Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

ပုသိမ်ထောင်တွင်း မတရားညှင်းနှိပ်စက်မှုနှင့် ဥပဒေမဲ့ သတ်ဖြတ်မှုအား AAPP ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချ

မတရားကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် တရားမျှတမှုရရှိနိုင်ရေး အစွမ်းကုန် ကြိုးစားအကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဟုလည်း AAPPက ထုတ်ပြန်သည်။

ပုသိမ်မြို့ အကျဉ်းထောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ
ပုသိမ်မြို့ အကျဉ်းထောင်အား တွေ့ရစဉ်၊ ဓာတ်ပုံ - CJ

▪️မြန်မာနိုင်ငံ၌ နေ့စဉ်ကြုံနေရသည့်စစ်ကောင်စီ ၏ ကျူးလွန်မှုကို နိုင်ငံတကာ တရားစီရင်ရေးဖြင့် အရေး ယူနိုင်ရေး ကြိုးပမ်းပေးရန် တိုက်တွန်း

နိုင်ငံရေးအကျဉ်းသားတစ်ဦး အသက်ဆုံးရှုံးခဲ့ပြီး နိုင်ငံရေးအကျဉ်းသားအများအပြား ဒဏ်ရာရခဲ့သည့် ပုသိမ်အကျဉ်းထောင်အတွင်း မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ယနေ့ ထုတ်ပြန်သည်။

ပုသိမ်အကျဉ်းထောင်အတွင်း၌ ဇန်နဝါရီ ၅ ရက် ညပိုင်းတွင် နိုင်ငံရေးအကျဉ်းသားများနှင့် ထောင် အာဏာပိုင်တို့ကြား ပြဿနာဖြစ်ခဲ့ပြီး ထောင်အာဏာပိုင်တို့ဘက်မှ လူကိုသေစေနိုင်သည့် လက်နက်များဖြင့် ပစ်ခတ်ခြင်း၊ အသံဗုံးခွဲခြင်း၊ အုပ်စုလိုက်ဝိုင်းဝန်းရိုက်နှက်ခြင်း၊ လက်ပြန်ကြိုးတုပ် ပြီးအပြင်းအထန်ရိုက်နှက်ခြင်းများ ပြုလုပ်ခဲ့ရာ နိုင်ငံရေးအကျဉ်းသားကို​ဝေယံဖြိုး သေဆုံးခဲ့ရပြီး နိုင်ငံရေးအကျဉ်းသားအများအပြား အပြင်း အထန် ဒဏ်ရာရရှိခဲ့သည်။

အဆိုပါလုပ်ရပ်သည် အကျဉ်းထောင်လုပ်ထုံး လုပ်နည်းများကိုကျော်လွန်၍ လုပ်ဆောင်ခြင်းဖြစ်ပြီး မတရားညှဉ်းပန်းနှိပ်စက်မှုနှင့် ဥပဒေမဲ့သတ်ဖြတ်ခြင်းဖြစ်သည့် ကြီးမား သောရာဇဝတ်မှုကိုပါကျူးလွန်လိုက်သည့်လုပ်ရပ် ဖြစ်သည်ဟု AAPPက ထုတ်ပြန်ခဲ့ပြီး ပုသိမ်အကျဉ်းထောင် တာဝန်ခံအရာရှိ နေမင်းထက်၊ ပုသိမ်မြို့မရဲစခန်မှူး မြင့်အောင်၊ နယ်မြေစခန်းမှူးကျော်ဦးတို့အပါအဝင် အမိန့်ပေးစေခိုင်းသူများ၊ သက်ဆိုင်ရာထောင်အာဏာပိုင်များ၊ ကိုယ်တိုင်ကျူးလွန်သူများအားလုံးအနေဖြင့် တာဝန်ခံရမည်ဟု ဖော်ပြသည်။

ထပ်မံရရှိ​သောသတင်းများအရ နိုင်ငံ​ရေးအကျဥ်းသားကို​ဝေယံဖြိုး မှာ​သေနတ်ဖြင့်ပစ်သတ်ခံရခြင်းဖြစ်ပြီး ၎င်းအပြင် နိုင်ငံ​ရေးအကျဥ်းသား ကိုဝင်းမင်းထက်မှာ ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခံရ​ကြောင်းလည်းသိ့ရသည်။

