Connect with us

Hi, what are you looking for?

သတင်း

မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့ရှိ NonCDM ဝန်ထမ်းများထွက်ပြေးသွား၍ စစ်ကောင်စီယန္တရား ရပ်ဆိုင်း

မန္တလေးတိုင်း၌ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်ရှိ ဌာနဆိုင်ရာများ​၏ NonCDMဝန်ထမ်းများထွက်ပြေးသွား၍ စစ်ကောင်စီ၏ ယန္တရားရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။

အင်ကြင်း/People’s Spring

မန္တလေးတိုင်း၌ မြင်းခြံခရိုင်အထူးစစ်ဆင်ရေးစတင်ပြီးနောက် မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာမြို့နယ်ရှိ ဌာနဆိုင်ရာများ​၏ NonCDMဝန်ထမ်းများထွက်ပြေးသွား၍ စစ်ကောင်စီ၏ ယန္တရားရပ်ဆိုင်းသွားကြောင်း သတင်းရရှိသည်။

မြင်းခြံခရိုင် အထူးစစ်ဆင်ရေး (MDSO)အဖြစ်မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီးနှင့် တောင်သာမြို့နယ်တို့တွင် သြဂုတ် ၁၀ရက် နံနက်ကစ၍ ဒေသတွင်းတပ်ပေါင်းစုများက စစ်ဆင်ရေးများပြုလုပ်ခဲ့ရာ အဆိုပါမြို့နယ်များရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးဝန်ထမ်းများအားလုံး ထွက်ပြေးတိမ်းရှောင်သွားကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မြင်းခြံမြို့ရှိ ရဲစခန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးနှင့် အခြားဌာနဆိုင်ရာများ၏ ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များမှာ မြင်းခြံသံမဏိစက်ရုံနှင့် ကျောက်ပန်းတောင်းမြို့ဘက်သို့ တိမ်းရှောင်သွားကြောင်း ဒေသခံအချို့က ပြောသည်။

“ဘဏ်တွေလည်း ရက်အကန့်အသတ်မရှိပိတ်ထားတယ်။ မြို့ခံအတော်များများလဲရှောင်နေကြပြီ။”ဟု မြင်းခြံဒေသခံတစ်ဦးက ပြောသည်။

မြင်းခြံခရိုင်ရဲစခန်းမှ ရဲများမှာ ပုပ္ပါး၌ ပုန်းအောင်းနေပြီး အခြားဌာနဆိုင်ရာများမှာလည်း နီးစပ်သလို ပုန်းရှောင်ထွက်ပြေးနေကြပြီဖြစ်ကြောင်း၊ မြင်းခြံစီးပွားရေးဘဏ်မှ ငွေများကိုလည်း ယခင်တစ်ပတ်ထဲက ညောင်ဦးမှတဆင့် မန္တလေးမြို့ပို့ထားပြီး ရာထူးကြီးဝန်ထမ်းများကို မန္တလေးဘဏ်သို့ခေါ်ဆောင်ထားကြောင်း မြင်းခြံလူထုလှုပ်ရှားမှုကော်မတီက အသိပေးသည်။

တောင်သာမြို့ပေါ်တွင်လည်း စစ်ဆင်ရေးစတင်သည့်နေ့ကတည်းက မြို့ပေါ်ဌာနဆိုင်ရာများ ပြောင်းရွှေ့သွားသည်ဟု ဒေသခံများက ပြောသည်။

“ထွေအုပ်တို့ရဲစခန်းတို့ အကုန်လုံးပြေးပြီ။ နွားထိုးဖြစ်ကတည်းက ပြေးကြတာ။ နွားထိုးကို နမူနာယူတာ။ စာရွက်စာတမ်းတွေ၊ ငွေကြေးပိုင်ဆိုင်မှုတွေကို သံသေတ္တာတွေနဲ့ လုံခြုံမယ့်နေရာတွေကို ရွှေ့ပြောင်းသွားပြီ။”ဟု တောင်သာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

နွားထိုးကြီးမြို့ပေါ်တွင်လည်း စစ်ကောင်စီ​၏ ဌာနဆိုင်ရာဝန်ထမ်းများ လုံးဝမရှိတော့ဘဲ စစ်ကောင်စီတပ်သားများသာ မြို့အဝင်အထွက်၌ ဂိတ်ချထားကြောင်း ဒေသခံများက ပြောသည်။

