ထားဝယ်မြို့တွင် ပြီးခဲ့သည့် စက်တင်ဘာလ ၃၀ရက်ညနေက စစ်ဆင်ရေးတစ်ခု၌ ဖမ်းဆီးခံရသော ထောင်ဝန်ထမ်းနှစ်ဦးမှာ သေဆုံးသွားပြီး အကျဉ်းသား ငါးဦးကို ပြည်ပသို့ လုံခြုံစွာ ပို့ပေးထားပြီးဖြစ်ကြောင်း ထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ – DGRFက သတင်းထုတ်ပြန်သည်။
စက်တင်ဘာလ ၃၀ရက်ညနေ၃နာရီခန့်က ရေး-ထားဝယ် ကားလမ်းပေါ်တွင် ထားဝယ်အကျဉ်း ထောင်မှ ထောင်ဝန်ထမ်း နှစ် ဦး၊ အကျဉ်းသား ငါးဦးပါသည့် ကားအား DGRF တပ်ခွဲ၂ မှ ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စစ်ဆေးမေးမြန်းရာ ထောင်ဝန်ထမ်း နှစ်ဦးသည် စစ်ကောင်စီ ထောက်တိုင်များဖြစ် ကြောင်း သိရှိရသဖြင့် အောက်တိုဘာလ ၁ ရက်နေ့တွင် သတ်ခဲ့ကြောင်း ဖော်ထားသည်။
ထားဝယ် အကျဥ်းထောင်မှထောင်ဝန်ထမ်းလွင်ငြိမ်းနှင့် အောင်ဘိုဘိုထွဋ်တို့ ဖြစ်ပြီး အကျဥ်းသား ငါးဦးနှင့်အတူ ရေဖြူမြို့နယ် ဇီးကျကျေးရွာ အနီးရှိ စစ်ကောင်စီက အသစ်ဆောက်နေသည့် အကျဥ်းထောင်သို့ စက်တင်ဘာလ ၃၀ ရက်က သွားရောက်စဉ် ဖမ်းဆီးခံရခြင်းဖြစ်သည်ဟု People’s Spring ကစုံစမ်းသိရှိရသည်။
“စစ်ကောင်စီ အဓိက ထောက်တိုင်တွေမို့ ရှင်းတာ။ အသေးစိတ်တော့ ကျွန်တော်တို့ ပြောစရာမရှိဘူး”ဟု ထားဝယ်မြို့မှ ပြည်သူ့ကာကွယ်ရေးထောက်ပို့ရဲဘော်တဦးကပြောသည်။

Public Service Announcement
ထောင်ဝန်ထမ်းနှစ်ဦးသေဆုံးသွားပြီဖြစ်ကြောင်းသတင်းကို အောက်တိုဘာလ ၂၉ရက်က ထုတ်ပြန်ခဲ့ပြီး ဖမ်းဆီးခဲ့စဉ်ကရုပ်သံမှတ်တမ်းကို ယနေ့(အောက်တိုဘာလ ၃၁ရက်) ထုတ်ပြန်ထားသည်။
အကျဉ်းသား ငါးဦးကို ပြည်ပသို့ လုံခြုံစွာ ပို့ပေးထားပြီး အဆိုပါဖြစ်စဉ်အတွင်း ကားတစ်စီး၊ချိန်းဇောစက်တစ်ခု၊ တက်တူးစက် တစ်ခုနှင့် ဖုန်းနှစ်လုံးအား သိမ်းဆည်းရမိခဲ့ကြောင်းထားဝယ်ပြောက်ကျားတော်လှန်ရေးတပ်ဖွဲ့ – DGRFသတင်းနှင့်ပြန်ကြားရေးတာဝန်ခံက ထုတ်ပြန်ထားသည်။
