Connect with us

Hi, what are you looking for?

LuduNwayOo

သတင်း

အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု မူဝါဒကို NUCC အတည်ပြုထုတ်ပြန်

အသက်ဆုံးရှုံးခဲ့ရသူများ ၊ကိုယ်လက်အဂါ် ချို့ယွင်းခဲ့ရသူများ၊ အကျဥ်းကျခံခဲ့ရသူများ ၊ ရုပ်ပိုင်းစိတ်ပိုင်းညှင်းပန်းနှိပ်စက်ခံရသူများ ၊အသက်ဆုံးရှုံးခဲ့ရသူများ၏ကျန်ရစ်သူမိသားစုများကို အထူးနစ်နာခဲ့ကြသည့် နစ်နာဆုံးရှုံးသူများဟုသတ်မှတ်၍ ​ထောက်ပံ့​ပေးရမည်ဟုလည်းပါဝင်သည်။

(​နွေဦး​တော်လှန်​ရေးတွင် ကမ္ဘာ​ကျော်ခဲ့​သောအကြမ်းမဖက်အာဏာဖီဆန်မှု-CDM လှုပ်ရှားမှုတွင်ပါဝင်ပူး​ပေါင်းကြရန် ပြည်သူများဆန္ဒပြခဲ့စဥ်။ဓါတ်ပုံ-EPA)
(​နွေဦး​တော်လှန်​ရေးတွင် ကမ္ဘာ​ကျော်ခဲ့​သောအကြမ်းမဖက်အာဏာဖီဆန်မှု-CDM လှုပ်ရှားမှုတွင်ပါဝင်ပူး​ပေါင်းကြရန် ပြည်သူများဆန္ဒပြခဲ့စဥ်။ဓါတ်ပုံ-EPA)

-“အနာဂတ်နိုင်ငံ တည်ဆောက်ရေးမှာ ဒီလိုလူတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ နောက်ပြီး ဒီလိုလူတွေရဲ့ ပူးပေါင်းချိတ်ဆက်မှုနဲ့ မဟာဗျူဟာကျကျ တော်လှန်ရေးကို တိုက်နိုင်ဖို့က မူဝါဒရှိဖို့လိုတယ်” – CDM ကထိကတစ်ဦး

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)သည် အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု မူဝါဒကို ဒီဇင်ဘာ ၁ ရက်တွင် အတည်ပြုခဲ့ပြီး ယမန်နေ့(ဒီဇင်ဘာ ၂ ရက်)တွင် ထုတ်ပြန်ကြေညာသည်။

စစ်အာဏာရှင်များကို အမြစ်ပြတ်ချေမှုန်းကာ ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ် တည်ဆောက်ရေးအတွက် အခက်အခဲအမျိုးမျိုးကို ကြံ့ကြံ့ခံရင်ဆိုင်နေကြသည့် အကြမ်းမဖက်လူထုလှုပ်ရှားမှု ပါဝင်သူတိုင်းကို အထူးလေးစားဂုဏ်ယူကြောင်း အသိပေးရန် လိုသည်ဟု မူဝါဒနိဒါန်း၌ ဖော်ပြသည်။ အထူးသဖြင့် နွေဦးတော်လှန်ရေးတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားသူ လူထု၏ အရေးပါမှုနှင့် စွန့်လွှတ်အနစ်နာခံမှုများကို အသိအမှတ်ပြုခြင်း၊ မှတ်တမ်းတင်ခြင်း၊ တရားမျှတမှု ရှာဖွေဖော်ထုတ်ပေးခြင်းနှင့် ပြန်လည်ကုစားပေးခြင်းများ ပြုလုပ်နိုင်ရေးအတွက် တိကျသော မူတစ်ခုကို ချမှတ်ဆောင်ရွက်ရန်လိုကြောင်း ဖော်ပြသည်။

