Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

“ညနေခင်းသတင်း”

ဒီနေ့ (မတ်လ ၁၉ ရက်) ညနေခင်းသတင်းတွေကို People’s Spring က တင်ဆက်ပေးပါမယ်။

ညနေခင်းသတင်း
ညနေခင်းသတင်း

ညနေခင်းသတင်း

▪︎စစ်ကောင်စီထံ ပါတီ မှတ်ပုံမတင်ဖို့ SNLD ဆုံးဖြတ်

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်(SNLD)က စစ်ကောင်စီ လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်ထံ ပါတီမှတ်ပုံတင်ခြင်းမပြုလုပ်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။ SNLD ရဲ့ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်အားလုံးရဲ့ သဘောထားနဲ့ အခုလိုဆုံးဖြတ်လိုက်တာလို့ ပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ပြောပါတယ်။ မတင်ဖြစ်ရတဲ့ အကြောင်းအရင်းမှာ စစ်ကောင်စီအနေနဲ့ ရွေးကောက်ပွဲကို ဘယ်တော့လုပ်မယ်ဆိုတာ အတိအကျ ကြေညာထားခြင်းမရှိဘဲ မရေမရာ အခြေအနေမျိုးပဲရှိနေသေးလို့ဖြစ်တယ်လို့ ဦးစိုင်းလိတ်က ပြောပါတယ်။ ရွေးကောက်ပွဲ နိုင်ငံရေးက ကျော်လွန်ပြီးတော့ တခြားလုပ်ဆောင်စရာ ကိစ္စတွေအများကြီးကို လုပ်ဆောင်ဖို့ လိုအပ်ပြီး လုပ်နိုင်မယ်လို့ ယုံကြည်ထားတယ်လို့ ဆိုပါတယ်။ SNLD ဟာ တိုင်းပြည် တည်ငြိမ်အေးချမ်းပြီး ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် မပေါ်ပေါက်သေးသရွေ့ တက်နိုင်တဲ့ဘက်က၊ လုပ်ပိုင်ခွင့်ရှိတဲ့ဘက်က ဆက်လက် ပါဝင်ဆောင်ရွက်နေမယ်လို့ အသိပေးပါတယ်။

SNLD
SNLD

▪︎ဖားကန့်တိုက်ပွဲ စစ်သား သုံးဦး​သေ၊စစ်တပ်ကလက်နက်ကြီးနဲ့ရမ်းပစ်လို့ပြည်သူ ၆ ဦး​သေ

ကချင်ပြည်နယ် ဖားကန့်မြို့နယ်မှာ မနေ့ညနေက တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦး သေဆုံးခဲ့ပြီး စစ်ကောင်စီတပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိကာ ပြည်သူ ခြောက်ဦးသေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဖားကန့်မြို့အဝင် လုံးခင်း‌ကျေးရွာ မျောက်ကုန်းနေရာမှာ ကားပေါ်လိုက်ပါလာတဲ့ စစ်ကောင်စီတပ်ကို ကချင်လွတ်လပ်​ရေးတပ်မ​တော်(KIA) နဲ့ ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့-PDF ပူးပေါင်းတပ်ဖွဲ့က လမ်းမှဖြတ်ကာ တိုက်ခိုက်ခဲ့တာပါ။ စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်မှုကြောင့် ဒေသခံခြောက်ဦး ဒဏ်ရာရခဲ့ပြီး စစ်တပ်က လမ်းပိတ်ထားခဲ့လို့ ဒဏ်ရာရသူတွေကို ညတွင်းချင်းဆေးရုံမတင်ခဲ့တာကြောင့် အသက်ဆုံးရှုံးခဲ့ပါတယ်။ ပူတာအိုမြို့နယ် တန်ဂျာကျေးရွာအနီးမှာလည်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) နဲ့ စစ်ကောင်စီတပ်တို့ မနေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