Public Service Announcement

Public Service Announcement

“သူတို့နှစ်ယောက်ကဒီဖြစ်စဉ်မဖြစ်ခင်မှာထောင်အာဏာပိုင်တွေနဲ့ အချေအတင်ဖြစ်ခဲ့တာရှိတယ်လို့ သတင်းရတယ်။ အဲဒီအပေါ်မှာ အငြိုးထားတာလည်း ဖြစ်မယ်။ ကိုဝေယံဖြိုးကတော့ သေနတ်နဲ့ပစ်ခတ်ခံရပြီးမှ ကျဆုံးတာ၊ ကိုဝင်းမင်းထက်ကတော့ ရိုက်နှက်ညှဉ်းပန်းပြီးတော့ လက်လွန်ပြီး ကျဆုံးတာ။ မည်သို့ပင်ဆိုစေကာမူ ဒါက ရာဇဝတ်မှု၊ လူသတ်မှု။ အကျဉ်းထောင်ထဲမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာပဲ။”ဟုနိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ ဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က RFA သတင်းဌာနသို့ဖြေကြားထားသည်။

” ကြိုးမိန့်ပေးခံရတဲ့ဆရာကောင်းခန့်ကျော်ကိစ္စနဲ့စဖြစ်တာကြိုးစင်ဆောက်တဲ့ကိစ္စကိုကန့်ကွက်ကြလို့ကိုဝေယံဖြိုးအပါအဝင်ရှစ်ဦးကိုဆွဲထုတ်ပြီးတစ်ညလုံးရိုက်တာ။ပြန်ပို့တော့ကိုဝေယံဖြိုး ပါမလာတော့ဘူး”ဟုဧရာဝတီတိုင်း၊ ပုသိမ်မြို့မှ တော်လှန်ရေးလှုပ်ရှားသူတစ်ဦးကလည်းပြောသည်။

“လူမဆန်တဲ့ လုပ်ရပ်တွေအတွက် စစ်ကောင်စီနဲ့အပေါင်းအပါတွေ ပြန်ပေးဆပ်ရမယ်။ အလှည့်ကျမနွဲ့ကြစတမ်းပဲ” ဟု သေဆုံးသူ ကိုဝေယံဖြိုး၏ သူငယ်ချင်းတစ်ဦးကပြောသည်။

လက်ရှိပုသိမ်အကျဥ်းထောင်မှူးမှာ ညွှန်ကြားရေးမှုးနေမင်းထက်ဆိုသူဖြစ်ပြီး ၎င်းသည် ပြီးခဲ့သည့် ဒီဇင်ဘာလကုန်ကမှ ပြောင်းရွေ့လာသူဖြစ်​ကြောင်းဧရာဝတီတိုင်းတော်လှန်ရေးအင်အားစုကပြောသည်။

မတရားကျူးလွန်ခံခဲ့ရသည့် နိုင်ငံရေးအကျဉ်းသားများအားလုံးအတွက် တရားမျှတမှုရရှိနိုင်ရေး အစွမ်းကုန် ကြိုးစားအကောင်အထည် ဖော်ဆောင် ရွက်သွားမည်ဟုလည်း AAPPက ထုတ်ပြန်သည်။

မြန်မာနိုင်ငံတွင် အကြမ်းဖက်စစ်အုပ်စုအာဏာသိမ်းပြီးချိန်မှစပြီး တရားဥပဒေစိုးမိုးရေးပျက်ပြယ် သွားခဲ့ပြီး အကြမ်းဖက်စစ်အုပ်စု၏ အမာခံထောက်တိုင်များဖြစ်ကြသည့် တရားသူကြီးများ၊ စစ်သားများ၊ ရဲများ၊ အကျဉ်း ဦးစီးဝန်ထမ်းများက စစ်အုပ်စုအလိုကျ မတရားဖမ်းဆီးခြင်း၊ ဥပဒေမဲ့မတရားပြစ်ဒဏ်များချမှတ်ခြင်း၊ အကျဉ်း ထောင်အသီးသီးတွင်လည်း နိုင်ငံရေးအကျဉ်းသားများအား ရည်ရွယ်ချက်ရှိရှိဖြင့် ညှဉ်းပန်းနှိပ်စက်ခြင်း၊ အနိုင်ကျင့်စော်ကားခြင်းများ ပြုလုပ်လျက်ရှိနေသည်ဟု ဖော်ပြထားသည်။

