စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ ချင်းတွင်းမြစ် တောင်ယာတောဆိပ်ကမ်းရှိ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်အား မင်းကင်း PDFအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သားနှင့်ပျူ လေးဦးသေဆုံးပြီး လက်နက်များပါ သိမ်းဆည်းနိုင်ခဲ့ကြောင်း သတင်းရရှိသည်။
ယမန်နေ့(စက်တင်ဘာ ၂၁ရက်) မွန်းလွဲပိုင်းက မင်းကင်းမြို့နယ် တောင်ယာတောဆိပ်ကမ်းရှိ စစ်တပ်နှင့်ပျူ စစ်ဆေးရေးဂိတ်အား မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ၀င်ရောက် တိုက်ခိုက်ခဲ့ရာ လေးဦးသေဆုံးပြီး နှစ်ဦးအပြင်းအထန်ဒဏ်ရာရသွားကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဥ်က ဖော်ပြသည်။
တိုက်ခိုက်ခံရချိန်၌ စစ်သား၊ရဲနှင့်ပျူများ ကြောက် လန့်တကြား ထွက်ပြေးသွားကြပြီး အဆိုပါ ဂိတ်မှ MA-3 တစ်လက်၊ လက်လုပ်အတို သုံးလက်၊ ဖုန်း လေးလုံး၊ ပြည်သူများထံမှ တောင်းယူထားသောပိုက်ဆံ ၈သိန်း၊ ကျည်ကာတစ်ထည်၊ ကျည်ဘောက် သုံးခုတို့ကို သိမ်းဆည်းရရှိခဲ့ကြောင်း၊ ပြည်သူ့ရဲဘော်များ အထိအခိုက်မရှိဆုတ်ခွာနိုင်ခဲ့ကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်က အသိပေးထားသည်။
ဖြစ်စဥ်နှင့်ပတ်သက်၍ မင်းကင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံ ဆက်သွယ်မေးမြန်းထားပြီး ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ထိခိုက် သေဆုံးမှုအခြေအနေအား ထပ်မံအတည်ပြုနိုင်ခြင်း မရှိသေးပေ။

Public Service Announcement
ထို့အပြင် မင်းကင်းမြို့နယ် လာပို့ဘက်မှထွက် လာသော စစ်ကောင်စီအုပ်စုအား ဒေသခံပကဖ အဖွဲ့က မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ခြောက်ဦးသေဆုံးပြီး အများအပြားဒဏ်ရာရသွားကြောင်း မင်းကင်းနွေဦးတော်လှန်ရေးသတင်းစဉ်ကယမန်နေ့ (စက်တင်ဘာ ၂၁ရက်)ကပင် အသိပေးထားသည်။
