Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်းလွှာ”

ဒီနေ့ (စက်တင်ဘာ ၂၁ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎ပြည်သူကိုယ်တိုင်ထောက်ခံပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေးထူထောင်ဖို့ NUG ကာကွယ်ရေး၀န်ကြီးပြော

အုပ်ချုပ်ရေးထူထောင်မှုဟာ ပြည်သူကို အပေါ်စီးကတက်ပြီး အုပ်ချုပ်တာမျိုးမဟုတ်ဘဲ ပြည်သူကိုယ်တိုင် ထောက်ခံပါဝင်တဲ့ ပြည်သူ့အုပ်ချုပ်ရေး ဖြစ်ရမယ်လို့ NUG ကာကွယ်ရေး၀န် ကြီး ဦးရည်မွန်က ပြောပါတယ်။ စစ်ရေးဆောင်ရွက်ချက်တွေမှာလည်း ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ အကြမ်းဖက်စစ်ကောင်စီနဲ့မပက်သက်တဲ့ လူပုဂ္ဂိုလ်တွေ၊ လုပ်ငန်းတွေကို ထိခိုက်မှု မရှိစေရေး သတိထားဆောင်ရွက်ကြရမယ်လို့ ဒီနေ့ထုတ်လွှင့်တဲ့ PDF ရဲဘော်တွေကို ပြောကြားတဲ့မိန့်ခွန်းမှာ ကာကွယ်ရေး၀န်ကြီးက တိုက်တွန်းပါတယ်။ လုံခြုံရေးအစီအမံတွေဟာ ပြည်သူလူထုရဲ့ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်၊ သွားလာရေးနဲ့ ကုန်သွယ်ရောင်းဝယ်ရေး ကိစ္စတွေအတွက် အနှောင့်အယှက်မဖြစ်အောင် ဆင်ခြင်ဆောင်ရွက်ကြရမယ် လို့ ဆက်လက်လမ်းညွှန်ပါတယ်။

▪︎လက်ယက်ကုန်းကျေးရွာ တိုက်ခိုက်ခံရမှု မြန်မာစစ်တပ်ကို ကုလအတွင်းအတွင်းရေးမှူးချုပ်နဲ့ ကနေဒါ ပြင်းထန်စွာကန့်ကွက်

မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကိုင်းတိုင်း၊ လက်ယက်ကုန်းကျေးရွာရှိ စာသင်ကျောင်းတစ်ကျောင်းမှာ ပညာသင်ကြားနေတဲ့ ကလေးငယ် ၁၁ ဦးအပါအဝင် အနည်းဆုံး အရပ်သားပြည်သူ ၁၃ ဦးသေဆုံးခဲ့ရမှုအပေါ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်က ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မနေ့က ထုတ်ပြန်ပါတယ်။ အထွေထွေအတွင်းရေးမှူးချုပ်ဟာ ထိခိုက်သေဆုံးခဲ့ရသူ မိသားစုတွေနဲ့ထပ်တူ လွန်စွာဝမ်းနည်းကြေကွဲရတယ်လို့ ဖော်ပြပါတယ်။ မြန်မာနိုင်ငံအတွင်းရှိ နိုင်ငံတကာ ရာဇဝတ်မှုများကို ကျူးလွန်ခဲ့သူများအားလုံး တာဝန်ခံမှုရှိစေဖို့ ဆောင်ရွက်ရမယ်လို့ သူက ဆိုပါတယ်။ ကျောင်းများ၊ ဆေးရုံများကို တိုက်ခိုက်မှု ကုလုံခြုံရေးကောင်စီမှ ပြစ်တင်ကန့်ကွက်ထားတဲ့ ကလေးသူငယ်များအပေါ် ကြီးလေးသောချိုးဖောက်မှုခြောက်ခုထဲမှာ တစ်ခုအပါအ၀င်ဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။ ကနေဒါသံရုံးကလည်း ကျောင်းသား ကလေးငယ် ၁၁ ဦး အသက်ဆုံးရှုံးစေခဲ့တဲ့ မြန်မာစစ်တပ်ရဲ့ တိုက်ခိုက်မှုကို အပြင်းထန်ဆုံးရှုတ်ချတယ်လို့ ထုတ်ပြန်ပါတယ်။ နောက်ပြီး မြန်မာစစ်တပ်ကို တာ၀န်ခံခိုင်းဖို့ ဆက်လက်ကူညီကြိုးပမ်းမယ်လို့ ထုတ်ပြန်ပါတယ်။

