ဟန်နွေ/People’s Spring
ကချင်ပြည်နယ် ဖားကန့်မြို့အနီးရှိစစ်ကောင်စီ တပ်စခန်းတစ်ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် KPDF ပူးပေါင်းတပ်က ယနေ့မနက်တွင် သိမ်းပိုက်ရရှိခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
ဖားကန့်မြို့ရှိ စစ်ကောင်စီစခန်း လုံခြုံရေးအတွက် အရေးပါသည့် တောမော်စခန်းနှင့် လမောင်ကုန်း စခန်းတို့ကို KIA ပူးပေါင်းတပ်က ယမန်နေ့ ဩဂုတ် ၁၄ရက်မနက် အစောပိုင်းက စတင်ထိုးစစ်ဆင်ခဲ့ရာ ယနေ့မနက် ၉နာရီခွဲတွင် လမောင်ကုန်းစခန်းကို အပြီးသတ်သိမ်းနိုင်ခဲဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်သေဆုံးထိခိုက်၊ အရှင်ဖမ်းဆီးရရှိမှု နှင့် လက်နက်ခဲယမ်းရရှိမှု အခြေအနေများကို ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။ ဖားကန့်ရှိ စစ်ကောင်စီစခန်း သိမ်းပိုက်နိုင်မှု နှင့်ပတ်သက်ပြီး မေးမြန်းရန် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနာ်ဘူထံသို့လည်း ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပေ။

Public Service Announcement
KIA သတင်းပြန်ကြားရေးဌာန၏ ယမန်နေ့ည သတင်းဖော်ပြချက်တွင် လမောင်နှင့် တောမော်တပ်စခန်းများ၌ လွန်ခဲ့သည့် လများက KIA ပူးပေါင်းတပ်များ တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် တာမခန်၊ ဝှေခါ၊ ဆိုင်းတောင် တပ်စခန်းများမှ ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်သားများ စုပေါင်းရောက်ရှိနေပြီး တိုက်ပွဲပြင်းထန်ခဲ့သည်ဟုဆိုသည်။
(လမောင်ကုန်း စစ်ကောင်စီစခန်းကို မြေပုံတွင်တွေ့ရစဉ်)
တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်း ပစ်ကူပေးခြင်း၊ ဖားကန့်တပ်မကုန်းမှ လက်နက်ကြီး ပစ်ကူပေးခြင်းများ ပြုလုပ်ခဲ့သည်ဟု KIAက အသိပေးသည်။
တိုက်ပွဲဖြစ်ပွားခဲ့၍ အနီးဝန်းကျင်ရှိ ဒေသခံ ပြည်သူများ စစ်ဘေးရှောင်နေကြရသည်ဟုလည်း ဆိုသည်။
KIAပူးပေါင်းတပ်များသည် ကချင်ပြည်နယ် မိုးမောက်မြို့၌ နောက်ဆုံးကျန်နေသည့် စစ်ကောင်စီ၏ ခမရ(၄၃၇)တပ်ရင်း ၏ ကားကင်းစခန်းများကိုလည်း သိမ်းပိုက်ရရှိထားပြီဖြစ်ကြောင်း စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
စစ်ကောင်စီ ဝါဒဖြန့်သူအချို့က မိုးမောက် ခမရ(၄၃၇) တပ်ကာကင်းစခန်းအားလုံး KIA ထံ ကျရောက်ပြီဟု အသိပေးကာ မကြာမီ တိုက်ပွဲပြင်းထန်လာနိုင်ကြောင်း လူမှုကွန်ရက်၌ ရေးသားထားသည့်အပေါ် စစ်ရေးသတင်းရင်းမြစ်က ကာကင်းစခန်းများ သိမ်းပိုက်နိုင်မှုကို အတည်ပြုဖြေကြားသည်။
KIA ပူးပေါင်းတပ်သည် မိုးမောက်မြို့နယ်ရှိ စစ်ကောင်စီတပ်စခန်းများစွာကို သိမ်းပိုက်ထားပြီး နောက်ဆုံးကျန်နေသည့် ခမရ(၄၃၇)တပ်စခန်းကိုမေလ မှစတင်၍ အကြိမ်ကြိမ်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရာ ဇူလိုင်လတွင် ထိုးစစ်အရှိန်မြှင့် ထပ်မံ တိုက်ခိုက်နေခြင်းဖြစ်သည်။ အဆိုပါ တိုက်ပွဲတွင် KIA နှင့်အတူ ရက္ခိုင့်တပ်တော်(AA)၊ KPDF ပူးပေါင်းတပ်များ ပါဝင်လျက်ရှိသည်။


















































