ဇူလိုင်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring
အာဏာသိမ်းစစ်တပ် ခေါင်းဆောင်တွေဟာ သူတို့ရဲ့ အကျိုးစီးပွားအတွက် အောက်ခြေစစ်သည်တွေရဲ့ အသက်တွေကို စတေးနေတာမို့ စစ်ကောင်စီတပ်သားတွေအနေနဲ့ မိမိတို့ရဲ့ မိသားစုဘ၀ အနာဂတ်အတွက် အလေးအနက်စဉ်းစားကြဖို့၊ တော်လှန်ရေးဘက် ပြည်သူ့ဘက် ကူးပေါင်းကြဖို့ ပြည်သူ့ပန်းတိုင်က တိုက်တွန်းပါတယ်။
ပြည်သူ့ပန်းတိုင်က အပတ်စဉ်တင်ဆက်နေတဲ့ စကစ၏ “ပြေးဟပရောဂျက် ယခုတစ်ပတ်” အစီအစဉ်နေ့မှာ အခုလို တိုက်တွန်းခဲ့တာဖြစ်ပါတယ်။
“ဒီတစ်ပတ်မှာတော့ ရခိုင်ဘက် စစ်ကူပို့လိုက်တဲ့တစ်ဖွဲ့လုံး အရာရှိတွေပါ လက်နက်ချသွားကြတာကို တွေ့ရပါတယ်။စစ်ခေါင်းဆောင်တွေရဲ့ကိုယ်ကျိုးစီးပွားအတွက် အောက်ခြေက အသက်တွေဘဝတွေကို ဖက်ရွက်တွေလိုသဘောထားနေကြမှန်း သဘောပေါက်လာကြပုံပါပဲ။ကျန်ရှိစစ်သည်တွေလည်း မိမိမိသားစုဘဝအနာဂတ်နဲ့ တိုင်းပြည်အနာဂတ်အတွက် လေးလေးနက်နက် စဉ်းစားကြဖို့ လိုနေပါပြီ” လို့ ပြည်သူ့ပန်းတိုင်က ရေးသားထားပါတယ်။

Public Service Announcement
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၆ ခုနှစ်၊ ဇွန်လ စတုတ္ထပတ်အတွင်း အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စကစအဖွဲ့ဝင် စစ်သား၊ ရဲနဲ့ ပြည်သူ့စစ် စုစုပေါင်း ၁၂၅ ဦး ရှိတယ်လို့ အသိပေးပါတယ်။
အလင်းဝင်ပူးပေါင်းသူ ၅ဦးရှိပြီး အဲဒီအထဲမှာ ၂ဦးဟာ စစ်မှုထမ်းတပ်သားသစ်တွေလို့ဆိုပါတယ်။ အလင်းဝင်ပူးပေါင်းလာတဲ့ဒေသက စစ်ကိုင်း၊ မကွေးတိုင်းနဲ့ ကရင်ပြည်နယ်တွေမှာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
စစ်သုံ့ပန်းအဖြစ် တော်လှန်ရေးတပ်ဖွဲ့တွေက ဖမ်းဆီးခဲ့တဲ့ စစ်ကောင်စီတပ်သား ၁၂၀ ဦးရှိပြီး ရက္ခိုင်ပြည်နယ်မှာ ၁၁၇ဦးနဲ့ အများဆုံးဖြစ်ကာ စစ်ကိုင်းနဲ့ ကရင်နီတို့မှာလည်း ဖမ်းဆီးရမိသူတွေလည်းရှိတယ်လို့ ဆိုပါတယ်။
ယခု ပြည်သူ့ပန်းတိုင်ရဲ့ ဖော်ပြချက်မှာ ပါတဲ့ ရက္ခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၇ ဦး စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရရှိမှုနဲ့ပတ်သက်ပြီး အာရက္ခတပ်တော်(AA) အနေနဲ့ တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။
သတင်းရင်းမြစ်အချို့ကတော့ ရက္ခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ်၊တောင်မော်ဦးရေတပ်စခန်းအနီးအ၀တောင်ကျေးရွာဝန်းကျင်တိုက်ပွဲအတွင်း အာဏာသိမ်း စစ်တပ်ဘက်က လက်နက်ချအလင်းဝင်လာသူတွေ ဆက်တိုက်ရှိနေတယ်လို့ ပြောပြထားပါတယ်။
ဒါ့အပြင် ဧရာ၀တီတိုင်း ရေကြည်မြို့နယ်တိုက်ပွဲ မှာ စစ်ကောင်စီ ကာကင်းတွေ တပ်စခန်းတွေ သိမ်းရကာ လက်နက်ခဲယမ်းတွေ စစ်ကောင်စီ အလောင်းတွေသိမ်းရကြောင်း AAက အသိပေးထားပါတယ်။ စစ်တွေ၊ ကျောက်ဖြူမြို ပတ်ဝန်းကျင်၊ ရက္ခိုင်-မကွေးအစပ်၊ ရက္ခိုင်-ပဲခူးအစပ်၊ ရက္ခိုင်နဲ့ ထိစပ်နေသော ချင်းပြည် မင်းတပ်နဲ့ ကန်ပက်လက်မြို့ အစပ်နေရာတွေ၊ AA လှုပ်ရှားရာ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ အသိပေးထားပါတယ်။
ပြည်သူ့ပန်းတိုင်ရဲ့ မှတ်တမ်းတွေအရ ၂၀၂၅ ခုနှစ် ဇန်နဝါရီလကနေ ၂၀၂၆ ခုနှစ် ဇွန်လ စတုတ္ထပတ်အထိ အလင်းဝင်ပူးပေါင်းနဲ့ လက်နက်ချ၊ စစ်သုံ့ပန်း စုစုပေါင်း ၃,၆၇၈ ဦးထိရှိခဲ့တယ်လို့ ဖော်ပြပါတယ်။ ပြည်သူ့ပန်းတိုင်အနေနဲ့ တော်လှန်ရေးအဖွဲ့တွေနဲ့ မီဒီယာတွေမှာထုတ်ပြန်ဖော်ပြထားတာတွေကို စုစည်းထားတာဖြစ်လို့ အလင်းဝင်၊ လက်နက်ချ၊ဖမ်းမိတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာ အခုဖော်ပြထားတဲ့ စာရင်းပါအရေအတွက်ထက်ပိုများနိုင်ပါတယ်။
တော်လှန်ရေးတပ်တွေရဲ့ သတင်းထုတ်ပြန်ချက်တွေအရ အခု ဇူလိုင်လအတွင်းမှာလည်း စစ်ကောင်စီတပ်သားတွေအနေနဲ့ ပြည်သူ့ဘက် ပူးပေါင်း အလင်းဝင်တာ ဆက်ရှိနေပါတယ်။


















