▪︎ရွှေဘိုနယ် စစ်ကောင်စီတပ်လေကြောင်းမှ ပစ်ခတ်လို့ အမျိုးသမီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာမှာ စစ်ကောင်စီတပ်က တိုက်ခိုက်ရေးရဟတ်ယာဥ် Mi-35 နဲ့ပစ်ခတ်လို့ အသက်(၆၀)အရွယ် အမျိုးသမီးကြီးတစ်ဦးအပါအဝင် နှစ်ဦးသေဆုံးခဲ့တယ်လို့ ဒေသတွင်းရင်းမြစ်တွေက ပြောပါတယ်။ မနေ့ နေ့ခင်းက အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)မှတက်လာတဲ့ Mi-35 က ဆိပ်ခွန်ရွာကို လေကြောင်းမှ မိနစ် ၄၀ ခန့်ကြာအထိ ပစ်ခတ်တိုက်ခိုက်ခဲ့ရာအသက်(၂၂) နှစ်အရွယ် လူငယ်တစ်ဦးနဲ့ အသက်(၆၀)ကျော် အရွယ် အမျိုးသမီးတစ်ဦးတို့ ကျည်ထိမှန်သေဆုံးခဲ့ပြီး သုံးဦး ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။ ဝက်လက်မြို့နယ်မှာလည်း သမ္မာရိုးစံပြကျေးရွာကို စစ်တပ်က ဝင်ရောက်ဖျက်ဆီးမီးရှို့ခဲ့ရာ နေအိမ် ၂၆၉ လုံးနဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းဆုံးရှုံးခဲ့ရပြီး အဘွားအိုတစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်သွားတယ်လို့ ဝက်လက်မြို့နယ် လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

(ဆိပ်ခွန်ရွာ၌ Mi-35ယာဥ်ဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးခဲ့သူနှင့် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ - CJ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)
(ဆိပ်ခွန်ရွာ၌ Mi-35ယာဥ်ဖြင့်ပစ်ခတ်ခံရ၍ ထိခိုက်သေဆုံးခဲ့သူနှင့် ဝက်လက်မြို့နယ် သမ္မာရိုးစံပြကျေးရွာအား မီးရှို့ဖျက်ဆီးသွားပြီးနောက် တွေ့ရစဥ်။ ဓာတ်ပုံ – CJ၊ ဝက်လက်မြို့နယ်လူထုသပိတ်တိုက်ပွဲဦးဆောင်ကော်မတီ)

▪︎စစ်ယာဉ်တန်းကို မင်းတပ် CDF ပဒေသာမိုင်းနဲ့တိုက်ခိုက်

ချင်းပြည်နယ် မင်းတပ်မြို့သို့လာတဲ့ စစ်ကောင်စီယာဉ်တန်းကို မိုင်းနဲ့တိုက်ခိုက်ခဲ့ရာ ယာဉ်နှစ်စီး ပျက်စီးမှုရှိခဲ့တယ်လို့ မင်းတပ်မြို့နယ် ချင်းဒေသကာကွယ်ရေးတပ်(CDF) က သတင်းထုတ်ပြန်ပါတယ်။ မကွေးတိုင်း ပခုက္ကူမြို့ တပ်မ (၁၀၁)မှထွက်လာတဲ့ စစ်ကောင်စီယာဉ် ၈၅ စီးပါယာဉ်တန်းဟာ မတ်လ ၁၆ ရက် ညနေပိုင်းမှာ ကျောက်ထု – မင်းတပ်ဘက်သို့ တက်လာရာ မင်းတပ် CDFက ပဒေသာမိုင်း အလုံး ၂၀ နဲ့ မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။ တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်မှ သေဆုံးထိခိုက် အသိအကျမသိရပေမယ့် စစ်ကောင်စီ ယာဉ်နှစ်စီးထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။ ယာဉ်တန်းထဲမှ ၃၅ စီးဟာ ပျက်စီးသွားတဲ့ ယာဉ်များကို တင်ဆောင်ကာ မနေ့ မနက်ပိုင်းက ကျောက်ထုမြို့သို့ ပြန်ဆင်းသွားကြပြီဖြစ်လို့ မင်းတပ်-ကျောက်ထု လမ်းပိုင်းကို ပြန်လည်အသုံးပြုနိုင်ပြီဖြစ်ကြောင်းအသိပေးပါတယ်။

(မင်းတပ်CDF မှ ရဲဘော်များ စစ်မျက်နှာပြင်တစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ - Hkl Mindat)
(မင်းတပ်CDF မှ ရဲဘော်များ စစ်မျက်နှာပြင်တစ်နေရာ၌ တွေ့ရစဉ်။ ဓာတ်ပုံ – Hkl Mindat)

▪︎တိုက်ပွဲအချိန်မရွေး ဖြစ်နိုင်လို့ ဖလမ်း-ဟားခါးလမ်းပိုင်း ခရီးသွားလာခြင်းမပြုဖို့ CNO/CNDF သတိပေး

