မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ၊မအူရွာရှိ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့၏စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ပြီး ဖျက်ဆီးခဲ့ကြောင်းမင်းကင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ က သတင်းထုတ်ပြန်သည်။
“စခန်းသိမ်းနိုင်ခဲ့တယ်။ စစ်တပ်ဖက်ကတော်တော်လေးကျတယ်လည်း ကြားတယ်။ အဲ့နေ့က စစ်ကောင်စီကလုပ်နေကြ လေကြောင်းကနေ မလာခင်မှာ စခန်းကို ဖျက်ဆီးခဲ့တယ်။ လေကြောင်းကနေလည်း တိုက်လာပါတယ်”ဟု မင်းကင်းမြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တစ်ဦးကလည်းပြောသည်။
ပျူရွာဟုနာမည်ကြီးသော မအူရွာမှ စစ်ကောင်စီနှင့် ပျူစောထီးပူးပေါင်းတပ်ဖွဲ့၏စခန်းကိုပြီးခဲ့သည့် ဧပြီလ ၁၀ရက်တွင် ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်းနှင့် မဟာမိတ်ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။




တိုက်ပွဲအတွင်း စစ်ကောင်စီ၏ အရေးပေါ် ရဟတ်ယာဥ် ဆင်းကွင်း နှစ်ကွင်း၊ရှေ့တန်းစခန်းနှင့် ကတုတ်ကျင်း၊ဘန်ကာများအားအောင်မြင်စွာဖျက်ဆီးနိုင်ခဲ့သည်ဟု Minkin People’s Defence Force – MKPDF 2 က ယနေ့(ဧပြီ ၂၂ရက်)သတင်းထုတ်ပြန်သည်။အင်တာနက်အခက်ခဲနှင့် လုံခြုံရေးကြောင့် ယခုမှ သတင်းထုတ်ပြန်နိုင်ခြင်းဖြစ်ကြောင်းလည်း MKPDF-2 က အသိပေးထားသည်။

မအူရွာသည် တောင်တွင်းဒေသ ကျေးရွာ ၃၆ရွာတွင် ပါဝင်ပြီး စစ်ကောင်စီနှင့် ပျုစောထီးများ ခြေကုပ်ယူထားသည့်ရွာဟု တော်လှန်ရေးအင်အားစုများကပြောသည်။

Public Service Announcement

” မအူရွာက ပျူရွာလို့ ပြောရတော့မယ်။ ပျူမဟုတ်တဲ့သူတွေက ရွာကနေ ထွက်သွားကြပြီ။ ကျန်နေတာက ပျုစောထီးတွေ။စစ်တပ်ကလည်း အထိုင်ချထားတယ်”ဟု မင်ကင်းမြို့ခံတစ်ဦးကပြောသည်။
ယခုအခါ ကလေးခရိုင်၊အမှတ် ၁၁ တပ်ရင်း ၊မင်းကင်း ကနယ်မြေစိုးမိုးမှုများ ဆက်တိုက်ဆောင်ရွက်နေပြီး ပြည်သူများအနေဖြင့် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သည့်နေရာများအားရှောင်ရှားကြရန်နှင့် သတိပေးထုတ်ပြန်ချက်များကို လိုက်နာပူးပေါင်းပေးကြပါရန်က တိုက်တွန်းထားသည်။

ဧပြီ ၁၇ ရက်ကလည်း ပြည်သူ့ကာကွယ်ရေူတပ်မတော် ယင်းမာပင်ခရိုင်တပ်ရင်းက ကနီမြို့နယ်ရှိ တာဝါတိုင်စခန်းကိုတိုက်ခိုက်သိမ်းပိုက်ခဲ့သည်။အဆိုပါစခန်းသိမ်းတိုက်ပွဲတွင် လက်နက်မျိုးစုံ ၁၅ လက်၊ ကျည်နှင့် ခဲယမ်းများစွာသိမ်းပိုက်နိုင်ခဲ့ပြီး ၊စစ်တပ်မှ အရာရှိအပါအဝင် ၂၀ ကျော်သေဆုံးခဲ့ကြောင်း NUG ၊ ကာကွယ်ရေးဝန်ကြီး ဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်စစ်ရုံးချုပ်ကထုတ်ပြန်ခဲ့သည်။