“CDM(အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှု)ဆိုတာ ဝန်ထမ်းတွေလုပ်ကြတာလောက်ပဲ သိတာများတယ်။ နိုင်ငံ့ဝန်ထမ်း CDM ပဲ သိကြတယ်။ တကယ်တော့ CDM ဆိုတာ လူထုအားလုံး လုပ်ရတဲ့ လုပ်ငန်းကြီး၊ CDM movement ဆိုတာက လူထုအားလုံးလုပ်ရတာ။ အဓိပ္ပာယ်က ပိုပြီး ကျယ်ပြန့်တယ်။ ဝန်ထမ်းတွေ အလုပ်မသွားဘဲ နေတာက CDM ရဲ့ အစိတ်အပိုင်းတစ်ခုပဲ။ အဲဒီ CDM ထဲမှာ သပိတ်မှောက်တာ ပါတယ်။ ဘူးသပိတ်တွေပါတယ်။ ဘယ်လောက်အထိပါလဲဆိုတော့ အွန်လိုင်းပေါ်က ကလစ်ကာတွေကအစ CDM စာရင်းထဲပါတယ်။​ ဒီလိုလူတွေအတွက် အနာဂတ်နိုင်ငံ တည်ဆောက်ရေးမှာ ဒီလိုလူတွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့၊ နောက်ပြီး ဒီလိုလူတွေရဲ့ ပူးပေါင်းချိတ်ဆက်မှုနဲ့ မဟာဗျူဟာကျကျ တော်လှန်ရေးကို တိုက်နိုင်ဖို့က မူဝါဒရှိဖို့လိုတယ်”ဟု CDM ကထိက ဦးကျော်ဝေဖြိုးက ပြောသည်။

နွေဦးတော်လှန်ရေး၏ ခုခံတော်လှန်စစ်သည် တော်လှန်ရေးအတွက် အဆုံးအဖြတ်ဖြစ်နိုင်သကဲ့သို့ အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုသည် တော်လှန်ရေးတစ်ခုလုံးအတွက် ကြံ့ကြံ့ခိုင်နိုင်ရေးသက်လုံဖြစ်ကြောင်း စာမျက်နှာ ၂၂ ပါရှိသော အထက်ပါမူဝါဒ၏ နိဒါန်း၌ ဖော်ပြသည်။ ယင်းမူဝါဒတွင် အပိုင်း လေးပိုင်း၊ အခန်း ၅ ခန်းပါရှိကာ အခန်း ၃ ၌ အကြမ်းမဖက်အာဏာဖီဆန်ရေး လူထုလှုပ်ရှားမှု အသွင်ကူးပြောင်းရေး ဆိုင်ရာ တရားမျှတမှု အခြေခံမှုများ၊ အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုနှင့် တန်းတူညီမျှမှုများပါရှိသည်။မူဝါဒအပြည့်အစုံကို​NUCC ၏ မူရင်းလင့်တွင်ဖတ်ရှု​လေ့လာနိုင်ပါတယ်။

Public Service Announcement

Public Service Announcement

မူဝါဒတွင် ပါရှိသော အသွင်ကူးပြောင်းရေးဆိုင်ရာတရားမျှတမှုဆိုသည်မှာ နွေဦးတော်လှန်ရေးကာလအတွင်း ဆိုးရွားစွာချိုးဖောက်ခံခဲ့ရသည့် လူ့အခွင့်အရေးဖြစ်စဥ်များအပေါ် တော်လှန်ရေးအလွန်ကာလမှ စတင်၍ သက်ဆိုင်ရာအစိုးရနှင့် လူ့အဖွဲ့အစည်းက အကောင်အထည်ဖော်ရမည့် အမှန်တရားနှင့်တရားမျှတမှု ရှာဖွေဖော်ထုတ်ခြင်း လုပ်ငန်းစဥ်ဖြစ်ကြောင်း ဖော်ပြသည်။

ထို့အပြင် ‘နစ်နာမှုများကို ပြန်လည်ကုစားခြင်း’ တွင် အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုတွင် ပါဝင်ခဲ့သူများအပေါ် အကြမ်းဖက်စစ်အုပ်စုက ချမှတ်ထားသော ပြစ်မှုပြစ်ဒဏ်အားလုံးသည် မူဝါဒအတည်ပြုလိုက်သည်နှင့်တပြိုင်နက် အလိုအလျောက်ပျက်ပြယ်စေရမည်ဟု ဖော်ပြသည်။ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှုကို အကောင်အထည်ဖော်ရာတွင် နစ်နာသူကို ဗဟိုပြုသော ပြန်လည်ကုစားပေးသည့် အစီအမံများရေးဆွဲကာ အကောင်အထည်ဖော်ရမည်ဟု ဆိုသည်။

