ကိုးကန့် ကုန်းကြမ်းဒေသရှိ စစ်ကောင်စီတပ် ခလရ(၁၂၅)က ကိုးကန့်တပ်မတော်(MNDAA) အပါအဝင် မဟာမိတ်တပ်များထံ လက်နက်ချ အလင်းဝင်ခဲ့ရာ အဆိုပါ တပ်စခန်းမှ သိမ်းဆည်းရရှိသည့် လက်နက်ခဲယမ်း အလက်ပေါင်း ရာချီရရှိခဲ့ကြောင်း လူမှုကွန်ရက်၌ ထွက်ပေါ်လာသည့် ရုပ်သံမှတ်တမ်း၌ တွေ့ရသည်။
နိုဝင်ဘာလ ၂၈ ရက်နေ့တွင် ဒေသကွက်ပဲမှု စစ်ဌာနချုပ်(လောက်ကိုင်)လက်အောက်ခံ ခလရ(၁၂၅) တပ်ရင်းမှူးကိုယ်တိုင် MNDAAနှင့် ဆွေးနွေးပြီး လက်နက်ချ အလင်းဝင်ခဲ့ခြင်းဖြစ်သည်။ တပ်ဖွဲ့ဝင်၊ ရဲ ၊ မိသားစုဝင်များအပါအဝင် စုစုပေါင်း ၂၇၂ဦး အလင်းဝင်လာခြင်းဖြစ်သည်။ ထိုသို့ အလင်းဝင်ခဲ့၍ စစ်ကောင်စီတပ်က နှစ်ပေါင်း ၃၀ နီးပါး ထိန်းချုပ်ထားသ့် တပ်စခန်းကို အပြီး သိမ်းနိုင်ခဲ့ပြီး ကုန်းကြမ်းဒေသကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း MNDAAက ကြေညာခဲ့သည်။

ထုတ်ပြန်ခဲ့သည့် လက်နက်ချအလင်းဝင်စာရင်းအရ ပြည်သူ့စစ် ၂၇ဦး၊ ခလရ ၁၂၅ တပ်ဖွဲ့ဝင် ၉၃ဦး၊ စကခ(၁၆)အဖွဲ့ဝင်(၃၆)ဦး ၊ စကခ(၁၂)အဖွဲ့ဝင်(၁၄)ဦး ၊ ရဲ ၁၁ဦး၊ စစ်ဆင်ရေးအကြံပေး ၅ဦး စသည့် စစ်ဘက်နှင့် သက်ဆိုင်သူ ၁၈၆ ဦးရှိသည်။ထို့အပြင် ၎င်းတို့၏ မိသားစုဝင် ၈၆ ဦးရှိသည်ကို တွေ့ရသည်။

နိုဝင်ဘာ ၃၀ရက်တွင်ထွက်ပေါ်လာသည့် လက်နက်ခဲယမ်း သိမ်းဆည်းရရှိမှု ရုပ်သံတွင် ကုန်းကြမ်းတပ်စခန်း ရဟတ်ယာဉ်ဆင်းသက်ရာ ကွင်းနေရာတွင် လက်နက်ခဲယမ်းများကို စုပုံထားရာ လက်နက်ကြီးမျိုးစုံ အလက် ၃၀ ပတ်ဝန်းကျင်ရှိပြီး စက်သေနတ်ကြီး၊ စက်သေနတ်ငယ် ခန့်မှန်း အရေအတွက် အလက်ပေါင်း ၂၀ကျော်၊ လက်နက်ငယ်မျိုးစုံ ခန့်မှန်းအရေအတွက် ၁၅၀ ပတ်ဝန်းကျင်ကို တွေ့ရှိရသည်။ ခဲယမ်း ကျည်၊ စစ်အသုံးအဆောင်ပစ္စည်းများစွာကိုလည်း တွေ့ရှိရသည်။

Public Service Announcement

အဆိုပါ ရုပ်သံနှင့်ပတ်သက်ပြီး MNDAA ပြောရေးဆိုခွင့်ရှိသူ လီကျာဝင်းအား မေးမြန်းရာ အဆိုပါ ပုံများသည် MNDAAက တရားဝင်ထုတ်ပြန်ထားခြင်းမဟုတ်သော်လည်း ဖြစ်နိုင်ချေများကြောင်း၊ MNDAA အနေဖြင့်လည်း ယနေ့တွင် တရားဝင် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြော People’s Spring သို့သည်။
ယခုကဲ့သို့ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိမှုကို ကွမ်းလုံမြို့သိမ်းတိုက်ပွဲအတွင်း၌လည်း တွေ့ရှိရသည်။ ထိုစဉ်ကလည်း လက်နက်တိုက်အတွင်း စုပုံထားသည့်လက်နက်ငယ်အများအပြား၊ လက်နက်ကြီးနှင့် လက်နက်ကြီးကျည်များ၊ အတွဲလိုက်ဒုံးတင်ယာဉ်နှင့် ဟောင်ဝစ်ဇာအမြောက်များ၊ တင့်ကားနှင့် သံချပ်ကာယာဉ်များ စသည့် စစ်သုံးလက်နက်ပစ္စည်းများစွာကို ကွမ်းလုံမြို့သိမ်းတိုက်ပွဲ၌ ရရှိခဲ့သည်။


















