▪︎မြန်မာစစ်တပ်ကျူးလွန်နေတဲ့ ရာဇ၀တ်မှုတွေကို စုံစမ်းဖော်ထုတ်တဲ့ IIMM ကို ဒေါ်လာတစ်သန်း အမေရိကန်ထပ်မံကူညီ

အမေရိကန်အစိုးရဟာ ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရား (IIMM)ကို ဒေါ်လာ တစ်သန်း ထပ်မံပံ့ပိုးကူညီတယ်လို့ မနေ့က ကြေညာပါတယ်။ မြန် မာစစ်တပ်ရဲ့နှိပ်စက်ကလူပြုမှုကိုခံခဲ့ကြရတဲ့ ထိခိုက်နစ်နာသူတွေနဲ့ သက်သေထွက်ဆိုသူတွေကို အားပေးပံ့ပိုးနိုင်ဖို့ ရည်ရွယ်ထောက်ပံ့တာလို့ ဆိုပါတယ်။ အခြားနိုင်ငံ အစိုးရတွေ အနေနဲ့လည်း မြန်မာစစ်တပ်ရဲ့ ကြမ်းကြုတ်ရက်စက်တဲ့ရာဇဝတ်မှုတွေကြောင့် ထိခိုက်နစ်နာသူတွေနဲ့ မျက်မြင်သက်သေတွေကို အလားတူ ကာကွယ်စောင့်ရှောက်မှုအကူအညီတွေ ပေးအပ်ကြဖို့ အမေရိကန်က တောင်းဆိုပါတယ်။

Public Service Announcement

Public Service Announcement

IIMM အဖွဲ့မှ တာဝန်ရှိသူများ ။ ။ဓါတ်ပုံ-AP
IIMM အဖွဲ့မှ တာဝန်ရှိသူများ ။ ။ဓါတ်ပုံ-AP

▪︎စစ်ကောင်စီတပ်သားတွေ အမှန်တရားဘက် ရပ်တည်ပူးပေါင်းကြဖို့ KNU ဖိတ်ခေါ်

ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင်ရဲ့ စီမံအုပ်ချုပ်မှု နယ်မြေအတွင်းရှိ အကြမ်းဖက် စစ်ကောင်စီ လက်အောက်ခံ တပ်မတော်သား အရာရှိ အရာခံ၊ အကြပ်တပ်သားတွေအနေနဲ့ ဓမ္မ၊ အဓမ္မခွဲခြားစိတ်ဖြာပြီး အကြမ်းဖက်စစ်ကောင်စီရဲ့ မတရားသော အမိန့်စေခိုင်းမှုတွေကို ကျောခိုင်းပြီး အမှန်တရားဘက်ရပ်တည် ပူးပေါင်းပါဝင်လာဖို့ ဖိတ်ခေါ်တိုက်တွန်းလိုက်ပါတယ်။ KNU ညောင်လေးပင်ခရိုင် အမြဲတမ်းကော်မတီ အရေးပေါ်အစည်းအဝေးကို စက်တင်ဘာ ၁၂ ကနေ ၁၉ရက်အထိ ကျင်းပခဲ့ပြီး အစည်းအဝေးမှာ စစ်ကောင်စီတပ်သားများ အမှန်တရားဘက် ရပ်တည်လာရေးကိစ္စကို ဆွေးနွေးခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အမြင်မှန်ရရှိတဲ့ တပ်မတော်သားတွေနဲ့အတူ လက်တွဲကာ အကြမ်းဖက် စစ်ကောင်စီကို တွန်းလှန်ဖို့ KNU ညောင်လေးပင်ခရိုင်က တိုက်တွန်းပါတယ်။