အကြမ်းမဖက်လှုပ်ရှားမှုများ-CDMတွင်ပါဝင်ခဲ့သူများအ​ပေါ် မတရားသဖြင့် လုယူဖျက်ဆီး ခံရ​သော ​နေအိမ် ၊တိုက်ခန်း ၊​မြေယာ နှင့် အခြားပိုင်ဆိုင်မှုများပြန်လည်ရရှိရန်နှင့် နစ်နာသူများ၏ မူလအ​ခြေအ​နေသို့အမြန်ဆုံး​ရောက်ရှိရန် ထိ​ရောက်မြန်ဆန်စွာပြန်လည်ကုစား​ပေးရမည်ဟုလည်း​ဖော်ပြထားသည်။နစ်နာခဲ့သူနှင့် ၎င်း၏ မိသားစုဝင်များအတွက် ဦးစား​ပေးအစီအစဥ်များချမှတ်၍ ပညာ​ရေး ၊ကျန်းမာ​ရေး၊ လူမှု​ရေး ဆိုင်​ရာ​ထောက်ပံ့ကူညီမှုများ​ပေးရန်လည်းပါရှိသည်။

အသက်ဆုံးရှုံးခဲ့ရသူများ ၊ကိုယ်လက်အဂါ် ချို့ယွင်းခဲ့ရသူများ၊ အကျဥ်းကျခံခဲ့ရသူများ ၊ ရုပ်ပိုင်းစိတ်ပိုင်းညှင်းပန်းနှိပ်စက်ခံရသူများ ၊အသက်ဆုံးရှုံးခဲ့ရသူများ၏ကျန်ရစ်သူမိသားစုများကို အထူးနစ်နာခဲ့ကြသည့် နစ်နာဆုံးရှုံးသူများဟုသတ်မှတ်၍ ​ထောက်ပံ့​ပေးရမည်ဟုလည်းပါဝင်သည်။

“Transitional justice(အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု)ကို အာမခံစေချင်တယ်။ လက်တွေ့ကျကျ လုပ်ဆောင်ပေးစေချင်တယ်။ ဥပမာပြောရရင် စစ်သားတွေ၊ ရဲတွေ စတဲ့ ရာဇဝတ်မှု ကျူးလွန်ခဲ့သူတွေနဲ့ပတ်သက်လို့ ရာထူးချရုံတင်မကဘူး၊ ဖယ်ထုတ်သင့်ဖယ်ထုတ်ရမယ်။ ရာဇဝတ်ကြောင်းအရ ကျူးလွန်ခဲ့သူတွေကို နားလည်ပေးလိုက်တာ၊ ကျေအေးပေးလိုက်တာာက အဖြေမဟုတ်ပါဘူး” ဟု CDM ဗိုလ်ကြီး ညီသုတက မှတ်ချက်ပြုသည်။ NUCC က အတည်ပြုထုတ်ပြန်သော မူဝါဒမှာ တော်လှန်ရေး ပိုမိုအားကောင်းလာစေရေးအတွက် အထောက်အပံ့ဖြစ်ကြောင်းနှင့် လက်ရှိအခင်း အကျင်းကို ခြုံငုံမှုရှိကြောင်း ၎င်းက သုံးသပ်သည်။

အကြောင်းအမျိုးမျိုးကြောင့် အားနည်းသွားသည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလူထုလှုပ်ရှားမှုများ တဖန်ပြန်လည်အားကောင်းလာစေရေး ကြိုးပမ်းအားထုတ်ရန် အထူးလိုအပ်ပြီး ထိုသို့ ကြိုးပမ်းရာတွင် အကြမ်းမဖက်အာဏာဖီဆန်ရေးအယူအဆသဘောတရားများ၊ သဘောသဘာဝနှင့် ရှေ့ဆက်ရမည့်မဟာဗျူဟာ၊ နည်းဗျူဟာများကိုလူထုထံ အသိပေးရင်း စည်းရုံးရန် လိုအပ်ကြောင်း မူဝါဒ နိဒါန်း၌ ဖော်ပြသည်။

