Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကျူးလွန်သော ရာဇဝတ်မှုများအတွက် တရားစွဲဆိုမှုကို လက်ခံရန် ICC က NUG ကို ဖိတ်ကြားထားဟု လူ့အခွင့်အရေးဝန်ကြီးပြော

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၃၂ မှုရှိကြောင်း NUG က မှတ်တမ်းတင်ပြုစုထားပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲ၍ ပြောသည်။

အွန်လိုင်းမှပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်ဝန်ကြီးဦး​အောင်မျိုးမင်းကရှင်းလင်း​ပြောကြားနေစဥ်
အွန်လိုင်းမှပြုလုပ်​သောသတင်းစာရှင်းလင်းပွဲတွင်ဝန်ကြီးဦး​အောင်မျိုးမင်းကရှင်းလင်း​ပြောကြားနေစဥ်

▪︎စစ်ကောင်စီကျူးလွန်နေသော စစ်ရာဇဝတ်မှုများအားအ​ရေးယူရန် နည်းလမ်းနှစ်သွယ်ဖြင့် NUG ကြိုးပမ်းနေ

▪︎“သူတို့(စစ်ကောင်စီတပ်) ထွက်သွားပြီဆိုပြီး အလောင်းသွားကြည့်တဲ့အချိန်မှာ ကျွန်တော့်မိိသားစုဝင်တွေဗျာ ပိုးစိုးပက်စက် မြင်မကောင်းအောင်ဗျာ မြင်မကောင်းအောင် လုပ်သွားတာ။ ပိိုးစိုးပက်စက်ကို လုပ်သွားတာ” – တာတိုင်ကျေးရွာမှ မိသားစုဝင်လေးဦး ဆုံးရှုံးခဲ့ရသူလူငယ်

မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ အမျိုးသားညီညွတ်ရေးအစိုးရ၏ တရားစွဲဆိုမှုကို လက်ခံရန် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က ဖိတ်ကြားထားကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ယခုလဆန်းက စစ်ကိုင်းမြို့နယ်၊ တာတိုင်ကျေးရွာ၌စစ်ကောင်စီတပ်၏ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပေါ် NUG လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး၊ သတ်ဖြတ်ခံရသူများ၏ မိိသားစုဝင်များ၊ ရုပ်အလောင်းရှာဖွေကူညီသူများက ယနေ့ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ရာ ဝန်ကြီး ဦးအောင်မျိုးမင်းကစစ်​ကောင်စီတပ်အား အရေးယူနိုင်ရေး ကြိုးပမ်းမှုအခြေအနေကို ထည့်သွင်းပြောဆိုခဲ့ခြင်းဖြစ်သည်။

စစ်ကိုင်းမြို့နယ် တာတိုင်ကျေးရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ခေါင်းဆောင်တစ်ဦးနှင့် အရပ်သားပြည်သူ ၁၆ ဦးကို အကြမ်းဖက်စစ်တပ်က မတ်လ ၁ နှင့် ၂ ရက်နေ့များတွင် ရက်စက်စွာညှင်းပန်းနှိပ်စက် သတ်ဖြတ်ခဲ့သည်။ အဆိုပါဖြစ်စဥ်အပါအဝင် နိုင်ငံတဝန်းတွင် အကြမ်းဖက်စစ်ကောင်စီ ကျူးလွန်နေသော စစ်ရာဇဝတ်မှုများနှင့်ပတ်သက်၍ နိုင်ငံတကာက အရေးယူနိုင်ရန် လူ့အခွင့်အရေးဆိုင်ရာ ယန္တရားနှင့် တရားမျှတမှု(Justice)အတွက် တရားစွဲဆိုသည့် ယန္တရား စသည့် နည်းလမ်းနှစ်မျိုးဖြင့် ကြိုးပမ်းဆောင်ရွက်နေကြောင်း ဝန်ကြီိးဦးအောင်မျိုးမင်းက ရှင်းပြသည်။

