ညီနောင်မဟာမိတ် သုံးဖွဲ့ဆောင်ရွက်နေသည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း အထိနာနေသည့် စစ်ကောင်စီတပ်က အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိရာ စစ်ဆင်ရေး တစ်လနီးပါးအတွင်း အရပ်သား ၆၀ကျော်သေဆုံးခဲ့ကြောင်း တအာင်းတပ်မတော်(TNLA)က ယမန်နေ့တွင် ထုတ်ပြန်သည်။
ယမန်နေ့(နိုဝင်ဘာ ၂၃ရက်)က လားရှိုးမြို့တွင် စစ်ကောင်စီတပ်မှ လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့၍ မန်ဖတ်ကျေးရွာသား တစ်ဦးသေဆုံးကာ နှစ်ဦးဒဏ်ရာရသည့် ဖြစ်စဉ်ကို အသိပေးခဲ့ခြင်းဖြစ်သည်။
စစ်ဆင်ရေးစတင်ခဲ့သည့် အောက်တိုဘာ ၂၇ရက်မှ နိုဝင်ဘာ ၂၃ရက်အတွင်း စစ်ကေင်စီ၏ လက်နက်ကြီး တိုက်ခိုက်မှုကြောင့် အရပ်သားထိခိုက်မှု အခြေအနေကို ထည့်သွင်း ဖော်ပြခဲ့ရာ

အရပ်သားဒေသခံ ၁၀၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကလေးငယ် ၁၄ ဦးအပါအဝင် (၆၀) ကျော် သေဆုံးခဲ့ရကြောင်း ဖော်ပြသည်။ အဆိုပါအရေအတွက်သည် လေကြောင်း တိုက်ခိုက်မှုကြောင့် ပြည်သူထိခိုက်သေဆုံး အခြေအနေများလည်းပါဝင်သည်။

Public Service Announcement
နိုဝင်ဘာ ၂၃ရက်တွင် မူဆယ်မြို့နယ် (၁၀၅)မိုင်တပ်စခန်းမှ ပစ်ခတ်ခဲ့သည့် လက်နက်ကြီးကြောင့် နမ့်အွမ်ကျေးရွာအတွင်း ကျရေက်ပေါက်ကွဲခဲ့ပြီး လူနေအိမ် ၂ လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြသည်။
နိုဝင်ဘာ ၂၁ ရက်တွင်လည်း သီပေါမြို့ စံဖိတ်ကျေးရွာအတွင်း လက်နက်ကြီးပေါက်ကွဲမှုကြောင့် ဒေသခံ တစ်ဦး သေဆုံးပြီး ၆ဦး ပြင်းထန်စွာဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

နမ့်ခမ်းနှင့် နမ့်ဆန်မြို့နယ်များတွင်လည်း စစ်ကောင်စီတပ်၏ လေကြောင်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများကြောင့် အရပ်သားသေဆုံးထိခိုက်မှုများရှိခဲ့သည်။
TNLAနှင့် စစ်ကောင်စီတပ်တို့သည် ယခုရက်ပိုင်းအတွင်း လားရှိုးမိုင်းကျက်တပ်စခန်း၊ကျောက်မဲ စခန်းသာ အနီး၊ နမ့်ခမ်း စခန်းသစ်ကုန်း စသည့်နေရာများ၌ တိုက်ပွဲများ ဖြစ်ပွားလျက်ရှိပြီးစစ်ကောင်စီက လေကြောင်းမှ အကြိမ်ကြိမ် ပစ်ကူပေးတိုက်ခိုက်ခုခံနေရသည်။ ၁၀၂၇ စစ်ဆင်ရေးကာလအတွင်း စစ်ကောင်စီတပ်စခန်းနှင့် ရဲစခန်း ၄၆ခုထက်မနည်းကို TNLAကသိမ်းပိုက်ထားကြောင်း TNLA သတင်းပြန်ကြားရေးဌာနက ပြောကြားထားသည်။
