Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများဖြတ်တောက်ရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တောင်းဆို

(လုံခြုံရေးကောင်စီတွင် တံခါးပိတ်အစည်းအဝေး ကျင်းပခြင်းနှင့်စပ်လျဉ်း၍ သတင်းမီဒီယာများအား ပြောကြားနေသော မြန်မာသံအမတ်ကြီး။ ဓာတ်ပုံ – Ministry of Foreign Affairs – Myanmar – NUG )

စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများဖြတ်တောက်ရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တောင်းဆို
စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများဖြတ်တောက်ရန် လုံခြုံရေးကောင်စီကို မြန်မာသံအမတ်ကြီး တောင်းဆို

‘မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် မည်ကဲ့သို့သော အခြေအနေသို့မဟုတ် အကြောင်းအရာကို စောင့်ဆိုင်းနေသနည်း’ဟု ကောင်စီကို မေးခွန်းထုတ်

ကုလသမဂ္ဂလုံခြုံရေးကောင်စီက မြန်မာ့အရေးဆုံးဖြတ်ချက် ချမှတ်ထားသည့်တိုင် စစ်တပ်သည် မြန်မာပြည်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို ဆက်လက်ကျူးလွန်နေကြောင်း မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက ကုလသမဂ္ဂ၌ ပြောသည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီတွင် မြန်မာနိုင်ငံအရေးကိစ္စနှင့်စပ်လျဉ်း၍ တံခါးပိတ်အစည်းအဝေး(Closed Meeting)ကို ယမန်နေ့(သြဂုတ် ၂၃ရက်)တွင် ကျင်းပခဲ့ရာ ယင်းအစည်းအဝေးအပြီး သံအမတ်ကြီးက သတင်းထောက်များကို ပြောကြားခဲ့ခြင်းဖြစ်သည်။ ယခုလ လုံခြုံရေးကောင်စီ အလှည့်ကျဥက္ကဌ အမေရိကန်က မြန်မာ့အရေးတံခါးပိတ်အစည်းအဝေးတစ်ရပ် ခေါ်ယူကျင်းပခဲ့ပြီး အစည်းအဝေးအပြီးတွင်လည်း လုံခြုံရေးကောင်စီအဖွဲ့ဝင် (၁၃) နိုင်ငံကိုယ်စား ဗြိတိန်နိုင်ငံက လုံခြုံရေးကောင်စီ၏ ပူးတွဲကြေညာချက်(Joint Statement) ကို ဖတ်ကြားခဲ့သည်ဟု ဆိုသည်။

စစ်တပ်သည် ဂျက်လေယာဉ်များနှင့် ရဟတ်ယာဉ်များကို အသုံးပြုကာ ပြည်သူများနေထိုင်ရာ နေရာဒေသများသို့ လေကြောင်းမှတဆင့် ဗုံးကြဲတိုက်ခိုက်ခြင်းများကို မဆင်မခြင်နှင့် အလွန်အမင်း ပြုလုပ်နေ၍ စစ်တပ်ကို လက်နက်၊ လေယာဉ်ဆီနှင့် ငွေကြေးစီးဆင်းမှုများကို ဖြတ်တောက်ရန် လိုအပ်ကြောင်း ကုလသမဂ္ဂဆိုင်ရာမြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက တိုက်တွန်းသည်။

ထို့အပြင် လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံများသည် ‘မြန်မာပြည်သူများ၏ အသက်ကို ကယ်တင်ရန် မည်ကဲ့သို့သော အခြေအနေ သို့မဟုတ် အကြောင်းအရာကို စောင့်ဆိုင်းနေသနည်း’ဟု သံအမတ်ကြီးက မေးခွန်းထုတ်သည်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်သည် ပြည်သူများအပေါ် လုပ်ဆောင်နေသည့် စစ်ပွဲကို အနိုင်ရရှိရန် စွမ်းဆောင်နိုင်ခြင်း မရှိသကဲ့သို့ နိုင်ငံအား အုပ်ချုပ်ရန် သို့မဟုတ် စီးပွားရေးအား စီမံခန့်ခွဲရန် လုပ်ဆောင်နိုင်ခြင်း မရှိကြောင်း၊ ထို့အတူ ပြည်တွင်း၌ ရေရှည်တည်တံ့သည့် တည်ငြိမ်အေးချမ်းမှု ဖြစ်ထွန်းစေရန်လည်း ဆောင်ကျဉ်းပေးနိုင်ခြင်းမရှိကြောင်း သံအမတ်ကြီးက ပြောသည်။

