▪︎တော်လှန်ရေးဒေသများမှ မုန်တိုင်းသင့်ပြည်သူများပါအကူအညီမရမည်ကို NUGဝန်ကြီးဒေါက်တာဝင်းမြတ်အေးစိုးရိမ်
မိုခါမုန်တိုင်းဒဏ်သင့် ပြည်သူများကို အာဆီယံကအကူအညီများ ပေးရာတွင် စစ်အာဏာရှင်အားတော်လှန်နေသည့်ဒေသများမှ ပြည်သူများထံ ကယ်ဆယ်ရေးပစ္စည်းများ အချိုးညီညီ မရောက်မည်ကို စိုးရိမ်ကြောင်းနှင့် အာဆီယံအနေဖြင့် တရားမျှတစွာ ဆောင်ရွက်ရန်အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေဝန်ကြီးဌာန(NUG-MOHADM)ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက တိုက်တွန်းပြောကြားသည်။

အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ(AHA Centre)က အာဆီယံ၏ အစီအစဉ်ဖြင့် ကယ်ဆယ်ရေးပစ္စည်းများ ဖြန့်ဝေမှုကို ယနေ့ စတင်မည်ဖြစ်သောကြောင့် ဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ယင်းကဲ့သို့တိုက်တွန်းခြင်းဖြစ်သည်။
“လူသားချင်းစာနာထောက်ထားမှုအကူအညီတွေပေးတဲ့အခါ ခွဲခြားမှုလုံးဝမရှိရပါဘူး။တကယ်လိုအပ်တဲ့သူတွေဆီတကယ်ရောက်ဖို့လိုပါတယ်။ အာဆီယံအနေနဲ့ တရားမျှတမှုရှိဖို့ တာဝန်ယူရမှာ ဖြစ်သလို တာဝန်လည်းရှိပါတယ်”ဟုဝန်ကြီးဒေါက်တာဝင်းမြတ်အေးက ပြောသည်။

AHA အနေဖြင့်မြန်မာနိုင်ငံကြက်ခြေနီအသင်းနှင့် လက်တွဲပြီး ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေမည်ဟု သိရသည်။ မြန်မာနိုင်ငံကြက်ခြေနီအသင်းသည် စစ်ကောင်စီလက်အောက်ခံဖြစ်၍ ကယ်ဆယ်ရေးပစ္စည်းများဖြန့်ဝေရာတွင် ဘေးသင့်ဒေသများအားလုံးကို မျှမျှတတမရောက်မည်ကို ဝန်ကြီးကစိုးရိမ်နေခြင်းဖြစ်သည်။

“စစ်ကိုင်းတို့ မကွေးတို့၊ ချင်းတို့က မုန်တိုင်းဘေး ဆိုးရွားစွာ သင့်ခဲ့ပါတယ်။ အဲ့ဒီဒေသက ပြည်သူတွေအတွက် တရားမျှတမှုရှိဖို့ လိုပါတယ်” ဟုဝန်ကြီးကပြောသည်။
အမျိုးသားညီညွတ်ရေးအစိုးရနှင့် AHA Centerသည် မုန်တိုင်းဘေးသင့်ပြည်သူများအား ထောက့်ပံ့ရေးတွင်တိုက်ရိုက်ချိတ်ဆက်ခြင်းမရှိသေးသော်လည်း အာဆီယံအထူးကိုယ်စားလှယ်ရုံးမှ တာဝန်အရှိဆုံးပုဂ္ဂိုလ်များနှင့် တွေ့ဆုံဆွေးနွေးနေသည်ဟုဒေါက်တာဝင်းမြတ်အေးက ဆက်ပြောသည်။
မြန်မာနိုင်ငံကို ပေးမည့် ကူညီကယ်ဆယ်ရေးပစ္စည်းများသည် မလေးရှားနှင့်ထိုင်းနိုင်ငံရှိ သိုလှောင်ရုံများတွင် ရှောက်ရှိနေပြီဟုဆိုပြီး ထိုင်း ၊စင်္ကာပူနှင့်အင်ဒိုနီးရှားမှ စစ်လေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ပို့ဆောင်မည်ဟု အင်ဒိုနီးရှားအစိုးရက ယမန်နေ့က ထုတ်ပြန်ခဲ့သည်။

အမျိုးသားညီညွှတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) ကလည်း မြန်မာနိုင်ငံအတွင်း အကူအညီပေးရေးလုပ်ငန်းစဉ်များတွင် အမှန်တကယ် လိုအပ်နေသူများထံ ထိထိရောက်ရောက် ကူညီရေးလုပ်ဆောင်နိုင်ရန် လူထုကိုကိုယ်စားပြုသောအဖွဲ့အစည်းများမှတဆင့် တိုက်ရိုက် ကူညီပေးသင့်ကြောင်း အာဆီယံအား တိုက်တွန်းထားသည်။
မိုခါမုန်တိုင်းကြောင့် မြန်မာပြည်သူ ၅ သန်းကျော်ထိခိုက်ခံစားခဲ့ရကြောင်း UNOCHA ကထုတ်ပြန်ထားသည်။မုန်တိုင်းတိုက်ရိုက်ဝင်ခဲ့သော ရခိုင်ပြည်နယ်မှာထိခိုက်ပျက်စီးမှု အများဆုံးဖြစ်ပြီး ၊ချင်းပြည်နယ် ၊စစ်ကိုင်းတိုင်း၊မကွေးတိုင်းတို့မှာလည်း မုန်တိုင်းကြောင့်ထိခိုက်ပျက်စီးမှုများရှိခဲ့သည်။

စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်း(၄)မြို့နယ်တွင်မုန်တိုင်းကြောင့် စိုက်ပျိုးသီးနှံ (စပါး၊ ပဲတီစိမ်း၊ မတ်ပဲနှင့် နှမ်း) ဧကပေါင်း (၄၂,၅၂၇)ဧက ရေလွှမ်းပျက်စီးဆုံးရှုံးခဲ့ပါသည်။ထို့အပြင်စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းအတွင်းရှိ ၉ မြို့နယ်၌ တိရိစ္ဆာန် (ကျွဲ၊ နွား၊ သိုး၊ ဆိတ်) အကောင်ရေ (၂,၃၄၆) ကောင် ထိခိုက်သေဆုံးခဲ့ပြီး စစ်ကိုင်းတိုင်း (၁၃) မြို့နယ်တွင် နေအိမ် (၄၉) လုံးနှင့် မကွေးတိုင်း (၁၁) မြို့နယ်တွင်နေအိမ် (၉၁) လုံး အမိုးလန်ပြိုကျပျက်စီးခဲ့ပါကြောင်းNUG ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟို ကော်မတီကထုတ်ပြန်ထားသည်။ထို့အပြင် စစ်ကိုင်းတိုင်းနှင့်မကွေးတိုင်းအတွင်းရှိလူဦးရေ (၂၄၅,၉၅၁) ဦးမှာလည်း အမိုးအကာနှင့်အရေးပေါ်စားနပ်ရိက္ခာ လိုအပ်လျက်ရှိကြောင်း NUGကအသိပေးထားသည်။
ချင်းပြည်နယ်တွင် လည်းမိုခါမုန်တိုင်းကြောင့် လူနေအိမ် ၁,၇၇၄လုံး၊ ဘာသာရေးအဆောက်အဦ၂၉လုံး၊ ကျန်းမာရေးအဆောက်အဦငါးလုံး၊ စာသင်ကျောင်း ၃၀နှင့်စပါးကျီ ၁၉လုံးပျက်စီးခဲ့သည်ဟုကြားကာလချင်းအမျိုးသားအတိုင်ပင်ခံကောင်စီ ICNCC က မေ ၁၇ရက်က ရရှိသော စာရင်းကို ထုတ်ပြန်ထားသည်။

NUG ကမေ၁၉ ရက်အထိ မုန်တိုင်းဒဏ်သင့်ဒေသများဖြစ်သည့် ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ ဘင်္ဂလားဒေ့ရ်ှ (ကော့ပဇား – ရိုဟင်ဂျာဒုက္ခသည်စခန်း)၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ရန်ကုန်တိုင်းတို့ရှိ မုန်တိုင်းသင့်ပြည်သူများအား လူသားချင်းစာနာမှုဆိုင်ရာကိစ္စရပ်များအတွက် ကျပ်သိန်း ၈၄၀ကျော် (၈၄,၈၅၇,၀၀၀)ကျပ် ထောက်ပံ့ထားပြီး၊ စစ်ကိုင်းနှင့်မကွေးတိုင်းအတွက်ကျပ် သိန်း ၃၅၀ ကျော်ထောက်ပံ့ခဲ့ပသည်ဟုဆိုသည်။ထိုအပြင် ရခိုင်ပြည်နယ်မှ မုန်တိုင်းသင့်ပြည်သူများအတွက် ရက္ခိုင်တပ်တော် (AA)မှတစ်ဆင့်NUG ကကျပ်သိန်း ၁၀၀၀ လှူဒါန်းခဲ့သည်။
