Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (ဇန်နဝါရီ ၂၈ ရက်)ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်အုပ်စုရဲ့ တရားမဝင်ရွေးကောက်ပွဲမဖြစ်မြောက်ဖို့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းလုပ်ဆောင်မယ်

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ NUCC နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG တို့ဟာ တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီ(Anti-Sham Election Joint Working Committee)ကို ဖွဲ့စည်းလိုက်ပြီး အဲဒီကော်မတီဟာ NLD CWC နဲ့ သပိတ်အင်အားစုတွေနဲ့ သီးခြားစီတွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဒီနေ့ သတင်းထုတ်ပြန်ပါတယ်။ NUCC နဲ့ NUG တို့မှ ကိုယ်စားလှယ်တွေပါဝင်တဲ့ တရားမဝင်ရွေးကောက်ပွဲဆန့်ကျင်ရေးပူးပေါင်းလုပ်ငန်းကော်မတီဟာ NUCC က အတည်ပြုထားတဲ့ တရားမဝင် ရွေးကောက်ပွဲ ဆန့်ကျင်ရေးနဲ့ ပတ်သက်တဲ့ ပူးတွဲဆောင်ရွက်ရမည့်လုပ်ငန်းစဉ်တွေကို တင်ပြဆွေးနွေးခဲ့တယ်လို့ ဖော်ပြပါတယ်။ NLD CWC နဲ့ သပိတ်အင်အားစုတွေကလည်း တရားမဝင်ရွေးကောက်ပွဲ ဆန့်ကျင်ရေးဆိုင်ရာ ချမှတ်ထားသော လုပ်ငန်းစဉ်များနဲ့ ဆောင်ရွက်နေတဲ့ လုပ်ငန်းစဉ်များကို မျှဝေဆွေးနွေးခဲ့ကာ ရှေ့ဆက်ပူးပေါင်းဆောင်ရွက်မယ့် နည်းလမ်းများကို ဆွေးနွေးချမှတ်နိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ NLD နဲ့ သပိတ်အင်အားစုတွေကို တွေ့ဆုံ
စစ်ကောင်စီရွေးကောက်ပွဲဆန့်ကျင်ရေးကော်မတီ NLD နဲ့ သပိတ်အင်အားစုတွေကို တွေ့ဆုံ

▪︎စစ်အာဏာရှင်သက်ဆိုးရှည်စေဖို့ ကြိုးပမ်းတဲ့ အတုအယောင် ဆောင်ရွက်မှုဟု KNDF ပြော

အကြမ်းဖက်စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲမှာ စစ်အာဏာရှင်သက်ဆိုးရှည်စေဖို့ ကြိုးပမ်းတဲ့ အတုအယောင်ဆောင်ရွက်မှုတစ်ခုသာဖြစ်တယ်လို့ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF)က ဒီနေ့ အသိပေးထုတ်ပြန်ပါတယ်။ လူထုဆန္ဒမပါဝင်တဲ့ တရားမဝင် အတုအယောင် ရွေးကောက်ပွဲကို ကရင်နီပြည်နယ်အတွင်း ပြုလုပ်ခွင့်ပြုမှာမဟုတ်ဘဲ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဥ်များကို တစ်ညီတစ်ညွတ်တည်း ဆန့်ကျင်တိုက်ဖျက်မယ်လို့ အသိပေးပါတယ်။ ဒီတရားမဝင်ရွေးကောက်ပွဲနဲ့ ပတ်သက်လာတဲ့ လုပ်ငန်းစဥ်မှန်သမျှ အရေးယူဖို့ ဆုံးဖြတ်ထားတယ်တယ်လို့ KNDF တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

▪︎စစ်တပ်လက်ထဲမှာ နိုင်ငံ့အခြေအနေ အလုံးစုံ ပျက်သုဉ်းမှုမျိုးဖြစ်လာနေပြီလို့ ကုလသမဂ္ဂဆို