ပုသိမ်အကျဉ်းထောင်တွင်းရမတရားညှဉ်းပန်းနှိပ်စက်ခြင်းနှင့် ဥပဒေမဲ့မတရားသတ်ဖြတ်ခြင်း ကျူးလွန်မှုသည် အခြားရက်စက်၍ လူမဆန်သော သို့မဟုတ် လူ့ဂုဏ်သိက္ခာကျဆင်းစေသော ဆက်ဆံမှုသို့မဟုတ် ပြစ်ဒဏ်ပေးမှုဆန့်ကျင်ရေး နိုင်ငံတကာ သဘောတူစာချုပ် (UNCAT) ကို အတိအလင်းချိုးဖောက် ခြင်းဖြစ်သည်ဟု AAPPက ထုတ်ပြန်ခဲ့သည်။

ပုသိမ်ထောင်ဖြစ်စဉ်အပါအဝင် မြန်မာနိုင်ငံအတွင်း နေ့စဉ်ကြုံတွေ့ နေရသည့် လူ့အခွင့်အရေးချိုးဖောက်မှုများ၊ ဥပဒေမဲ့သတ်ဖြတ်မှုများနှင့် မတရားညှဉ်းပန်းနှိပ်စက်မှုများသည် နိုင်ငံတကာလူ့အခွင့်အရေးဆိုင်ရာဥပဒေများအား ကျူးလွန်နေခြင်းဖြစ်ကြောင်း AAPPက ဆိုသည်။

အဆိုပါကျူးလွန်မှုများကို ပြည်တွင်း တရားစီရင်ရေးကဏ္ဍအတွင်း ကိုင်တွယ်အရေးယူနိုင်ခြင်းမရှိသည့်အတွက် နိုင်ငံတကာတရားစီရင်ရေးယန္တရားတွင် အရေးယူနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းပေးကြပါရန် AAPPက နိုင်ငံတကာ အသိုင်းအဝိုင်းအား တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၃,၆၀၀ ကျော်ထဲမှာ ၈၃၅ ဦးဟာ ပြစ်ဒဏ်ချခံလိုက်ရတယ်လို့ မြန်မာအမျိုးသမီးများသမဂ္ဂက ဖော်ပြပါတယ်။

သတင်း

နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်လာမှု အချက်အလက်ကို ဆက်လက်ကောက်ယူနေဆဲဖြစ်တယ်လို့AAPP က ဖော်ပြပါတယ်။

သတင်း

အသက် (၂၂)နှစ်အရွယ် ကိုဉာဏ်ဝင်းထက်သည် ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် စိတ်ပညာ ဒုတိယနှစ်ကျောင်းသားတစ်ဦးဖြစ်ပြီး လက်ရှိတွင် အင်းစိန်အကျဉ်းထောင်၌ အကျဉ်းကျခံနေရကာ ကျန်းမာရေးကောင်းမွန်ကြောင်း ၎င်းနှင့် နီးစပ်သည့်မိတ်ဆွေတစ်ဦးက ဆိုသည်။

သတင်း

ပြီးခဲ့သည့် ဇွန်လ ၂၇ရက်တွင်ဒိုက်ဦး(ကျိုက်ဇကော)ထောင်မှ နိုင်ငံရေးအကျဉ်းသားများအား ထောင်ပြောင်းရွှေ့သည်ဟုဆိုကာ စစ်တပ်မှ ခေါ်ထုတ်သွားပြီးနောက် နိုင်ငံရေးအကျဉ်းသား (၃၇) ဦးမှာ ပျောက်ဆုံးနေခဲ့သည်။