Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

SSPP ဌာနချုပ်ပေါ်သို့ စစ်ကောင်စီ အကြောင်းမကြားဘဲ တိုက်လေယာဉ်နှစ်ပတ်ဝဲပြီး အနိမ့်ပျံသန်း

ဇန်နဝါရီ ၂၄ရက် နံနက် ၁၁နာရီ ၅၀မိနစ်တွင် အာဏာသိမ်းစစ်တပ်မှ YAK-130 အမျိုးစား ဂျက်တိုက်လေယာဉ် အနိမ့်ရှပ်ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီ​၏ တိုက်လေယာဉ် ပျံဝဲနေစဉ်၊ ဓာတ်ပုံ - SSPP
စစ်ကောင်စီ​၏ တိုက်လေယာဉ် ပျံဝဲနေစဉ်၊ ဓာတ်ပုံ - SSPP

▪️စစ်ကောင်စီ၏လုပ်ရပ် ရန်စစော်ကားမှုဟု ယူဆနိုင်၍ နောက်ထပ်မလုပ်ရန် SSPP သတိပေး

“ကချင်တို့ ချင်းတို့လိုလုပ်ရင် ကချင်တို့ချင်းတို့ထက် ပိုသာတဲ့တုံ့ပြန်မှုမျိုး သူတို့ခံရမှာပေါ့” – SSPPနှင့် နီးစပ်သူ

ရှမ်းပြည်တိုးတက်ရေးပါတီ/ရှမ်းပြည်တပ်မတော် (SSPP/SSA) ဌာနချူပ် ဝမ်ဟိုင်းသို့ စစ်ကောင်စီတပ်က ယနေ့ နေ့လည် ၁၂နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် အနိမ့်ပျံသန်းမှု ပြုလုပ်ခဲ့ရာ ယင်းသို့ လုပ်ဆောင်ခြင်းသည် ရန်စစော်ကားမှုဟု ယူဆနိုင်၍ နောင်တွင်အကြောင်းကြားခြင်းမရှိဘဲ တိုက်လေယာဉ် ပျံသန်းမှု မလုပ်ရန် SSPPက သတိပေး ထုတ်ပြန်သည်။

ဇန်နဝါရီ ၂၄ရက် နံနက် ၁၁နာရီ ၅၀မိနစ်တွင် အာဏာသိမ်းစစ်တပ်မှ YAK-130 အမျိုးစား ဂျက်တိုက်လေယာဉ် အနိမ့်ရှပ်ပျံသန်းခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။

“တစ်မိနစ် စက္ကန့် ၃၀လောက် ပျံသွားတယ်။ ဘယ်လိုကြောင့် ပျံသွားလဲတော့မသိဘူး။ ပျံတာတော့ ခပ်နိမ့်နိမ့် ပျံသွားတာပဲ။ ခပ်နိမ့်နိမ့် ပတ်ပြီးတော့ နှစ်ပတ်ဝဲသွားတာပဲ”ဟု SSPPနှင့် နီးစပ်သည့် သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ​၏ တိုက်လေယာဉ် ပျံဝဲနေစဉ်၊ ဓာတ်ပုံ - SSPP
စစ်ကောင်စီ​၏ တိုက်လေယာဉ် ပျံဝဲနေစဉ်၊ ဓာတ်ပုံ – SSPP

ထိုသို့ အကြောင်းမကြားဘဲ အနိမ့်ပျံသန်းမှု ပြုလုပ်ခြင်းသည် SSPP/SSA အပေါ်ရန်စ စော်ကားသည့်လုပ်ရပ်သာဖြစ်သည်ဟု ယူဆနိုင်သည့်အတွက် ၊ နောက်တစ်ကြိမ် ဤကဲ့သို့ အကြောင်းကြားခြင်းမရှိပဲ ဝမ်ဟိုင်းမြို့ပေါ်သို့ လေယာဉ်ပျံသန်းခြင်းများ ၊ လေ့ကျင့်ခြင်များ ထပ်မံပြုလုပ်ပါက စစ်ကောင်စီ၏ တာဝန်သာဖြစ်ကြောင်း SSPPက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

မည်သည့်အတွက်ကြောင့် တိုက်လေယာဉ် ပျံသန်းစေသည်ကို SSPP ဗဟိုမှ ခေါင်းဆောင်များက သိရှိလိုကြောင်း SSPP ပြောရေးဆိုခွင့်ရှိသူ ဒုတိယ ဗိုလ်မှူးကြီးစိုင်းဆုက စစ်ကောင်စီ၏ ငြိမ်းချမ်းရေးညှိနှိုင်းရေးကော်မတီအတွင်းရေးမှူး (၂)ဖြစ်သူ မင်းနောင်ထံ ဆက်သွယ်မေးမြန်းခဲ့သည်ဟု ဆိုသည်။

Public Service Announcement
Public Service Announcement

တိုက်လေယာဉ် ပျံသန်းနေချိန်တွင် စစ်ကောင်စီနှင့် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်သည့် RCSSဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စ်တို့ ဆွေးနွေးပွဲ လုပ်နေချိန်မသိဟု စစ်ကောင်စီ ကိုယ်စားလှယ် မင်းနောင်က အကြောင်းပြန်ကြားခဲ့ပြီး ဖြစ်စဉ်နှင့် ပတ်သက်၍ အကြောင်းပြန်ပေးမည်ဟု ဖြေကြားခဲ့ကြောင်း SSPPက ထုတ်ပြန်သည်။

