ။ ဒေသခံတွေရဲ့ အတည်ပြုချက်အရ တိုက်ခိုက်မှုဖြစ်စဥ်မှာ စစ်ကောင်စီတပ်သားနှစ်ဦး သေဆုံးပြီး ၁၀ ဦးမှာ ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ရန်ကုန်မြို့ ဝန်ကြီးများရုံးရှေ့မှာ ရေဘဝဲ (ပြည်သူ့အကျိုးပြု လူငယ်အဖွဲ့အစည်း)က “စက်တင်ဘာ သံတမန်တိုက်ပွဲကာလ လူထုအားလုံးပါဝင်ကြ” စာတန်းချိတ်ဆွဲဆန္ဒပြခဲ့ပါတယ်။

စစ်ကိုင်းတိုင်း ကလေးမြို့ပင်မ သပိတ်အင်အားစုက “Accept NUG & Our ambassador, Reject Dictator” စာတန်းကိုင်ဆောင်ပြီး မိုးထဲရေထဲမှာ ဆန္ဒပြခဲ့ပါတယ်။

ယင်းမာပင်အရှေ့ခြမ်းမှာလည်း ရွှေနွယ်သွေး လူထုသပိတ်စစ်ကြောင်းက တော်လှန်ရေးမှာ ကျဆုံးသွားခဲ့တဲ့ အာဇာနည်သူရဲကောင်း သုံးဦးရဲ့ (၁)လပြည့် အထိမ်းအမှတ်အဖြစ် “ကြွေလွင့်ကြယ်တို့ ဂုဏ်ယူဖို့ လူထုတစ်ရပ်လုံးတော်လှန်စို့” စာသားနဲ့ စစ်အာဏာရှင်ချေမှုန်းရေး သပိတ်မှောက်ခဲ့ပါတယ်။

ချောင်းဦးမြို့နယ် ကျေးရွာပေါင်းစုံ သပိတ်စစ်ကြောင်းက “Accept our Ambassador, Reject Dictator” စာတန်းကိုင်ဆောင်ပြီး ချီတက် ဆန္ဒပြခဲ့ပါတယ်။

ခုခံ​တော်လှန်စစ်တစ်နှစ်ပြည့်အဖြစ် အညာ​ဒေသမှPDFများ စု​ပေါင်းဆန္ဒထုတ်​ဖော်စဥ် ။ ။ဓါတ်ပုံ- 96 Soldiers PDF
ခုခံ​တော်လှန်စစ်တစ်နှစ်ပြည့်အဖြစ် အညာ​ဒေသမှPDFများ စု​ပေါင်းဆန္ဒထုတ်​ဖော်စဥ် ။ ။ဓါတ်ပုံ- 96 Soldiers PDF

အညာဒေသရဲ့ ပြည်သူ့ခုခံတွန်းလှန်စစ်(D-Day)တစ်နှစ်ပြည့် ဆန္ဒပြလှုပ်ရှားမှုမှာ “ငါတို့အညာ ငါတို့ပိုင်တယ်။ ငါတို့မြေအတွက် ငါတို့ တိုက်မယ်” ၊ “စစ်ခွေးတို့သေ အညာမြေ” စတဲ့ စာသားတွေကိုင်ဆောင်ပြီး 96 Soldiers PDF အပါအဝင် စစ်ကိုင်းတိုင်းအတွင်းရှိ လက်နက်ကိုင်အင်အားစုများ စုပေါင်းကာ ကျေးရွာနေ ပြည်သူတွေနဲ့ ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။