မူဝါဒနှင့်ပတ်သက်၍ “အနှစ်ချုပ်ပြောရရင် ဒီ Public CDM မှာ လူတိုင်းပါဝင်လို့ ရတယ်။ ပြည်သူတိုင်းပါဝင်လို့ရတယ်။ ဝန်ထမ်းတွေတင်မဟုတ်ဘူး။ ပါဝင်တဲ့ ပြည်သူတိုင်း ပြည်သူတိုင်းဟာလည်း မော်ကွန်းဝင်တဲ့ အဆင့်ရှိတယ်။ မော်ကွန်းဝင်တယ်ဆိုတာ ဒီတော်လှန်ရေးကာလမှာ တကယ့် အရေးပါတဲ့ ပုဂ္ဂိုလ်တွေအဖြစ် ဂုဏ်ပြုချီးမြှင့်ခံထိုက်တယ်။ အဲဒါ ဒုတိယအချက်။ တတိယအချက်က ဒီ Public CDM လှုပ်ရှားမှုဟာ လက်ရှိအချိန်ကာလထက် အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနိုင်ရမယ်။ အဲဒီလှုပ်ရှားမှုရဲ့ ထိရောက်မှု တော်လှန်ရေးအောင်မြင်သည်အထိ သယ်သွားနိုင်တယ်။ အဲဒါကြောင့် ကျွန်တော်တို့က Public CDM ကို မဟာဗျူဟာချပြီးတော့ ဆောင်ရွက်စရာရှိတာတွေ ဆောင်ရွက်ရမယ့်ဆိုတဲ့ ကဏ္ဍသုံးရပ်ပေါ့” ဟု ဦးကျော်ဝေဖြိုးက ရှင်းပြသည်။

ဆက်စပ်သတင်းများ

သတင်း

NUG နှင့် NUCC တို့အနေဖြင့် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ပြည်သူများမှ ဆန့်ကျင်အာခံရန် ထုတ်ပြန်ထားသည်ကို တွေ့ရှိရပြီး ထိုစစ်မှုထမ်းဥပဒေကို ကန့်ကွက်ကြောင်းလက်မှတ်များ ကောက်ခံနေသည်ကိုလည်း တွေ့ရှိရကြောင််း တကသများ-ရန်ကုန်နှင့် က.လ.တ တို့က ဖော်ပြသည်။

သတင်း

မျှော်ရည်ပိုင်းဖြတ်ထားသော မြန်မာ့နွေဦးတော်လှန်ရေး၏ အန္တိမရည်မှန်းချက်ပန်းတိုင်သည် အသွင်သဏ္ဍာန်သာမက အနှစ်သာရပါ ပြည့်စုံခိုင်မာ၍ ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လက်တွေ့ကျင့်သုံး သော ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး (System Change) ဖြစ်သည်ဟု ဆိုသည်။

သတင်း

NUCC/NUG က ဖက်ဒရယ်ဒီမိုကရေစီပဋိညာဉ် အပေါ် ယုံကြည်ပြီး ရှေ့ဆက်သွားရင်းဖြင့် အခက်အခဲများကို ကျော်လွှားနိုင်မည်ဟု ယူဆကြောင်း NUCC ကောင်စီဝင် ဒေါ်ခေတ်ငြိမ်းအေးက ပြောကြားခဲ့သည်ဟုဆိုသည်။

သတင်း

အမေရိကန်နှင့် အိန္ဒိယ အစိုးရနှစ်ရပ်တို့ ပူးတွဲထုတ်ပြန်ခဲ့သည့် ထုတ်ပြန်ကြေညာချက်အပေါ် ကြိုဆိုကြောင်း ယနေ့ ထုတ်ပြန်ကြေညာခဲ့ရာ ထည့်သွင်းဖော်ပြခြင်းဖြစ်သည်။