Connect with us

Hi, what are you looking for?

သတင်း

ဒေါ်အောင်ဆန်းစုကြည်ကိုလွှတ်ပေးဖို့ သားရဲ့ တောင်းဆိုစာ ချက်နိုင်ငံမြန်မာသံရုံးလက်မခံ

Forum 2000 ရဲ့ ရဲစွမ်းသတ္တိနဲ့တာဝန်ယူမှုဆိုင်ရာနိုင်ငံတကာဆုက မြန်မာပြည်သူတွေ လက်မလျော့သေးဘူးဆိုတာ ကမ္ဘာကိုသတိပေးလိုက်တာလို့ ကင်မ်အဲရစ်ပြော

(ချက်နိုင်ငံရှိ စစ်တပ်လက်အောက်ခံမြန်မာသံရုံးကို စာပို့ခဲ့တဲ့ ကင်မ်အဲရစ်/Forum 2000 ဆုပေးပွဲမှာ သပိတ်ခေါင်းဆောင်၊ သပိတ်အဖွဲ့ကိုယ်စား ဆုတက်ယူခဲ့တဲ့ ကိုယ်စားလှယ်တွေနဲ့ ကင်မ်အဲရစ်။ ဓါတ်ပုံ-ကင်မ်အဲရစ် ဖေစ်ဘွခ်)

အောက်တိုဘာ-၁၅၊ ၂၀၂၆။ တေဇ/People’s Spring

မတရားဖမ်းဆီးထားတဲ့ မိခင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကို ချက်နိုင်ငံပရာ့ဂ်မြို့မှာရှိတဲ့ မြန်မာသံရုံးကနေ တောင်းဆိုစာ ပို့ဖို့ကြိုးစားခဲ့ပေမယ့် လက်မခံခဲ့ဘူးလို့ သားဖြစ်သူ ကိုထိန်လင်း(ခ) ကင်မ်အဲရစ်က လူမှုကွန်ရက်ကနေ အသိပေးထားပါတယ်။

“ပရာ့ဂ်မြို့မှာ ကျွန်တော့်မေမေ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မင်းအောင်လှိုင်ထံ တောင်းဆိုထားတဲ့စာကို မြန်မာသံရုံးကတစ်ဆင့် ပေးပို့ဖို့ ကျွန်တော် ထပ်ပြီး ကြိုးစားခဲ့ပါတယ်။ မျှော်လင့်ထားတဲ့အတိုင်းပဲ သူတို့က စာကို လက်ခံဖို့ ငြင်းဆန်ခဲ့ပါတယ်။” လို့ ကင်မ်က အောက်တိုဘာ ၁၄ ညမှာ ရေးသားထားတာပါ။

မိခင်ကို ငါးနှစ်ကျော်ကြာ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ဖြတ်ထားပြီး သားတစ်ယောက်အနေနဲ့ ကိုယ့်အမေနဲ့တွေ့ခွင့်၊ စကားပြောခွင့်လိုမျိုး အခြေခံအခွင့်အရေးတောင် မရဘူးလို့ ကင်မ်က ရင်ဖွင့်ထားပါတယ်။

Public Service Announcement

Public Service Announcement

“ကျွန်တော် အင်မတန်ခက်ခဲပြီး မဖြစ်နိုင်တဲ့ အကူအညီတောင်းခံနေတာ မဟုတ်ပါဘူး။ မိခင်တစ်ယောက်ရဲ့ လွတ်လပ်ခွင့်နဲ့ သားတစ်ယောက်ရဲ့ အမေကိုတွေ့ခွင့်ရဖို့ အခြေခံအခွင့်အရေးကို တောင်းဆိုနေတာပါ။” လို့ ကင်မ်က ပြောပါတယ်။

တောင်းဆိုစာတွေကို လျစ်လျူရှုနိုင်ပေမယ့် မိခင်အတွက် ဘယ်တော့မှ လက်လျော့မှာမဟုတ်ဘဲ မိခင်နဲ့ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးဖို့ ကင်မ်က တောင်းဆိုထားပါတယ်။

အာဏာသိမ်းခေါင်းဆောင်နဲ့ ထိတွေ့ဆက်ဆံနေတဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကိုလည်း ကင်မ်က “သံတမန်ရေးရာ တွေ့ဆုံမှုတွေရဲ့ နောက်ကွယ်မှာ အခြေခံလူ့အခွင့်အရေးတွေ နေ့စဉ်ချိုးဖောက်ခံနေရတဲ့ ပြည်သူသန်းပေါင်းများစွာ ရှိနေပါတယ်။” လို့ သတိပေးထားပါတယ်။

ကင်မ်က ပြီးခဲ့တဲ့ စက်တင်ဘာလကလည်း လန်ဒန်မြို့က မြန်မာသံရုံးကနေ စစ်ခေါင်းဆောင်ဆီကို မိခင်ဖြစ်သူနဲ့ ဆက်သွယ်ခွင့်၊ တွေ့ခွင့်နဲ့ လွှတ်ပေးဖို့ တောင်းဆိုစာ ပို့ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးတွက် တောင်းဆိုတဲ့ Free Her ကမ်ပိန်းကိုလည်း ကင်မ်ဦးဆောင်ကာ လုပ်ဆောင်နေပြီး ပြည်တွင်း ပြည်ပက ပြည်သူတွေကလည်း ပူးပေါင်းပါဝင်တောင်းဆိုနေကြပါတယ်။

