ကိုးကန့်ဒေသ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်ကောင်စီတပ်စခန်း(၃)ခုကို ယမန်နေ့က သိမ်းပိုက်နိုင်ခဲ့ကြောင်း ကိုးကန့်တပ်မတော်(MNDAA)က ယနေ့ သတင်းထုတ်ပြန်သည်။
နိုဝင်ဘာ ၂၀ရက်နံနက်ပိုင်းတွင် တုန်းရှမ်းဒေသ ၊ တာကျူချင့်အနောက်တောင်ကုန်း ကြွယ်ပါးစခန်းကို ထိုးစစ်ဆင်တိုက်ခိုက် သိမ်းပိုက်ပြီးနောက် ညနေပိုင်းတွင် MNDAA သည် ကိုးကန့်ဒေသ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ စစ်ကောင်စီ၏တပ်စခန်း(၃)ခုကို တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်ဖြစ်သည်ဟု အသိပေးသည်။


ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်း ၁၆၁ခုကို သိမ်းပိုက်ရရှိခဲ့သည်ဟု MNDAAက ထုတ်ပြန်သည်။ အဆိုပါ တပ်စခန်း အရေအတွက်သည် MNDAAနှင့် ရက္ခိုင့်တပ်တော်(AA) တို့သိမ်းပိုက်ထားနိုင်သည့် တပ်စခန်းအရေအတွက်ဖြစ်သည်။ တအာင်းတပ်မတော်(TNLA)က လည်း စစ်ဆင်ရေး ၂၅ရက်မြောက်နေ့ နိုဝင်ဘာ ၂၀ရက်အထိ စစ်ကောင်စီတပ်စခန်း ၄၆ ခုထက်မနည်းသိမ်းပိုက်ထားပြီးဖြစ်ကြောင်း အသိပေးထားသည်။

ထို့ကြောင့် ၁၀၂၇ စစ်ဆင်ရေးတွင် ညီနောင်မဟာမိတ် ၃ဖွဲ့ သိမ်းပိုက်ခဲ့သည့် စစ်ကောင်စီတပ်စခန်း ၂၀၇ခုထိ ရှိလာပြီဖြစ်သည်။

Public Service Announcement
ကိုးကန့်ဒေသ ယမန်နေ့တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ထံမှ စက်သေနတ် အပါအဝင် လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိထားကြောင်း MNDAA ကဓာတ်ပုံမှတ်တမ်းနှင့်အတူထုတ်ပြန်သည်။


















































