▪︎စစ်ကောင်စီကို ပိတ်ဆို့အရေးယူအသစ် မကြာမီရက်ပိုင်းအတွင်း ကြေညာမယ်လို့ အမေရိကန် အကြီးတန်းအရာရှိပြော
အမေရိကန်အစိုးရဟာ မြန်မာစစ်ကောင်စီအပေါ် ပိတ်ဆို့အရေးယူမှုအသစ်များကို မကြာမီရက်ပိုင်းအတွင်း ကြေညာမယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အကြီးတန်းအရာရှိက ဒီနေ့ ပြောပါတယ်။

အင်ဒိုနီးရှားနိုင်ငံ ဂျာကာတာမှာ သတင်းထောက်တွေကိုပြောကြားခဲ့တာဖြစ်ပြီးစစ်လက်နက်များဝယ်ယူဖို့ မြန်မာစစ်ကောင်စီရရှိနေတဲ့ ငွေကြေးစီးဝင်မှု ပိုမိုခက်ခဲစေရေး ပိတ်ဆို့အရေးယူမယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနအတိုင်ပင်ခံ ဒဲရက်ရှိုလက်က ပြောပါတယ်။ မြန်မာနိုင်ငံဟာကျရှုံးနိုင်ငံ(failed state)ဖြစ်နိုင်မယ့် လမ်းကြောင်းပေါ် ရောက်ရှိနေတယ်လို့ သူက ဆိုပါတယ်။

▪︎မုံရွာမြို့မှာ အာဏာသိမ်းခေါင်းဆောင်ရောက်နေချိန် ရွှေဆိုင် ဓါးပြတိုက်ခံရ
စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ရောက်ရှိနေလို့ လုံခြုံရေးတင်းကြပ်နေချိန် မြို့လယ်ရှိ ရွှေဆိုင်တစ်ဆိုင် ဓါးပြတိုက်ခံရပြီး ရွှေထည်များနဲ့ ကျပ်သိန်းထောင်ချီပါသွားတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်များက ပြောပါတယ်။ မနေ့ နေ့ခင်းက မုံရွာ မြို့လယ်၊ လမ်းမကြီးဘေး အောင်မင်္ဂလာရပ်ရှိ ပေါ်ဦး-၂ ရွှေဆိုင်ဓားပြတိုက်ခံရပြီး ဆိုင်ရှိ ရွှေထည်၊ ရွှေတုံးများ ပိဿာလိုက်ပါသွားပြီး ကျပ်သိန်းထောင်ချီလည်း ယူဆောင်သွားတယ်လို့ ရွှေဆိုင်နဲ့နီးစပ်သူအချို့က ပြောပါတယ်။ ရွှေဆိုင်အလုပ်သမားတစ်ဦးလည်း ဓားပြအဖွဲ့ရဲ့ ပစ်ခတ်မှုခံခဲ့ရလို့ ဆေးကုသမှုခံနေရတယ်လို့ သိရပါတယ်။