မြန်မာပြည်သူအများစုသည် စစ်တပ်၏ အာဏာရှင်စနစ်နှင့် ၎င်း၏ အာဏာကို စည်းလုံးညီညွတ်စွာ ဆန့်ကျင်နေပြီး စစ်တပ်အား နိုင်ငံရေးနယ်ပယ်မှ အပြီးတိုင် ဖယ်ရှားရန်နှင့် အရပ်သားအစိုးရအုပ်ချုပ်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို တည်ထောင်ရန် တောင်းဆိုနေကြောင်း ဆက်ပြောသည်။

မြန်မာသံအမတ်ကြီးက ပြည်သူများ၏ အသံကို နားထောင်ရန်နှင့် မျှော်မှန်းချက်များကို လေးစားရန် ကုလသမဂ္ဂလုံခြုံရေးကောင်စီကို တောင်းဆိုသည်။

လုံခြုံရေးကောင်စီသည် မြန်မာပြည်သူများ၏ အသက်အိုးအိမ်ကို ကယ်တင်ပေးနိုင်မည့် အရေးယူဆောင်ရွက်ချက်များကို မဆိုင်းမတွဘဲ ချက်ချင်းချမှတ်လုပ်ဆောင်ရမည်ဖြစ်ပြီး စစ်တပ်မှ အကျိုးခံစားနေသည့် ပြစ်ဒဏ်ခတ်ခြင်းမှ ကင်းလွတ်နေမှုကို အပြီးတိုင်ရပ်တန့်ရန်နှင့် ဒေသတွင်းမတည်ငြိမ်မှု ပိုမိုကြီးထွားလာခြင်းမှ ကြိုတင်ကာကွယ်ရန် လိုအပ်ကြောင်း တိုက်တွန်းသည်။

ထို့အတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံများသည် ၂၀၂၂ ဒီဇင်ဘာတွင် ချမှတ်ထားသော မြန်မာ့အရေး ဆုံးဖြတ်ချက်အဆို 2669အား ပိုမိုခိုင်မာအားကောင်းစေနိုင်မည့် ဆုံးဖြတ်ချက်အဆိုအသစ်ကို ထပ်မံချမှတ်နိုင်ရေးအတွက် စေ့စပ်ညှိနှိုင်းမှုလုပ်ငန်းစဉ်အား ယခုပင်စတင်ရန် မြန်မာသံအမတ်ကြီးက တောင်းဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

မြောက်ကိုရီးယား၊ ဘီလားရုစ်နှင့် အီရန်စ​သည့် နိုင်ငံများနှင့်ပတ်သက်​သော သီးခြား အဆိုပြုချက်များကိုလည်း ဆွေးနွေးဆုံးဖြတ်မှုများ ရှိခဲ့သည်။

သတင်း

သင်္ဃန်းညီနောင် အပါအဝင် မြ၀တီရှိ စစ်ကောင်စီတပ်စခန်းအားလုံး ရရိရေး ရည်မှန်း ထိုးစစ်ဆင်နေခြင်းဖြစ်သည်ဟုသိရသည်။

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အနေဖြင့်လည်း စစ်ကောင်စီတပ် တိုက်လေယာဉ် တစ်စီးကို ယခုနှစ် ဇန်နဝါရီ လလယ်တွင် ရှမ်းမြောက် နမ့်ဖက်ကာတိုက်ပွဲ၌ ပစ်ချခဲ့ပြီး လေယာဉ် အပျက်အစီးကိုလည်း ပြသခဲ့သည်။