“ရက်စက်ယုတ်မာမှုကတော့ တကယ့်ကို ကမ်းကုန်တဲ့အခြေအနေမျိုး ရောက်နေပါပြီ။ ဒီလိုဖြစ်တဲ့ အဖြစ်အပျက်တင်မကဘဲနဲ့ မြန်မာတစ်ပြည်လုံးမှာ မီးလောင်တိုက်သွင်း၊ လူသားမှန်သမျှကို ရန်သူကို သတ်မှတ်တဲ့ အကြမ်းဖက်စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို အမြန်ဆုံး တားဆီးဖို့ အကြိမ်ကြိမ်ပြောထားပြီးပါပြီ။ အကြိမ်ကြိမ်လည်း တိုက်တွန်းနေပါတယ်” ဟု အထက်ပါဝန်ကြီးက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်၏ ​ခြေလျှင်တပ်ရင်း ၃၃ မှတပ်ဖွဲ့ဝင်များက တာတိုင်ကျေးရွာတွင် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု ကျူးလွန်သည့်အချိန်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီအစည်းအဝေးကျင်းပနေချိန်ဖြစ်ပြီး အဆိုပါဖြစ်စဥ်မှ သက်သေအထောက်အထားများကို လူ့အခွင့်အရေးကောင်စီ ဥက္ကဌနှင့် အဖွဲ့ဝင်နိုင်ငံများထံ ပေးပို့တိုင်ကြားထားပြီးဖြစ်ကြောင်း NUG လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီးဌာနက ပြောသည်။

တာတိုင်ကျေးရွာမှ အမျိုးသမီး ၃ ဦးအပါအဝင် ဒေသခံ ၁၇ ဦးကို စစ်တပ်က ရက်စက်စွာသတ်ဖြတ်ခဲ့သည့်လုပ်ရပ်မှာ အလွန်ဆိုးရွားပြီး မည်သို့မျှ လက်ခံနိုင်ဖွယ်မရှိသည့် နိုင်ငံတကာရာဇဝတ်မှု ကျူးလွန်မှုဖြစ်သည်ဟု ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

ယနေ့သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်လာသည့် ဒေသခံနှစ်ဦးကလည်း တာတိုင်ကျေးရွာ အရပ်သားပြည်သူများကို စစ်တပ်၏ သတ်ဖြတ်မှုမှာ သာမန်သတ်ဖြတ်မှုမဟုတ်ဘဲ အမျိုးသမီးများကို မုဒိမ်းကျင့်၊ ရက်စက်စွာ သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ပြောသည်။

“အလောင်းတွေက မမြင်ရက်စရာ၊ မကြည့်ရက်စရာပေါ့။ အကုန်လုံး ရိိုက်နှက်ထား၊ ထုပိတ်ထားဆိုတော့… သေတဲဲ့သူတွေရဲ့အလောင်းက သေနတ်နဲဲ့ ပစ်ထားတာ၊ သေနတ်နဲ့မပစ်ခင်မှာလည်း ခေါင်းတွေ အကုန်ရိုက်နှက် ထုပိတ်ထားတာ ရှုံ့ပိန့်နေတာပါပဲ။ မမြင်ရက်စရာပါပဲ။ အနိဋ္ဌာရုံတွေပါပဲ။ အမျိုးသမီးးတွေကို မတော်တရော်လုပ်ပြီး သတ်ဖြတ်ထားတော့ တော်တော်လေးကို စိတ်မကောင်းတဲ့အရာတွေပေါ့” ဟု ဒေသခံ ကိုမြင့်က​ပြောသည်။

တာတိုင်ရွာအစုလိုက်အပြုန်လိုက်သတ်ဖြတ်ခံရသူများစာရင်း
အင်ဖိုဂရပ်-People's Spring
တာတိုင်ရွာအစုလိုက်အပြုန်လိုက်သတ်ဖြတ်ခံရသူများစာရင်း အင်ဖိုဂရပ်-People’s Spring