စစ်ကောင်စီနှင့် ဆွေးနွေးနေသည့် RCSSသည် ရှမ်းလက်နက်ကိုင်တပ်ဖြစ်သော်လည်း SSPP နှင့် အဆင်ပြေမှုမရှိသည့် လက်နက်ကိုင်တပ်ဖြစ်သည်။ SSPPသည် အာဏာသိမ်းစစ်ကောင်စီနှင့် ဆွေးနွေးမှု ပြုလုပ်နေသည့် လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော်လည်း ယခင်ကလည်း စစ်ကောင်စီနှင့် စစ်ရေးတင်းမာမှု၊ တိုက်ပွဲဖြစ်ပွားမှု အချို့ရှိခဲ့သည်။

ယခုကဲ့သို့ စစ်ကောင်စီတပ်ဘက်က တိုက်လေယာဉ် ပျံသန်းပြမှုက ဒေသခံ ပြည်သူများကို ကြောက်လန့်မှု ဖြစ်ပေါ်စေသည်ဟု SSPPနှင့် နီးစပ်သူက ပြောသည်။

စစ်ကောင်စီ​၏ တိုက်လေယာဉ် ပျံဝဲနေစဉ်၊ ဓာတ်ပုံ - SSPP
စစ်ကောင်စီ​၏ တိုက်လေယာဉ် ပျံဝဲနေစဉ်၊ ဓာတ်ပုံ – SSPP

“ဘယ်လိုသက်ရောက်လဲဆိုရင် ပွင့်ပွင့်လင်းလင်းပြောရရင် အသက်ကြီးတဲ့သူကအစ ကလေးတွေကအစ လေယာဉ်သံကြားရင် ကြောက်လန့်တကြားရှိတာပေါ့။ ဒါကြီးက မလုပ်သင့်တဲ့ဟာပေါ့။ မလုပ်သင့်တာကို လာပတ်မောင်းတယ်ဆိုတာ ပွင့်ပွင့်လင်းလင်း ပြောရင် ရှိတဲ့အင်အား ထုတ်ထုတ်ကြွားတာပေါ့။ ထုတ်ထုတ်ကြွားရင် တစ်ဖက်ကလည်း ကိုယ့်အင်အားကို ပြင်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ယခု ဇန်နဝါရီ ၁၀ရက် ကပင် ချင်းအမျိုးသားတပ်ဦး/ချင်းအမျိုးသားတပ်မတော်(CNF/CNA) ဌာနချုပ်ကို လေကြောင်းမှ ၂ရက်ဆက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ၂၀၂၂ နှစ်ကုန်ပိုင်းကလည်း ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ အနမ့်ပါဒေသရှိ KIO အထိမ်းအမှတ်နေ့အကြို ပွဲတော်ကို လေကြောင်းက တိုက်ခိုက်ခဲ့၍ KIO/KIA ဝန်ထမ်းများ၊ ပြည်သူများ၊ အဆိုတော် များ၊ စီးပွားရေးလုပ်ငန်းရှင်များ များစွာ သေဆုံးထိခိုက်ခဲ့ရသည်။

ယခုကဲ့သို့ စစ်ကောင်စီက ဝမ်ဟိုင်းဌာနချုပ် ပေါ် သို့ တိုက်လေယာဉ် ပျံသန်းပြမှု နှင့်ပတ်သက်ပြီး SSPPနှင့် နီးစပ်သူက “ကချင်တို့ ချင်းတို့မှာ လုပ်ခဲ့တာတွေတော့ရှိတာပေါ့။ ဒါပေမဲ့ ကျွန်တော် တို့က သူ့ဘက်၊ ကိုယ့်ဘက် ဘာမှရန်စစော်ကားခြင်းမရှိဘဲနေတဲ့ဟာပဲလေ။ ကချင်တို့ ချင်းတို့လို လုပ်ရင် ကချင်တို့ ချင်းတို့ထက် ပိုသာတဲ့ တုံ့ပြန်မှုမျိုး သူတို့ခံရမှာပေါ့”ဟု မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။

သတင်း

နှစ်ဘက်တိုက်ပွဲများကြောင့် ဆွာမြို့အနီးတစ်ဝိုက်ရှိ ကျေးရွာ(၅)ရွာမှ ပြည်သူအများအပြား နေအိမ်စွန့်ခွာ၍ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်း ရှောင်နေကြရကြောင်း စုံစမ်းသိရသည်။

သတင်း

ကော့ကရိတ်မြို့မြောက်ပိုင်း၌ နေရာယူထားသော ကျားဖြူစစ်ကြောင်းရှိရာသို့ စစ်ကောင်စီတပ်က တိုးဝင်လာ၍ တိုက်ပွဲစတင်ဖြစ်ခဲ့ပြီး လက်ရှိတွင် စစ်ကောင်စီက လေကြောင်းမှ အဆိပ်ငွေ့ဗုံးအသုံးပြုတိုက်ခိုက်နေသည်ဟု ၎င်းက ပြောသည်။