ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ခမ်းမြို့နယ် မိုင်းဝီး ဒေသ၌ တအာင်းတပ်မတော်(TNLA)က မိုင်းခွဲတိုက်ခိုက်၍ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) အရပ်ဘက်၊ စစ်ဘက်ဝန်ထမ်း နှစ်ဦးကျဆုံးခဲ့ရခြင်းဖြစ်ရပ်နှင့်ပတ်သက်ပြီး မေးမြန်းမှုများ လက်ခံရရှိပြီး ဖြစ်စဉ်ကို စုံစမ်းနေကြောင်း TNLA သတင်းပြန်ကြားရေး အရာရှိက ပြောသည်။
ဒီဇင်ဘာ ၅ရက်တွင် မိုင်းခွဲမှုကြောင့် KIO တိုက်နယ်အဆင့် အုပ်ချုပ်ရေးတာဝန်ခံနှင့် ဒုတပ်ကြပ်တစ်ဦး သေဆုံးခဲ့ရကြောင်း ကချင်သတင်းဌာန KNGက ဖော်ပြထားသည်။ အဆိုပါ ဖြစ်စဉ် သတင်းပေးပို့ချက် ရရှိပြီး အသေးစိတ် အခြေအနေ စုံစမ်းနေဆဲဖြစ်ကြောင်း KIO/KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း KNGသို့ ဖြေကြားထားသည်။
တော်လှန်ရေးလုပ်ငန်းများအတွက် TNLA ထံသို့သတင်းပို့ရန် သွားစဥ် မိုင်းခွဲတိုက်ခိုက်မှုကြောင့် KIO မှ အရပ်ဘက် စစ်ဘက် ဝန်ထမ်း ၂ ဦးကျဆုံးခဲ့ကြောင်း KIO/KIA ၏ ရုံးစာတစ်စောင့်တွင်လည်း အတည်ပြုဖော်ပြထားသည်ကိုတွေ့ရသည်။
ယင်းဖြစ်စဉ်အပေါ် TNLA ဘက်သို့ မေးမြန်းရာ ဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းမှုများရှိသော်လည်း အသေးစိတ် အချက်အလက်များ တက်မလာသေးဟု ပြောပြသည်။

Public Service Announcement
“သူတို့ကို စုံစမ်းခိုင်းထားတယ်။ အချက်အလက် တော့ မပို့လာသေးဘူး”ဟု TNLA အရာရှိ တစ်ဦးက ပြောသည်။
KIAနှင့်TNLA တို့သည် မဟာမိတ်ဆက်ဆံရေးရှိထားပြီးဖြစ်သည့် အဖွဲ့များဖြစ်ပြီး ၁၀၂၇ စစ်ဆင်ရေး မစတင်မီကပင် နှစ်ဖက်ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ထားသည်။