စစ်တပ် သတ်ဖြတ်သွားသည့် ပြည်သူများ၏ ရုပ်အလောင်းများကို လိုက်လံရှာဖွေကောက်ယူကာ မီးသဂြိုလ်နိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့သူ အသက် ၂၈ နှစ်အရွယ် ကိုဟွန်ဒါက ၎င်းသက်တမ်းတစ်လျှောက် ကစဥ့်ကလျား၊ရုပ်ပျက်ဆင်းပျက် ရုပ်အလောင်းများကို ပထမဆုံးအကြိမ်မြင်တွေ့ဖူးခြင်းဖြစ်ပြီး ၎င်းကိုယ်တိိုင်သာမက တာတိုင်ကျေးရွာသူ၊ ကျေးရွာသားများနှင့် အနီိးဝန်းကျင်ဒေသခံများပါထိတ်လန့်ကြောက်ရွံ့နေကြကြောင်း ပြောသည်။

“စိတ်လုံခြုံမှု မရှိကြတော့ဘူးပေါ့ ။ အခုလည်း ကျွန်တော်တို့ ပတ်ချာလည်ရွာတွေက တာတိုင်နဲ့ အနီးအနားရွာတွေက ရွာသူရွာသားတွေက ရွာထဲမှာ မရှိကြသလောက်ကို လွတ်ရာကျွတ်ရာကို တိမ်းရှောင်နေကြရတဲ့ ပုံစံမျိုးဖြစ်နေတာ။ ကျွန်တော်တို့ကတော့ လက်ရှိိ စိုက်ပျိုးရေးနဲ့ အလုပ်လုပ်နေရသည့်အတွက်ကို ကိုယ့်ကျေးရွာကိုပဲ နေထိုင်ပြီးတော့ ကျွန်တော်တို့ တောင်သူလုပ်ငန်းလေးတော့ ရှိတဲ့လူလေးနဲ့ ဆက်လက်လုပ်ကိုင်နေတာဖြစ်ပါတယ်။ အဲဒီတော့ ကျွန်တော်တို့ကတော့ ဒီလောက်ပဲ ပြောနိုင်မယ်။ ဒီအနိဋ္ဌာရုံမြင်ကွင်းကို ကျွန်တော်တို့ တစ်သက်နဲ့ တစ်ကိုယ် ကျွန်တော် အသက် ၂၈ နှစ်ရှိပြီ။ ဒါမျိုးတွေကိုကျွန်တော်တို့မမြင်လည်းမမြင်ဖူးဘူး။ မတွေ့လည်းမတွေ့ကြုံခဲ့ရဘူး။ ပတ်ဝန်းကျင်ကျေးရွာတွေက ပြည်သူတွေ ထွက်ပြေးမယ်ဆိုလည်း ပြေးချင်စရာပဲ” ဟု ကိုဟွန်ဒါက ပြောသည်။

ထိုသို့ စစ်ကောင်စီတပ်၏ ကျူးလွန်မှုသည် စစ်ပွဲဆိုင်ရာ ရာဇဝတ်မှုများ(War Crimes)ကို ကျူးလွန်သည့် ထင်ရှားသော သက်သေများဖြစ်ပြီး တာတိုင်ကျေးရွာဖြစ်စဥ်မှာ နိုင်ငံတဝန်းအကြမ်းဖက်စစ်တပ်ကျူးလွန်နေသည့်အဖြစ်အပျက်ပေါင်းများစွာထဲမှတစ်ခုကိုထုတ်နုတ်ဖော်ပြခြင်းဖြစ်ကြောင်းNUG ဝန်ကြီး ဦးအောင်မျိုးမင်းက ပြောသည်။

