အောက်တိုဘာ ၂၄၊ ၂၀၂၆။ ထားမြတ်/People’s Spring
ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ် မြို့သစ်ဒေသက တံတားကို အာဏာသိမ်းစစ်တပ်က တိုက်ခိုက်ဖျက်ဆီးခဲ့တဲ့ ရည်ရွယ်ချက်ဟာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ရဲ့ ထောက်ပို့လမ်းကြောင်းကို ဖြတ်တောက်ပြီး ဗန်းမော်မြို့ကို ထိန်းချုပ်လို၍ ဖြစ်နိုင်ကြောင်း KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
၂၀၂၄ ကတည်းက KIA တိုက်ခိုက်သိမ်းပိုက်ထားတဲ့ မိုးမောက်မြို့နယ်ကို စစ်တပ်က အောက်တိုဘာ ၂၃ရက်မှာ လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ရာ တာပိန်မြစ်ကူးတံတား ပျက်စီးမှု ဖြစ်ခဲ့တာပါ။
” မြစ်ကြီးနား -ဗန်းမော် ကားလမ်းပေါ်က တာပိန်တံတားကိုလည်းသူတို့ မနေ့က ဗုံးကြဲပြီးမှ ဖျက်ဆီးလိုက်တဲ့ အခြေအနေရှိပါတယ်။ ဒါကတော့ သူတို့ရဲ့ ဗန်းမော်ကို ထိန်းချုပ်နိုင်ဖို့ သူတို့လည်း ကြိုးစားနေတယ်လို့ သုံးသပ်ပါတယ်။KIAနဲ့ ပူးပေါင်းတပ်တွေရဲ့ ထောက်ပို့လမ်းကြောင်းဖြစ်နေတယ်ဆိုပြီး သူတို့ သုံးသပ်လို့ဖျက်ဆီးလိုက်တာ ဖြစ်နိုင်ပါတယ်” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောကြားပါတယ်။

Public Service Announcement
လတ်တလော ဗန်းမော်ဘက်မှာ တိုက်ပွဲတွေဆက်ရှိနေပြီး လေကြောင်း၊ ဒရုန်း လက်နက်ကြီး တိုက်ခိုက်မှုတွေ နေ့တိုင်းလိုလိုရှိနေတယ်လို့ အသိပေးပါတယ်။
“သူတို့ ထိုးစစ်ဆင်တဲ့နေရာကတော့ ခလရ(၄၇)ရဲ့ အောက်ပိုင်းမှာ မံစီဘက်ကို မျက်နှာမူတဲ့နေရာဘက်မှာ သူတို့ ထိုးစစ်ဆင်တာတွေ့ရပါတယ်။” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
စစ်တပ်ဟာ စက်တင်ဘာအတွင်းက ဗန်းမော်မြို့ကို ရေကြောင်းကနေ စစ်အင်အား ၁၀၀၀ကျော် ဖြည့်တင်းခဲ့ပြီးနောက် မြေပြင်ထိုးစစ်တွေလုပ်ဆောင်နေလို့ တိုက်ပွဲတွေ ပြင်းထန်နေတာပါ။
KIAနဲ့ စစ်တပ်တို့ဟာ ကချင်-စစ်ကိုင်းအစပ် ဟုမ္မလင်းဒေသမှာလည်း တိုက်ပွဲတွေရှိခဲ့ပြီး ဟုမ္မလင်းမြို့နယ် တောင်ဦးဒေသက စစ်တပ်နဲ့ SNA တပ်စခန်းအချို့ကို သိမ်းပိုက်ရရှိခဲ့ပါတယ်။
စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ခဲယမ်း သိမ်းပိုက်ရရှိခဲ့ကြောင်းလည်း စစ်ရေးသတင်းရင်းမြစ်တွေက အသိပေးထားပါတယ်။

















































