စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရှိ သာစည်အကျဥ်းထောင်နှင့် အရာတော်မြို့နယ် သစ်ကျင်းကြီးကျေးရွာတပ်စွဲထားသော စစ်ကောင်စီတပ်အား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force)၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
ယမန်နေ့ (မတ်လ ၁၅ ရက်) ည၁၂ နာရီခန့်ကစတင်ပြီး မုံရွာမြို့နယ်၊ သာစည်အကျဥ်းထောင်အတွင်း၌ တပ်စွဲထားသော စစ်ကောင်စီတပ်အား (၆၀) မမ ခြောက်လုံး၊ (၁၂၀) မမ နှစ်လုံးဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးမှုများနိုင်ကြောင်း အထက်ပါတာဝန်ခံက ဆိုသည်။
အလားတူ ယမန်နေ့ နံနက် ၅ နာရီခန့်ကလည်း အရာတော်မြို့နယ်၊ သစ်ကျင်းကြီးကျေးရွာ၌ တပ်စွဲထားသော စစ်ကောင်စီတပ်နှင့်ပျူစောထီးများအား (၆ဝ) မမ လေးလုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး ထိခိုက်မှုအခြေအနေ မသိရသေးကြောင်း Chindwin Attack Force၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။
“သာစည်ထောင်အသစ်က အကျဥ်းသားတွေစထားပြီလား၊ မထားသေးဘူးလား သတင်းသေချာမရသေးဘူး။ သစ်ကျင်းကြီးက ပျူရွာပုံစံပဲ။ တပ်စွဲထားတာတော့ကြာပြီ။”ဟု အထက်ပါတာဝန်ခံက ပြောသည်။

Public Service Announcement
သာစည်အကျဥ်းထောင်သစ်ကို အာဏာသိမ်းကာလအတွင်း တည်ဆောက်ခဲ့ပြီး မကြာခဏလည်း တိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။
အဆိုပါ စစ်ဆင်ရေးအား မုံရွာခရိုင်ပြည်သူကာကွယ်ရေးတပ်မတော် (Chindwin Attack Force) တပ်ရင်း – ၄ တပ်ခွဲ – ၂ ခွေးသတ်မုဆိုး PDFအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
မတ်လ ၁၄ ရက် ည ၉ နာရီ ၁၅ မိနစ်ခန့်ကလည်း မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)အား လက်နက်ကြီးများဖြင့် ၄၅မိနစ်ကြာ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးကြောင်း Chindwin Attack Force က ထုတ်ပြန်ခဲ့သေးသည်။


















