“ဖြစ်ပျက်နေတဲ့ အကြောင်းအရာတွေက တစ်နိုင်ငံလုံးမှာ အကြမ်းဖက်စစ်ကောင်စီက စနစ်တကျ စီမံချက် ချပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။ အရင်တုန်းက ရိုဟင်ဂျာပြည်သူတွေအပေါ်မှာ လူမျိုးတုံး သတ်ဖြတ်မှုဆိုပြီးတော့ ရွာတွေ မီးရှို့တာ၊ သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တယ်ဆိုတဲ့ အကြောင်းအရာတွေ အတိုင်း အခုဆက်လက်ပြီးတော့ ဖြစ်နေပါတယ်။ အရင်တုန်းက ရိုဟင်ဂျာပြည်သူတွေအပေါ် ခံစားရတဲ့ အဖြစ်အပျက်တွေက တပြည်လုံးမှာခံစားနေရတဲ့အရာတွေ ဖြစ်ပါတယ်။ ဒါ့ကြောင့်မို့လို့ တရားမျှတမှု ဖော်ဆောင်ဖို့က မဖြစ်မနေ လုပ်ဆောင်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဘယ်သူပဲကျူးလွန် ကျူးလွန် ကျူးလွန်ခံရတဲ့ သူတွေအတွက် တရားမျှတမှုဖော်ဆောင်ဖို့၊ ဘယ်သူပဲ ကျူးလွန်ကျူးလွန် ကျူးလွန်တဲ့သူတွေက အမှန်တရားရဲ့အမိန့်ပေးချက်၊ တရားဥပဒေရဲ့ စီရင်ချက်ရအောင် လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်” ဟု ၎င်းက ဆက်​ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG သည် စစ်ကောင်စီတပ်ကို နိုင်ငံတကာက အရေးယူအပြစ်ပေးနိုင်ရေးအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၊ ထိုမှတဆင့် ကုလလသမဂ္ဂအထွေထွေညီလာခံ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီတို့အထိိ ပိုမိုပြင်းထန်သည့် အရေးယူမှုအပိုင်း အမြင့်ဆုံးဖြတ်ချက်များ ထွက်လာအောင် ဆက်လက်ကြိုးပမ်းနေသည်ဟု ဆိုသည်။ နောက်ထပ် နည်းလမ်းတစ်ခုအနေဖြင့် နိုင်ငံတကာခုံရုံးများ၊ တရားရုံးများတွင် ရာဇဝတ်မှုဆိုင်ရာလမ်းကြောင်းအရ တရားစွဲဆိုခြင်းများကိုလည်း လုပ်ဆောင်နေကြောင်း သိရသည်။

အသတ်ခံရသူများ၏ ရုပ်အ​လောင်းများကို​ဒေသခံများက ရှာ​ဖွေ၍ စက်​လှေဖြင့်သယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ
အသတ်ခံရသူများ၏ ရုပ်အ​လောင်းများကို​ဒေသခံများက ရှာ​ဖွေ၍ စက်​လှေဖြင့်သယ်​ဆောင်လာစဥ်။ဓါတ်ပုံ-CJ