KNU ပူးပေါင်းတပ်ရဲ့ ကြိတ်စခန်းသိမ်းတိုက်ပွဲ ၁၅မိနစ်ကျော်သာကြာခဲ့

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ကော့ကရိတ်မြို့နယ်ရှိ စစ်ကောင်စီရဲ့ ကြိတ်တပ်စခန်းကို မနေ့က တိုက်ခိုက်သိမ်းပိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ခုနှစ်ဦး သေဆုံးပြီး ဒဏ်ရာနဲ့ အရှင်ဖမ်းမိသူ နှစ်ဦးရှိတယ်လို့ KNU က ထုတ်ပြန်ပါတယ်။ မနေ့မွန်းလွဲပိုင်းက KNU လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မ

KNLAကစစ်​ကောင်စီ၏ ကြိတ်စခန်းကိုသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-KNU
KNLAကစစ်​ကောင်စီ၏ ကြိတ်စခန်းကိုသိမ်းပိုက်ပြီး​နောက်​တွေ့ရစဥ်။ ။ဓါတ်ပုံ-KNU

တော်(KNLA) တပ်ရင်း (၁၈) နဲ့ ဒေါနစစ်ကြောင်း -SOG ပူးပေါင်းတပ်ဖွဲ့တို့ ခမရ- ၅၅၇ စခန်း ကြိတ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တာပါ။ ကြိတ်စခန်းကို သြဂုတ် ၈ ရက်ကစလို့ ပိတ်ဆို့ကာရိက္ခာဖြတ်ပြီး တစ်လခွဲနီးပါးအကြာမှာ စခန်းသိမ်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ သိမ်းဆည်းရမိခဲ့တဲ့ လက်နက်တွေထဲမှာ RPG နဲ့ စိန်ပြောင်းအပါအဝင်လက်နက်မျိုးစုံ ၁၂လက်ထက်မနည်းတွေ့ရပြီး ကျည်နဲ့ခဲယမ်းအများအပြားလည်း ရရှိခဲ့ပါတယ်။

KNLAကစစ်​ကောင်စီ၏ ကြိတ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU
KNLAကစစ်​ကောင်စီ၏ ကြိတ်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ပြီး​နောက်သိမ်းဆည်းရမိ​သောလက်နက်ခဲယမ်းများ ။ဓါတ်ပုံ-KNU

▪︎ကျေးသီးနယ်မှာ ရှမ်းလက်နက်ကိုင်တပ်ဖွဲ့အချင်းချင်းတိုက်ပွဲဖြစ်

ရှမ်းပြည်နယ် ကျေးသီးမြို့နယ် မိုင်းရဲကျေးရွာအုပ်စုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နဲ့ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့ ဒီနေ့မနက်ပိုင်းက တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ SSPP က ထုတ်ပြန်ပါတယ်။ မိုင်းရဲကျေးရွာအုပ်စု ပန်ဟိုက်ကျေးရွာအနီးရှိ နမ့်တောင်းချောင်းကူးတံတားအနီးမှာ အခြေချလုပ်ရှားနေတဲ့ SSPPတပ်ကို RCSS က လာရောက်ချောင်းမြောင်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ မိနစ် ၂၀ ခန့်ထိတွေ့တိုက်ပွဲဖြစ်ပွားမှုအတွင်း ထိခိုက်သေဆုံးမှုမရှိဘဲ RCSSတပ်များ ပြန်လည်ဆုတ်ခွာသွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP
SSPP/SSA တပ်ဖွဲ့ဝင်များ ။ဓါတ်ပုံ-SSPP