မြန်မာစစ်တပ်ရဲ့ အာဏာသိမ်းမှုအပြီး နိုင်ငံရဲ့ အခြေအနေဟာ အလုံးစုံ ပျက်သုဉ်းမှုတွေဆီ ဦးတည်ပြီး စိုက်ဆင်းနေတယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာဌာနအကြီးအကဲက ပြောကြားလိုက်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့အရပ်သားအစိုးရကို စစ်တပ်က မတရားဖမ်းဆီးပြီး အာဏာသိမ်းလိုက်တဲ့နောက်ပိုင်း လူ့အခွင့်အရေး ကိစ္စအပါအဝင် ကဏ္ဍပေါင်းစုံမှာ တောက်လျှောက် ဆုတ်ယုတ်လာနေတယ်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး တက်ခ်က ဆိုပါတယ်။ ပြည်သူလူထုအပေါ် ကာကွယ်စောင့်ရှောက်ဖို့ စစ်တပ်မှာ သတ်မှတ်စည်းမျဉ်း ဥပဒေတွေ ရှိထားပေမယ့်လည်း အာဏာသိမ်း စစ်တပ် လက်အောက်မှာတော့ နိုင်ငံတကာ အသိအမှတ်ပြု ဥပဒေတွေ စိုးမိုးမှုက မရှိသလောက်ထိ ကျဆင်းသွားကြောင်း၊ တကယ်တမ်းမှာ စစ်တပ်ဟာ ပြည်သူကို ကာကွယ်ရမယ့်အစား ပစ်မှတ်ထားပြီး ရန်လိုတိုက်ခိုက်နေကြောင်းလည်း သူက ပြောပါတယ်။ နောက်ပြီး စစ်တပ်အနေနဲ့ လူနေရပ်ရွာတွေကို မီးရှို့တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ပစ်ခတ်တာတွေအပြင် ပြည်သူတွေကို ဖမ်းဆီးနှိပ်စက်တာ၊ ဥပဒေမဲ့ စီရင်ကွပ်မျက်တာတွေပါ လုပ်ဆောင်နေတယ်လို့ တက်ခ်က ဆက်ပြောသွားပါသေးတယ်။

Public Service Announcement

Public Service Announcement

▪︎ကောလင်းမြို့နယ် လေကြောင်းတိုက်ခိုက်ခံရမှု ပြည်သူတစ်ဦးနဲ့ ပအဖ တစ်ဦးထိခိုက်

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်အတွင်း စစ်ကောင်စီတပ်လေကြောင်းပစ်ခတ်မှုကြောင့် ပြည်သူတစ်ဦးနဲ့ မြို့နယ်ပြည်သူအုပ်ချုပ်ရေး (ပအဖ)အဖွဲ့ဝင်တစ်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသသတင်းရင်းမြစ် Kawlin Revolution – KR က ပြောပါတယ်။ မနေ့ နေ့ခင်းက ကန့်ဘလူမြို့နယ်မှာ ခရီးတစ်ထောက်နားပြီး ဆက်ထွက်လာတဲ့ စစ်ဘက်သုံးရဟတ်ယာဥ် Mi 35 နှစ်စီး၊ Mi 17 နှစ်စီးတို့နဲ့ ကောလင်းမြို့နယ် ကျောက်ပျဥ်သာတိုက်နယ်မှ ကုက္ကိုကုန်းရွာကို လေကြောင်းမှ ပစ်ခတ်ခဲ့တာပါ။ စစ်သုံးရဟတ်ယာဉ်လေးစီးမှာ Mi 35 နှစ်စီးနဲ့ ပစ်ခတ်ကာ ကျန် Mi 17 ရဟတ်ယာဥ်နှစ်စီးက စစ်ကောင်စီတပ်သား ၆၀ ခန့်ကို တင်ဆောင်လာကာ ကုက္ကိုကုန်းရွာမှာ ချပေးပြီး ပစ်ခတ်စီးနင်းမှုလုပ်ဆောင်ခဲ့တာလို့ KR Team က ရှင်းပြပါတယ်။

ကောလင်း(ပ.က.ဖ)မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်(ပုံဟောင်းအား အသုံးပြုထားပါသည်)
ကောလင်း(ပ.က.ဖ)မှ တပ်ဖွဲ့ဝင်များအား တွေ့ရစဥ်(ပုံဟောင်းအား အသုံးပြုထားပါသည်)

▪︎ဒါလီတံတားကို မိုင်းခွဲပြီး စစ်ကောင်စီရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်

ကရင်အမျိုးသားအစည်းအရုံး(KNU)တပ်မဟာ(၆)နယ်မြေ ကြာအင်းဆိပ်ကြီးမြို့နယ်ရှိ ဒါလီတံတားကို တော်လှန်ရေးအင်အားစုများက မိုင်းခွဲပြီး စစ်ကောင်စီရဲ့ ထောက်ပံပို့ဆောင်ရေးလမ်းကြောင်းကို ဖြတ်တောက်လိုက်ပါတယ်။ အဲဒီတံတားကို ပြီးခဲ့တဲ့ ရက်ပိုင်းက ပထမတစ်ကြိမ် မိုင်းခွဲဖျက်ဆီးခဲ့ပြီး မနေ့ညက ဒုတိယအကြိမ်မိုင်းခွဲရာ တံတားမှာလုံး၀ သွားမရတဲ့အခြေအနေဖြစ်သွားပြီလို့ ဒေသခံက ပြောပါတယ်။ ဒါလီတံတားကို တိုက်ခိုက်ဖျက်ဆီးခြင်းဟာ ရန်သူရဲ့ စစ်ကူလမ်းကြောင်း၊ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်မှု ဖြစ်တယ်လို့ KNU သတင်းရင်းမြစ်က ပြောပါတယ်။