“ဒီကိစ္စတွေက ရာဇဝတ်မှု ဖြစ်တာဖြစ်တဲ့အတွက် နိုင်ငံတကာရာဇဝတ်မှုဆိုင်ရာ တရားရုံး ICC မှာ တင်နိုင််ဖို့ အတွက် ကြိုးပမ်းပါတယ်။ လက်ရှိအခြေအနေမှာ ICC ကကျွန်တော်တို့ အမှုကို လက်ခံဖို့ ဖိတ်ကြားထားပါတယ်။ တကယ်လို့ သူတို့အနေနဲ့ စုံစမ်းစစ်ဆေးမှု ဖြစ်လာရင် ဒီအမှုတွေကို တရားရုံးမှာ ခိုင်ခိုင်မာမာတင်နိုင်အောင် တင်ပြနိုင်ဖို့အတွက် ပြင်ဆင်ထားပါတယ်။ နောက်တစ်ခုကတော့ Universal Jurisdiction ပါ။ အဲဒါကတော့ နိိုင်ငံ အလိုက် တရားစွဲဆိုနိုင်တဲ့ လုပ်ထုံးလုပ်နည်းတွေ ရှိပါတယ်။ ဥပမာ အာဂျင်တီးနားတို့၊ ဂျာမနီတို့၊ တူရကီတို့မှာ အဲဒီနေရာတွေမှာ ခုနကလို ဆိုးရွားတဲ့ အစုလိုက်အပြုံလိုက် သတ််ဖြတ်မှုတွေ၊အမျိုးသမီးတွေကို ရက်ရက်စက်စက် မုဒိိမ်းကျင့်သတ်ဖြတ်မှု၊ ထောင်အတွင်း ရက်စက်မှုတွေ စတဲ့ အချက်တွေကို ကျွန်တော်တို့က အမှုတွဲအဖြစ် ပြင်ဆင်ပါတယ်။အဲဒီအမှုတွဲတွေမှာ ဒီကိစ္စတွေ ပါဝင်အောင် ပြင်ဆင်ပါတယ်။အဲဒီအမှုတွေကိုသက်ဆိုင်ရာနိုင်ငံမှာ အမှုအဖြစ် တရားစွဲဆိုနိုင်ဖို့အတွက် အဆင်သင့်ဖြစ်အောင် ပြင်ဆင်ထားပါတယ်” ဟု ဝန်ကြီးဦးအောင်မျိုးမင်းက ပြောသည်။

နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)က NUG တိုင်ကြားသောအမှုကို လက်ခံရန် ဖိတ်ကြားထားသည်ဆိုခြင်းမှာ NUG က ၂၀၀၂ ခုနှစ်နောက်ပိုင်း နိုင်ငံတဝန်း၌ မြန်မာစစ်တပ်ကျူးလွန်ခဲ့သော ရာဇဝတ်မှုများနှင့်ပတ်သက်၍ တရားမျှတမှု ဖော်ဆောင်ပေးရေး တောင်းဆိုချက်အတွက် ဖြစ်ကြောင်း သိရသည်။

၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံတစ်ဝန်း၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှု အနည်းဆုံး ၃၂ မှုရှိကြောင်း NUG က မှတ်တမ်းတင်ပြုစုထားပြီး မြေပြင်တွင် ယင်းအရေအတွက်ထက် များပြားနိုင်ကြောင်း ဝန်ကြီးဦးအောင်မျိုးမင်းက သတင်းစာ ရှင်းလင်းပွဲ၍ ပြောသည်။

“အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု အတိအကျ Data ရထားတာ ၃၂ မှုပါ။ ဒါကတော့ အခုနောက်ပိုင်း တကယ့်ကို ဆိုးဆိုးရွားရွားဖြစ်တဲ့ အမှုတွေပါ။ ကျွန်တော်တို့မှတ်တမ်းအရပြောတာဖြစ်ပါတယ်။ ဒီထက်ပိုမိုပြီး များကောင်းလည်းများနိုင်ပါတယ်” ဟု ဝန်ကြီးက ဆိုသည်။

တာတိုင်ကျေးရွာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရမှုဖြစ်စဥ်တွင် မိသားစုဝင် လေးဦးအထိ ဆုံးရှုံးခဲ့သူတစ်ဦးက ၎င်းနှင့် ၎င်းမိသားစုဝင်များကဲ့သို့ အခြားသူများ မခံစားရစေရန် စစ်တပ်ကို အရေးယူနိုင်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ကြရန် NUG အစိုးရနှင့် နိုင်ငံတကာအသိုက်အဝန်းကို တောင်းဆိုလိုကြောင်း ပြောသည်။