▪︎မင်းတပ်မြို့ဝင်နဲ့ မတူပီမြို့ထွက် စစ်ကောင်စီဂိတ်စခန်းတွေကို CDF တိုက်ခိုက်

မင်းတပ်မြို့အဝင်ရှိ စစ်ကောင်စီတပ်ဂိတ်ကို မင်းတပ်ချင်းကာကွယ်ရေးတပ်(CDF)က ဒီနေ့မနက် အစောပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်များပြားနိုင် တယ်လို့ မင်းတပ် CDF က အသိပေးပါတယ်။

မင်းတပ်မြို့ တစ်​နေရာ ။ဓါတ်ပုံ-CDF(မင်းတပ်)
မင်းတပ်မြို့ တစ်​နေရာ ။ဓါတ်ပုံ-CDF(မင်းတပ်)

အဲဒီတိုက်ခိုက်မှုဟာ စစ်ကောင်စီတပ်မှ ဝါဒဖြန့်ချိရေးအနေနဲ့ ဒီနေ့ကျင်းပတဲ့ စျေးရောင်းပွဲတော်ကို ဆန့်ကျင်ကန့်ကွက်တဲ့ အနေနဲ့ တိုက်ခိုက်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ အလားတူ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းကလည်း မတူပီမြို့မှ ၂ မိုင်အကွာမှာ ရှိတဲ့ စစ်ကောင်စီရှေ့တန်းကင်းစခန်းတစ်ခုကို ချင်း​ဒေသကာကွယ်​ရေးတပ် -CDF(မတူပီ)က ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၆ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF(မင်းတပ်)
ချင်း​ဒေသကာကွယ်​ရေးတပ်ဖွဲ့ဝင်များ။ဓါတ်ပုံ-CDF(မင်းတပ်)

▪︎တန့်ဆည်မှာ စစ်အုပ်စုက စစ်ကြောင်းနှစ်ကြောင်းခွဲကာ ရွာသုံးရွာကို မီးရှို့ဖျက်ဆီး၊ ဒေသခံအများအပြား ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲကာ ကျေးရွာ သုံးရွာကို မီးရှို့ဖျက်ဆီးသွားတာကြောင့် ရွာသူ၊ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ တန့်ဆည်မြို့နယ်ရှိ ​ပျုများကြီးစိုးရာ ကဘဲ၊ ဘေရင်း၊ ကျွန်းလည်မှ အင်အား ၁၀၀ခန့်ပါ စစ်ကောင်စီတပ်နဲ့ပျူစောထီးတွေဟာ မနေ့က စစ်ကြောင်းနှစ်ကြောင်းခွဲကာ စစ်ကြောင်းထိုးလာခဲ့တာပါ။ စစ်ကြောင်းတစ်ကြောင်းဟာ မနေ့မွန်းလွဲပိုင်းမှာ တန့်ဆည်မြို့နယ်ရှိ ဂွေးကုန်းကျေးရွာကို ဝင်ရောက်မီးရှို့ဖျက်ဆီးခဲ့ပြီး နေအိမ် ၁၀လုံးခန့် မီးလောင်ပြာကျခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကျန်စစ်ကြောင်းတစ်ကြောင်းက မနေ့ညနေပိုင်းမှာ အင်းပတ်ကျေးရွာနဲ့ အိုးသည်ကုန်းရွာတို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ပျက်စီးမှုအခြေအနေ မသိရသေးပါဘူး။ ကျေးရွာသုံးရွာမှ ပြည်သူအများအပြား ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ​ဒေသခံတွေက ပြောပါတယ်။

▪︎သာကေတမြို့နယ်ရှိ စစ်ကောင်စီခန့် အုပ်ကြီးတစ်ဦး ပစ်ခတ်ရှင်းလင်းခံရ

သာကေတမြို့နယ်ရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတစ်ဦးကို ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ Soul Takers- Yangon Underground Force က ဒီနေ့ထုတ်ပြန်ပါတယ်။ မနေ့ ညပိုင်းက သာကေတ ၄/မြောက်ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းဗိုလ်ကို အောင်ဇေယျလမ်းဆုံ ရိုးရိုးလေး လက်ဖက်ရည်ဆိုင်မှာ ပစ်ခတ်ရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ အဲဒီအုပ်ချုပ်ရေးမှူးဟာ တော်လှန်ရေး အင်အားစုတွေ၊အနီးပတ်ဝန်းကျင်