▪︎မြိုင်နယ်ရှိ စစ်အုပ်စုကို သုံးကြိမ် တိုက်ခိုက်
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ ရဲစခန်းနဲ့ ပျူစောထီးစခန်းကြားရှိ ကင်းပုန်းဝပ်စစ်ကောင်စီတပ်သားများနဲ့ ယာဥ်များကို သုံးကြိမ်တိုင် တိုက်ခိုက်ခဲ့ရာ ငါးဦးထက်မနည်း သေဆုံးခဲ့တယ်လို့ မြိုင်(ပကဖ)အဖွဲ့ခေါင်းဆောင် ဗိုလ်လယျာ်က ပြောပါတယ်။ မနေ့ မနက်ပိုင်းက ကိုင်းတောမရဲစခန်းနဲ့ သရက်ကန် ပျူစခန်းကြားမှာ ကင်းပုန်းဝပ်ဖို့ လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးကို မိုင်းနှစ်လုံးနဲ့ စတင်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မနက်ပိုင်းမှာပဲ သရက်ကန်ပျူစခန်းမှ ထွက်လာတဲ့ စစ်ကောင်စီယာဥ်တစ်စီးကို မိုင်းဆွဲခဲ့ရာ ယာဥ်ပျက်စီးမှု ရှိတယ်လို့ မြိုင်ပကဖအဖွဲ့က ပြောပါတယ်။ ဒါ့အပြင် မြိုင်မှထွက်လာတဲ့ စစ်ကားတစ်စီးကို မိုင်းဆွဲတိုက်ခိုက်ရာ ကင်းပုန်းရဲ့ အငိုက်ဖမ်းပစ်ခတ်မှုကြောင့် တပ်ရင်း ၁ မှ ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement
▪︎ရေစကြိုနယ် PDFစခန်းတစ်ခု ဖျက်ဆီးခံရ
မကွေးတိုင်း၊ ရေစကြိုမြို့နယ်ရှိ ဒေသတွင်း PDF စခန်းတစ်ခုကို စစ်ကောင်စီတပ်က PDFဝတ်စုံများဝတ်ဆင်ကာ ဝင်ရောက်ဖျက်ဆီးမီးရှို့သွားတယ်လို့ Shwe Lal Kyun LPDF အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ မတ်လ ၁၉ ရက် မနက်ပိုင်းက တာတိုင်ကျေးရွာတွင် အစုလိုက်၊ အပြုံလိုက်သတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာ PDFဝတ်စုံ၊ ဘတ်တံဆိပ်များဝတ်ဆင်ကာ မြောင်မြို့နယ်၊ ငရံ့အိုကျေးရွာမှတဆင့် ရေစကြိုမြို့နယ် Shwe Lal Kyun LPDF အထိုင်စခန်းရှိရာကျေးရွာသို့ အလစ်ဝင်ရောက် စီးနင်းပစ်ခတ်ခဲ့တာလို့ ဆိုပါတယ်။ ကင်းသမားရဲဘော်များနဲ့ အနီးကပ်ထိပ်တိုက်တွေ့ခဲ့ပေမယ့် ကျေးရွာအတွင်းရှိ ပြည်သူများနဲ့နီးကပ်ခြင်း၊ လက်နက်အင်အားမမျှခြင်းတို့ကြောင့် အထိုင်စခန်းကိုစွန့်ကာ ဆုတ်ခွာခဲ့ရတာလို့ အသိပေးပါတယ်။

▪︎မတူပီ-ပလက်ဝလမ်းပိုင်း စစ်တပ်ရိက္ခာပို့ယာဉ်တန်းကို CDF တိုက်ခိုက်
ချင်းပြည်နယ် မတူပီ-ပလက်၀လမ်းပိုင်းမှာ စစ်ကောင်စီယာဉ်တန်းကို တိုက်ခိုက်ခဲ့တယ်လို့ မတူပီ ချင်းကာကွယ်ရေးတပ်(CDF)မှတာဝန်ရှိသူက ပြောပါတယ်။ ခလရ(၃၀၄) တပ်မှ မတူပီ-ပလက်၀ လမ်းပေါ်ရှိ ထယ်ဘွေးတပ်စခန်းသို့ စားနပ်ရိက္ခာနဲ့ တပ်အင်အားဖြည့်ဖို့လာတဲ့ ကားသုံးစီးကို မတ်လ ၂၀ နဲ့ ၂၁ ရက်တို့မှာ ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုများအတွင်း စစ်ကောင်စီတပ်က ၁၂ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီက ထုတ်ပြန်ပါတယ်။ စစ်ကားတန်းမှာ ဆက်လက်ထွက်ခွာဖို့ရှိနေပြီး စစ်ရေးတင်းမာနေဆဲဖြစ်တယ်လို့ CDF တာ၀န်ရှိိသူက ပြောပါတယ်။

