ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ စစ်ကောင်စီတပ်စွဲရာ ၂နေရာကို ယနေ့ နိုဝင်ဘာ ၆ရက်တွင် သွားရောက်တိုက်ခိုက်လျက်ရှိကြောင်း တအာင်းတပ်မတော်(TNLA)က သတင်းထုတ်ပြန်သည်။
၁၀၂၇ စစ်ဆင်ရေး ၁၁ရက်မြောက်နေ့တွင် ရှမ်းမြောက်နှင့် မန္တလေးတိုင်း အစပ်ရှိ နောင်ချိုမြို့နယ် ဂုတ်ထိပ် အနီးတဝိုက်ရှိ စစ်ကောင်စီတပ်နှင့် နောင်ချိုမြို့နယ် ရွှေညောင်ပင်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်အား မန္တလေး ပြည်သူ့ကာကွယ်ရေးတပ်မတော်(MDY PDF) နှင့် ပူးပေါင်းပြီး သွားရောက်တိုက်ခိုက်ခဲ့သည်ဟုသိရသည်။
နောင်ချို မြို့နယ်နှင့် ဂုတ်ထိပ်တွင် ၁၀၂၇ စစ်ဆင်ရေးစတင်သော အောက်တိုဘာ ၂၇ မှစ၍ ဆိုက်တိုက်တိုက်ပွဲပြင်းထန်နေခြင်းဖြစ်သည်။ စစ်ကောင်စီတပ်မှ စစ်သားအင်အားရာပေါင်းများစွာကို ရှမ်းပြည်နယ်မြောက်ပိုင်းသို့ စစ်ကူပို့ရန်ကြည်းကြောင်း၊လေကြောင်း၊လက်နက်ကြီးများဖြင့်တိုက်ခိုက်၍ လမ်းကြောင်းပွင့်ရန်စီစဥ်နေခြင်းဖြစ်ပြီးမန္တလေး PDF နှင့် TNLA တို့၏ တိုက်ခိုက်မှုကြောင့် ရှေ့မတိုးနိုင်ဘဲဖြစ်နေသည်။
ယခင်နေ့များက ရှမ်းမြောက်သို့ စစ်ကူလာပို့သည့် စစ်ကောင်စီတပ်များကို ကြားဖြတ်တိုက်ခိုက်မှုများ လုပ်ဆောင်နေရာမှ ပြန်လည်ထိုးစစ်ဆင်တိုက်ခိုက်ခြင်းလည်းဖြစ်သည်။
TNLAသည် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း လားရှိုး၊ မူဆယ်၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ မန်တုံ၊ မိုးမိတ်၊ နမ္မတူ စသည် ဒေသများမှ စစ်ကောင်စီတပ်စခန်း၊ ရဲစခန်းနှင့် ပြည်သူ့စစ်စခန်း စစ်ကောင်စီတပ်စခန်း ၃၀ကျော် သိမ်းပိုက်ထားနိုင်ပြီးဖြစ်သည်။ ညီနောင်မဟာမိတ် သုံးဖွဲ့စလုံးသိမ်းပိုက်ထားသော စခန်းစုစုပေါင်းမှာ နိုဝင်ဘာ ၅ ရက်အထိ ၁၄၀ ကျော်နေပြီဟုသိရသည်၊