ချင်းပြည်နယ် ဖလမ်း-ဟားခါး လမ်းတလျှောက် စစ်ရေးတင်းမာပြီး တိုက်ပွဲအချိန်မရွေး ဖြစ်ပွားနိုင်တဲ့အတွက် အဲဒီလမ်းမကြီးမှာ ဒီနေ့ကစလို့ ခရီးသွားလာခြင်း မပြုဖို့ ချင်းအမျိုးသားအဖွဲ့ချုပ်/ချင်းအမျိုးသားကာကွယ်ရေးတပ်(CNO/CNDF)က သတိပေးထုတ်ပြန်ပါတယ်။ CNO/CNDF မှ သတင်းပြန်လည်ထုတ်ပြန်မှု တစုံတရာ မရှိမချင်း ခရီးသွားလာခြင်းမပြုဖို့ သတိပေးထားပြီး ထုတ်ပြန်ချက်ကိုလိုက်နာကြဖို့ အသိပေးထားပါတယ်။ စစ်ကိုင်းတိုင်း ကလေးမြို့မှ စစ်ကောင်စီတပ်ယာဉ်တန်းဟာ မတ်လ ၇ ရက်ကစလို့ ချင်းပြည်နယ်ဘက်သို့ ဦးတည်ထွက်ခွာလာရာ လက်ရှိမှာ ဖလမ်းမြို့နယ်အတွင်းရောက်ရှိနေပြီလို့ သိရပါတယ်။

(၂၀၂၂မေလက ဖလမ်း မြို့နယ်အတွင်း စစ်ကောင်စီ ယာဥ်တန်းကို ချင်းတပ်ဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ - CNDF)
(၂၀၂၂မေလက ဖလမ်း မြို့နယ်အတွင်း စစ်ကောင်စီ ယာဥ်တန်းကို ချင်းတပ်ဖွဲ့က မိုင်းဖြင့် တိုက်ခိုက်ခဲ့စဥ်။ ဓာတ်ပုံ – CNDF)

▪︎ဘောလခဲမြို့နယ် စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သုံးဦးသေ

ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာ စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး သုံးဦးသေဆုံးကာ ၁၀ ဦးထက်မနည်းဒဏ်ရာရရှိတယ်လို့ တိုက်ပွဲမှာပါဝင်ခဲ့တဲ့ ကရင်နီပူးပေါင်းတပ်ဖွဲ့ဝင်တစ်ဦးက ပြောပါတယ်။ မတ်လ ၁၆ ရက်ကအထိနာခဲ့တဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ဟာ တိုက်ပွဲဖြစ်ပွားရာအနီးရှိ ရေနီပေါက်ရွာသား ခုနစ်ဦးကို ဓားစာခံအဖြစ် ဖမ်းဆီးသွားပြီး ဒီနေ့အထိ ပြန်မလွှတ်ပေးသေးဘူးလို့ ဘောလခဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(BPDF)က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ ကျေးရွာအတွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့လို့ ပြည်သူလေးဦးလက်နက်ကြီးထိမှန် ဒဏ်ရာရကာ တစ်ဦးမှာ ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ BPDFက အသိပေးပါတယ်။

▪︎မတ္တရာနယ်မှာ စစ်အုပ်စု တိုက်ခိုက်ခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်ရှိ သူဌေးကုန်းကျေးရွာသို့ လာရောက်တဲ့ စစ်ကောင်စီတပ်ကို ဒေသတွင်း PDFများ ပူးပေါင်းတိုက်ခိုက်ရာ အထိအခိုက်များခဲ့လို့ ညတွင်းချင်းဆုတ်ခွာသွားတယ်လို့ Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ မတ်လ ၁၄ ရက် မနက်ပိုင်းက မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာသို့ အင်အား ၅၀ ခန့်နဲ့ စစ်ကြောင်းထိုးဝင်ရောက်လာရာ ဒေသကာကွယ်ရေးတပ်များနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။ စစ်အုပ်စုမှာ ညတွင်းချင်းဆုတ်ခွာသွားပြီး စစ်ကောင်စီတပ်သား နှစ်ဦး လဲကျသေဆုံးတာကို ဒရုန်းနဲ့ မြင်ခဲ့ရတယ်လို့ Unicorn Guerrilla Force ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

ဆက်စပ်သတင်းများ