“သူတို့(စစ်ကောင်စီတပ်) ထွက်သွားပြီဆိုပြီး အလောင်းသွားကြည့်တဲ့အချိန်မှာကျွန်တော့်မိသားစုဝင်တွေဗျာပိုးစိုးပက်စက်မြင်မကောင်းအောင်ဗျာ မြင်မကောင်းအောင် လုပ်သွားတာ။ ပိိုးစိုးပက်စက်ကို လုပ်သွားတာ ကျွန်တော်အဲ့လောက်လောက်ပဲ ပြောပြနိိုင်မယ်ပေါ့” ဟု ၎င်းက ပြောသည်။ စစ်တပ်၏ ရက်စက်စွာသတ်ဖြတ်မှုတွင် အဆိုပါလူငယ်၏ မိခင်ဖြစ်သူ၊ ညီဖြစ်သူ၊ အဒေါ်ဖြစ်သူ၊ ယောက်ဖဖြစ်သူတို့ ပါဝင်သွားခဲ့သည်။

အဆိုပါလူငယ်၏ ဦးလေးဖြစ်သူကလည်း စစ်ကောင်စီတပ်၏ ပထမတကြိမ်မီးရှို့မှု၊ ဒုတိယတကြိမ် ယခုကဲ့သို့ ရက်စက်စွာ သတ်ဖြတ်မှုများကြောင့် ၎င်းတို့ရွာသူ၊ ရွာသားများမှာ ကြောက်လန့်နေပြီး လုံခြုံမှု မရှိ၍ မနေဝံ့ကြတော့ဘဲ အခြားနေရာများသို့ ပြောင်းရွေ့ရန် ပြင်ဆင်နေကြသဖြင့် တတ်နိုင်သည့်ဘက်မှ ပံ့ပိုးကူညီပေးရန် တောင်းဆိုသည်။

“သူတို့(စစ်ကောင်စီတပ်)လုပ်တာတွေက လူမဆန်တဲ့လုပ်ရပ်ကြီးဖြစ်တယ်။ မိန်းကလေးတွေကို ထပ်ခါထပ်ခါ မုဒိမ်းကျင့်တယ်။ သတ်တာတောင်မှ မုဒိမ်းကျင့်ပြီးမှ သတ်သွားတဲ့ ပုံစံတွေ၊ ပြီးတော့ ကျန်တဲ့ ပြည်သူတွေ နောက်ထပ်ပြည်သူတွေကိုသတ်တာတောင် ရိုးရိုးတန်းတန်းသတ်တာမဟုတ်ဘူး။ သူတို့ရဲ့ပုံသဏ္ဍန်တွေကို ခွဲလိုက်တဲ့အခါကျတော့ သူတို့ကို(ပြည်သူတွေ) ရှေ့ကနေ ပြေး(ခိိုင်း)ပြီိး နောက်ကနေ သေနတ်နဲ့ ပစ်သွားတဲ့ ပုံစံတွေ အဲဒီလို တွေ့ရှိခဲ့ရပါတယ်။ ကျွန်တော်တို့ အနီးအနားပတ်ချာလည်ရွာတွေကလည်း လတ်တလောမှာ ကျီးလန့်စာစားဖြစ်နေပါတယ်။ ကျွန်တော်တို့ရွာဆို ပိုတောင်ဆိုးပါသေးတယ်။ အဲဒါ တတ်နိုင်တဲ့ဘက်က ကူညီ ဝိုင်းဝန်းပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ၎င်းက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။

သတင်း

Urban Freedom စစ်ဆင်ရေးအနေဖြင့် ပထမဆုံးလုပ်ဆောင်မှုကို ဧပြီ ၁၀ ရက်တွင် မင်္ဂလာဒုံမြို့မရဲစခန်းကို တိုက်ခိုက်ခြင်းဖြင့် စတင်ခဲ့ပြီး ယင်းစစ်ဆင်ရေးတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိခဲ့သည်။

သတင်း

တိုက်ခိုက်မှုအတွင်း လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် အပြန်အလှန်ပစ်ခတ်မှု ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ရန်သူ့တပ်ဘက်မှ အနည်းဆုံး(မျက်မြင်)လေးဦးထက်မနည်း ထိခိုက်သေဆုံးခဲ့ မြေပြင်အခြေအနေတွင် ယခုထက်ပိုနိုင်ကြောင်း မြိတ်ခရိုင် တပ်ရင်း(၁)က အသိပေးသည်။