(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)
(ဒါလီတံတားကို မိုင်းခွဲပြီး​နောက်​တွေ့ရစဥ် ။ဓါတ်ပုံ-CJ)

▪︎အရာတော်နယ်မှာ စစ်အုပ်စုနဲ့ တော်လှန်ရေးအင်အားစုများ ၇ နာရီခန့်ကြာ တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ် သလဲဘာကျေးရွာရှိ စစ်ကောင်စီတပ်၊ ပျူစောထီးများနဲ့ တော်လှန်ရေးအင်အားစုများ ၇ နာရီခန့်ကြာ တိုက်ပွဲဖြစ်ပွားရာ ထိခိုက်သေဆုံးမှုများရှိပြီး ပျူစခန်းအချို့ကို မီးရှို့ဖျက်ဆီးနိုင်ခဲ့တယ်လို့ တိုက်နယ်စွန်(စွန်) PDF အဖွဲ့ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မနေ့က တိုက်နယ်စွန်(စွန်) PDFအဖွဲ့နဲ့ မဟာမိတ်အဖွဲ့များပူးပေါင်းပြီး စစ်ကောင်စီတပ်နဲ့ ပျူများ အထိုင်ချတပ်စွဲထားတဲ့ သလဲဘာကျေးရွာကို ဝင်ရောက်တိုက်ခိုက် မီးရှို့နိုင်ခဲ့တာလို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦး သေဆုံးပြီး မဟာမိတ် ရဲဘော်တစ်ဦး လက်မောင်း ကျည်ရှပ်ထိမှန်ဒဏ်ရာ ရရှိခဲ့တယ်လို့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

▪︎စစ်ကောင်စီစစ်ကြောင်းမိုင်းထိ၊ စစ်အုပ်စု ပစ်ခတ်လို့ ပြည်သူနှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်မှုကြောင့် ပြည်သူနှစ်ဦးသေဆုံးကာ တစ်ဦးပြင်းထန်ဒဏ်ရာရရှိသွားတယ်လို့ Chaung U Revolution အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။ ဇန်နဝါရီ ၂၆ ရက် မနက်ပိုင်းက ချောင်းဦးမြို့မှ ထွက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ဟာ ခင်မွန်နဲ့ အောင်ချမ်းသာကျေးရွာကြားသို့ ရောက်ရှိလာကာ ခင်မွန်ရွာတောင်ပိုင်းမှ ဒေသခံအမျိုးသားတစ်ဦးအား အကြောင်းမဲ့ပစ်ခတ် သတ်ဖြတ်သွားတယ်လို့ဖော်ပြပါတယ်။ နောက်ပြီး မိုင်းဆွဲတိုက်ခိုက်ခံရတဲ့စစ်ကြောင်းဟာ မုံရွာ-ချောင်းဦးလမ်းမကြီးပေါ် ဆိုင်ကယ်စီးလာ‌တဲ့ ပြည်သူအမျိုးသမီးကို သေနတ်နဲ့ အကြောင်းမဲ့ ထပ်မံပစ်ခတ်သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

▪︎စစ်ကောင်စီ စစ်ကြောင်းကြောင့် ကျေးရွာ ခြောက်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရ

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးပစ်ခတ်နေတာကြောင့် ကျေးရွာ ခြောက်ရွာထက်မနည်း ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းက စစ်​ကောင်စီတပ်ဟာ ဆားလင်းကြီးမြို့နယ်အတွင်းရှိ ကံတော ရွာ၊ ရွှေလှေရွာ၊ တုံရွာ၊ ဆည်းတည်းရွာ၊ ဇီးတောရွာနဲ့ ဖောင်းကတာရွာတို့ကို ပစ်ခတ် ဝင်ရောက် စီးနင်းနေပြီး ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်ခဲ့ပြီး လက်တလော ထိခိုက်မှုအခြေအနေမသိရသေးဘဲ ဖမ်းဆီးခံရတဲ့ ပြည်သူတွေလည်း ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