ရှိ UG အဖွဲ့တွေကို စုံစမ်းကာ စစ်ကောင်စီကို သတင်းပေးခြင်း ၊ကိုယ်တိုင် လိုက်လံညွှန်ပြ ဖမ်းဆီးစေခြင်းနဲ့ဝင်ရောက်စီးနင်းမှုတွေကိုအင်တိုက်အားတိုက်လုပ်ဆောင်နေတာကြောင့် ရှင်းလင်းခဲ့တာလို့ ထုတ်ပြန်ပါတယ်။

▪︎နိုင်ငံတဝန်းဆန္ဒပြပွဲတွေ

ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ Yangon Revolution Force – YRF(Soft Strike Community)လူငယ်တွေက မြန်မာလူထုကိုယ်စား ရန်ကုန်မြို့ ကန်တော်ကြီးမှာ “အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ ဘယ်တော့မှမငြိမ်းချမ်းဘူး” စာသားချိတ်ကာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ရန်ကုန်မြို့လယ်မှယ​​နေ့ဆန္ဒပြမှု။ ။ ဓာတ်ပုံ - Yangon Revolution Force - YRF
ရန်ကုန်မြို့လယ်မှယ​​နေ့ဆန္ဒပြမှု။ ။ ဓာတ်ပုံ – Yangon Revolution Force – YRF

မန္တလေးတိုင်း ပြည်ကြီးတံခွန်သပိတ်အင်အားစု ဆန္ဒပြပြည်သူတွေက “မင်းတို့စစ်တပ်က ကလေးတွေကိုလည်း ပစ်သတ်တာပဲလား” စာသားနဲ့ ကလေးများကို အကြမ်းဖက် စစ်တပ်က ပစ်ခတ်သတ်ဖြတ်နေပုံ၊ အနိုင်ကျင့်နှိပ်စက်နေပုံတို့ကို သရုပ်ဖော်၍ ဆန္ဒပြခဲ့ပါတယ်။

စာသက်​နေ​သောက​လေးငယ်များကိုစစ်​ကောင်စီတပ်က​လေ​ကြောင်းမှစီးနင်းပစ်ခတ်သတ်ဖြတ်မှုအ​ပေါ်ဆန့်ကျင်ဆန္ဒပြသည့်အ​နေဖြင့် ပါ​​ဖော်မန့်ဖြင့် ဆန္ဒထုတ်​ဖော်​နေစဥ်။ ဓါတ်ပုံ-ပြည်ကြီးတံခွန်သပိတ်အင်အားစု
စာသက်​နေ​သောက​လေးငယ်များကိုစစ်​ကောင်စီတပ်က​လေ​ကြောင်းမှစီးနင်းပစ်ခတ်သတ်ဖြတ်မှုအ​ပေါ်ဆန့်ကျင်ဆန္ဒပြသည့်အ​နေဖြင့် ပါ​​ဖော်မန့်ဖြင့် ဆန္ဒထုတ်​ဖော်​နေစဥ်။ ဓါတ်ပုံ-ပြည်ကြီးတံခွန်သပိတ်အင်အားစု

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ဆက်လက်ထားရှိရေးအတွက် စစ်ကိုင်းတိုင်း ယင်းမာပင်-ဆားလင်းကြီးမြို့နယ်ရှိ ဒေသခံပြည်သူများက “Accept NUG and Our Ambassador, Reject Dictator” စာသားကိုင်ဆောင်ကာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီနေ့ (မတ်လ ၂၂ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၂၁ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၈ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

သတင်း

ဒီနေ့ (ဖေဖော်ဝါရီ ၁၃ ရက်) ညနေခင်းသတင်းတွေကို People’s Spring ကတင်ဆက်ပေးပါမယ်။