ဒါ့အပြင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့သား ကင်မ်အဲရစ်(ခ) ကိုထိန်လင်းက စစ်အာဏာဆန့်ကျင်ရေးလူထုလှုပ်ရှားမှုမှာ ပါဝင်နေတဲ့ လူပုဂ္ဂိုလ်တွေနဲ့ အဖွဲ့အစည်းကို Forum 2000 က ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆုပေးခဲ့တာက မြန်မာပြည်သူတွေ လက်မလျော့သေးဘူးဆိုတာ ကမ္ဘာကို သတိပေးလိုက်တာလို့ ပြောပါတယ်။

Forum 2000 အဖွဲ့က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ဦးဆောင်လှုပ်ရှားနေတဲ့ ဒေါက်တာတေဇာဆန်း၊ ကိုထက်မြက်အောင်၊ ကိုနန်းလင်းနဲ့ အထွေထွေ သပိတ်ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့ (GSCB) တို့ကို ချက်နိုင်ငံ ပရော့ဂ်မြို့မှာ ပြုလုပ်တဲ့ပွဲမှာ ရဲစွမ်းသတ္တိနဲ့ တာဝန်ယူမှုဆိုင်ရာ နိုင်ငံတကာဆု (International Award for Courage and Responsibility) ပေးခဲ့တာပါ။

“ခင်ဗျားတို့ရဲ့ ရဲစွမ်းသတ္တိ၊ စွန့်လွှတ်အနစ်နာခံမှုနဲ့ မဆုတ်မနစ် ကြိုးပမ်းနေမှုတွေကို ကျွန်တော် အလွန်လေးစားပါတယ်။ အမှောင်မိုက်ဆုံးအချိန်တွေမှာတောင် သာမန်ပြည်သူတွေက ထူးခြားတဲ့ သတ္တိကို ပြသနိုင်တယ်ဆိုတာ ခင်ဗျားတို့က ကမ္ဘာကြီးကို သက်သေပြနေကြပါတယ်။ ဒီဆုဟာ ခင်ဗျားတို့ရဲ့ ရဲစွမ်းသတ္တိကို အသိအမှတ်ပြုတာတင် မဟုတ်ပါဘူး။ မြန်မာပြည်သူတွေ လက်မလျှော့သေးဘူးဆိုတာကိုလည်း ကမ္ဘာကြီးကို သတိပေးလိုက်တာပါ။” လို့ ဆုရရှိတဲ့အပေါ် ကင်မ်က မှတ်ချက်ပေးထားပါတယ်။

Forum 2000 က ပြုလုပ်တဲ့ပွဲကို ကင်မ်က မိခင်ဖြစ်သူကိုယ်စား တတ်ရောက်ခဲ့တာဖြစ်ပါတယ်။

“မေမေ့ကို စိတ်ဓာတ်ခွန်အားပေးခဲ့ကြသူတွေနဲ့ မေမေ့ဆီက စိတ်ဓာတ်ခွန်အားရခဲ့ကြသူတွေကို တွေ့ရတော့ ဝမ်းသာသလို ဝမ်းလည်းနည်းမိပါတယ်။ မေမေ့ကို ပိုပြီးသတိရမိတယ်။ မေမေ့ကို မမေ့ကြသေးတဲ့ မိတ်ဆွေတွေနဲ့အတူ မေမေလည်း ဒီနေရာမှာ ရှိနေစေချင်မိပါတယ်။” လို့ ကင်မ်က ပြောထားပါတယ်။

ချက်သမ္မတ ဗားဆလပ် ဟာဗယ်က မိခင်ဖြစ်သူ အကျဉ်းချခံရတဲ့ နှစ်တွေတစ်လျှောက်လုံး မိခင်ဖြစ်သူဘက်က ရပ်တည်ပေးခဲ့သူဖြစ်ပြီး ဒီပွဲမှာ မိခင်ဖြစ်သူကို သတိရနေသူတွေ ဘယ်လောက်များတယ်ဆိုတာ သိခွင့်ရခဲ့တယ်လို့ ဆိုပါတယ်။

ကင်မ်က ဒီပွဲမှာ မိခင်ဖြစ်သူလွတ်မြောက်ရေး တောင်းဆိုတဲ့ Free Her ကမ်ပိန်းအကြောင်းကိုလည်း မျှဝေခဲ့ပြီး မိခင်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဩစတေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ ပြည်ပရောက်မြန်မာတွေက ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံးလွတ်မြောက်ရေးနဲ့ စစ်အုပ်စုရဲ့ ပြည်သူတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်မှုတွေကို ရှုတ်ချဆန့်ကျင်တဲ့ ဆန္ဒပြပွဲ အောက်တိုဘာ ၁၁ ရက် က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ဂျာမနီနိုင်ငံ Bielefeld မြို့မှာပြည်ပရောက်မြန်မာတိုင်းရင်းသားတွေ စုပေါင်းပြီး နိုင်ငံတော်အတိုင်ပင်ခံပုပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက်ရေးအတွက် Free Her Campaign ကို အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာ လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ဒေသခံပြည်သူတွေနဲ့အတူ ပူး​ပေါင်းပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေးနဲ့ သံအမတ်ကြီး ဦး​​ကျော်မိုးထွန်းထောက်ခံရေး လူထုလှုပ်ရှားမှုတွေ အောက်တိုဘာ ၁၀ ရက်က ပြုလုပ်ခဲ့ကြပါတယ်။

သတင်း

နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Kim Aris (ခေါ်) ကိုထိန်လင်း ဦးဆောင်တဲ့ FREE HER Campaign ကို ထောက်ခံအားပေးတဲ့ အနေနဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့ရောက် မြန်မာမိသားစုတွေက အမှတ်တရသစ်ပင်တွေ ဒီကနေ့ (အောက်တိုဘာ ၁၁) စိုက်ပျိုးခဲ့ပါတယ်။