သြဂုတ် ၁၂ ရက်က တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် မြင်းခြံခရိုင်တပ်ရင်း အမှတ်(၃)တို့က ဦးဆောင်ပြီး တောင်သာမြို့နယ်ရှိ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်း၊ ကျောက်ခွဲစက်ဂိတ်စခန်း၊ စွပ်ကျယ်စက်ရုံ၊ ဘုရားလှပျူရွာ အစရှိသည့် နေရာ လေးနေရာရှိ စစ်ကောင်စီတပ်အား တပြိုင်နက် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ဓာတ်ငွေ့ပိုက်လိုင်းလုံခြုံရေးစခန်းနှင့် အမှတ်(၁)စွပ်ကျယ်စက်ရုံစခန်းမှ စစ်ကောင်စီတပ်သားများ စခန်းစွန့်ထွက်ပြေးသွားသည်။

ယနေ့အထိ တောင်သာမြို့အား စစ်ကူလာနိုင်မည့်လမ်းကြောင်းများက PDF များ ဝိုင်းဝန်းပိတ်ဆို့ထားကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၏ သတင်းနှင့် ပြန်ကြားရေးတာဝန်ခံက ပြောသည်။

အလားတူ သြဂုတ် ၁၀ရက်က နွားထိုးကြီးမြို့ပေါ်တိုက်ပွဲ၌ စစ်ကောင်စီတပ်စွဲရာ မြို့ပေါ် ၆ နေရာကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ကျော် သေဆုံးပြီး သုံးဦး ဖမ်းမိကာ လက်နက်မျိုးစုံ၂၇ လက်ရရှိခဲ့ကြောင်း Natogyi People Defence Force မြင်းခြံခရိုင် အမှတ်(၄)တပ်ရင်းက ထုတ်ပြန်ထားသည်။

အလားတူ တပြိုင်တည်းတိုက်ခိုက်သည့် တောင်သာမြို့နယ်၊ ဝဲလောင်ရွာဓာတ်အားခွဲရုံစခန်းတိုက်ခိုက်မှု၌ စစ်အုပ်စုဝင် ၆ ဦး သေဆုံးပြီး ၅ ဦးပျောက်ဆုံးကာ သေနတ် ၃ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရမိခဲ့သည်။

စစ်ဆင်ရေးကာလအတွင်း မြင်းခြံ – နွားထိုးကြီးလမ်းပိုင်း နှင့် မြင်းခြံ -တောင်သာလမ်းပိုင်းများအား လတ်တလော ဖြတ်သန်းသွားလာခြင်း မပြုကြပါရန် ပြည်သူများအား ဒေသကာ​ကွယ်ရေးအဖွဲ့များက မေတ္တာရပ်ခံထားသည်။

(မြို့ပေါ်တိုက်ပွဲများဖြစ်ပွားပြီးနောက် နွားထိုးကြီးနှင့်တောင်သာမြို့ပေါ်နေရာအချို့နှင့် PDFရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ-CJ၊ Local PDF)

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်က တံတား‌ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်နဲ့ တော်လှန်ရေးပူး ပေါင်းတပ်တွေ တိုက်ပွဲဖြစ်ပြီး စစ်တပ်က ၁၀ဦးထပ်မနည်း သေဆုံးခဲ့တယ်လို့ တော်လှန်ရေးပူးပေါင်းတပ် တွေက ထုတ်ပြန်ထားပါတယ်။

သတင်း

စစ်တပ်ဖမ်းဆီးထားတဲ့ပြည်သူ​တွေထဲကအနည်းဆုံး၇ဦးအသတ်ခံထားရပြီး၂ဦး​ပျောက်ဆုံး​နေ ၊စစ်​ကြောင်း​တွေခွဲပြီးရွာ​တွေကိုမီးရှို့

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ်ကို စစ်တပ်က စစ်ကြောင်း ၃ကြောင်းနဲ့ ထိုးလာပြီး လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးတွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ပြည်သူတချို့ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံ တွေက ပြောပါတယ်။