▪︎ဒီးမော့ဆိုတိုက်ပွဲ ဆက်လက်ပြင်းထန်နေ
ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေပြီး အထိနာနေတဲ့ စစ်ကောင်စီတပ်က တိုက်လေယာဥ်နှစ်စီးအသုံးပြုပစ်ခတ်ခဲ့လို့ ရဲဘော်တစ်ဦးကျဆုံးခဲ့ရတယ်လို့ ကရင်နီစစ်ဖက်ဆိုင်ရာ ဗဟိုသတင်းထုတ်ပြန်ရေးအဖွဲ့ (KMIC)က ဒီနေ့ ထုတ်ပြန်ပါတယ်။ မနေ့ မနက်ပိုင်းမှ ညနေပိုင်းအထိ ဒီးမော့ဆိုမြို့နယ်၊ ဒေါတမကြီးအုပ်စုအတွင်း ကရင်နီပူးပေါင်းတပ်ဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်မှ အသေအဆုံးများအထိနာခဲ့လို့ ဘောလခဲမြို့မှ လက်နက်ကြီးပစ်ကူ ၁၀ ကြိမ် ထက်မနည်း ပစ်ခတ်ခဲ့ပြီး ညနေပိုင်းမှာ တိုက်လေယာဉ်နှစ်စီး(၆)ကြိမ်ထက်မနည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ အခြားသတင်းတစ်ရပ်မှာ ဒီးမော့ဆိုမြို့နယ် တိုက်ပွဲ နယ်မြေရှင်းလင်းစဥ် စစ်ကောင်စီတပ်မှ ဗိုလ်ကြီး အလောင်းအပါအဝင် တပ်သားအလောင်းများကိုတွေ့ရှိပြီး ကျည်နဲ့ ခဲယမ်းအချို့ရရှိတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်များက ပြောပါတယ်။



▪︎အင်းတော်-ကသာလမ်း လုံခြုံရေးစစ်ကြောင်းကို KIA၊ PDF ပူးပေါင်းတိုက်ခိုက်
စစ်ကိုင်းတိုင်း အင်းတော်-ကသာလမ်းပိုင်း လုံခြုံရေးယူဖို့လာတဲ့ စစ်ကောင်စီတပ်သားများနဲ့ ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နဲ့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် (KPDF)ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်က သေဆုံးထိခိုက်ရှိခဲ့တယ်လို့ အင်းတော် PDF ရဲဘော်တစ်ဦးက ပြောပါတယ်။ မတ်လ ၂၀ ရက်နဲ့ ၂၁ ရက်တို့မှာ စစ်ကောင်စီတပ်မှ ၁၀ ဦးခန့် သေဆုံးထိခိုက်မှုရှိတယ်လို့ ဆိုပါတယ်။
▪︎ထားဝယ်မြို့နယ်ရှိ စစ်ကောင်စီတပ် စစ်ဆေးရေးဂိတ်တစ်ခု တိုက်ခိုက်ခံရပြီး သုံးဦးသေ
တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ဘုရားမဲ စစ်ဆေးရေးဂိတ်ကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးတဘ်လို့ PDF တပ်ပေါင်းစု ဥသြစစ်ကြောင်းက ပြောပါတယ်။ မတ်လ ၂၀ ရက် နေ့ခင်းက စစ်ကောင်စီတပ်ရဲ့ ဘုရားမဲစစ်ဆေးရေးဂိတ်ကို ဥသြစစ်ကြောင်းနဲ့အတူ DGRF(ထားဝယ် ပ.က.ဖ)၊ ဧဒင်မှူးတပ်ဖွဲ့(ထားဝယ် ပ.က.ဖ)တို့ပူးပေါင်းပြီး လက်နက်ကြီး၊ လက်နက်ငယ်များနဲ့ လက်ဦးမှုယူ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်ဘက်မှ သေဆုံးသူသုံးဦးနဲ့ ဒဏ်ရာရသူများကို လူနာတင်ယာဥ်နှစ်စီးနဲ့ သယ်ဆောင်သွားတယ်လို့ သိရပါတယ်။
