Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စု၏ စစ်ရေးရှုံးနိမ့်မှုများနှင့် စီမံအုပ်ချုပ်နိုင်စွမ်းမရှိခြင်းများကို အရှိအတိုင်း ကြည့်မြင်သုံးသပ်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်ဆောင်ရွက်ရန် နိုင်ငံတကာကို NUCC တိုက်တွန်း

အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးရှုံးနိမ့်မှုများနှင့် စီမံအုပ်ချုပ်နိုင်စွမ်းမရှိခြင်းများကို နိုင်ငံတကာအစိုးရများအနေဖြင့် လက်တွေ့ကျကျ အရှိတရားအတိုင်း ကြည့်မြင်သုံးသပ်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယမန်နေ့(သြဂုတ် ၁၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

အီယိုရီ/People’s Spring

အကြမ်းဖက်စစ်အုပ်စု၏ စစ်ရေးရှုံးနိမ့်မှုများနှင့် စီမံအုပ်ချုပ်နိုင်စွမ်းမရှိခြင်းများကို နိုင်ငံတကာအစိုးရများအနေဖြင့် လက်တွေ့ကျကျ အရှိတရားအတိုင်း ကြည့်မြင်သုံးသပ်ပြီး ပြည်သူလူထုဘက်မှ ရပ်တည်ဆောင်ရွက်ရန် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယမန်နေ့(သြဂုတ် ၁၇ရက်)ညပိုင်းတွင် ထုတ်ပြန်သည်။

နိုင်ငံတကာအစိုးရများအနေဖြင့် မြန်မာနိုင်ငံအတွင်း နွေဦးတော်လှန်ရေး၏ အောင်မြင်မှုများကိုလည်း လက်တွေ့ကျကျ အရှိတရားအတိုင်း ကြည့်မြင်သုံးသပ်ရန်လည်း NUCC က မျက်မှောက် နိုင်ငံရေးနှင့်စစ်ရေး အခြေအနေများအပေါ်ထုတ်ပြန်ချက်၌ ဖော်ပြသည်။

Public Service Announcement

Public Service Announcement

NUCC က ယမန်နေ့ထုတ်ပြန်ချက်တွင် အချက် ၁၃ ချက်ဖော်ပြခဲ့ပြီး မည်သည့်ပြင်ပစွက်ဖက်မှုကိုမျှ လက်မခံဘဲ မိမိတို့၏ အနာဂတ် ကံကြမ္မာကို မိမိတို့ကိုယ်တိုင် သာဆုံးဖြတ် ဆောင်ရွက်ကြမည့် အဖိနှိပ်ခံ ပြည်သူများနှင့်အတူ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟုလည်း အသိပေးသည်။

“လက်ရှိမျက်မှောက်အခြေအနေမှာ နိုင်ငံတကာစွက်ဖက်မှု အဓိက တရုတ်ရဲ့ စွက်ဖက်မှု သိပ်ပြီး ထင်ထင်ရှားရှားမြင်လာရတဲ့အခါကျတော့ ကျွန်တော်တို့က မြန်မာ့အရေးမှာ မြန်မာနိုင်ငံနဲ့ မြန်မာနိုင်ငံသူ၊ နိုင်ငံသားတွေရဲ့ အနာဂတ်အတွက်က မည်သည့်ပြင်ပစွက်ဖက်မှုကိုမျှ လက်မခံဘဲနဲ့ ကိုယ့်ဘာသာကိုယ်ပဲ ပြည်သူလူထုနဲ့ အတူ အောင်ပွဲရတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်ဆိုတာ ကတိကဝတ်ပြုထားတာ ဖြစ်ပါတယ်” ဟု NUCC ကောင်စီဝင် ဦးတိုးကျော်လှိုင်က ပြောသည်။

ယင်းနောက် လက်ရှိအချိန်တွင် အရေးကြီးဆုံးမှာ တော်လှန်ရေးအင်အားစုများ အားလုံးအကြား ဘုံနိုင်ငံရေးသဘောတူညီချက် ရရှိရန်နှင့် အာဏာလေဟာနယ် မဖြစ်အောင် အရေးပေါ်တုန့်ပြန်နိုင်မည့် အစီအစဥ်များကို ညှိနှိုင်းကာ ဆောင်ရွက်ထားကြရန် ဖြစ်ကြောင်း အထက်ပါ NUCC ကောင်စီဝင်က ပြောသည်။

ထုတ်ပြန်ချက်တွင်လည်း NUCC သည် ဒုတိယအကြိမ်မြောက် ပြည်သူ့ညီလာခံ ကျင်းပပြီးသည့်နောက်ပိုင်းတွင် ညီလာခံက ဆုံးဖြတ်ခဲ့သော ဆုံးဖြတ်ချက် ၃ ရပ်နှင့် အကြံပြုတိုက်တွန်းချက် ၂၁ ချက်တို့ကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုးပမ်း ဆောင်ရွက်နေကြောင်း ဖော်ပြသည်။ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်နိုင်ရေးအတွက် သက်ဆိုင်ရာယန္တရားများနှင့် ညှိနှိုင်းတိုင်ပင် ဆောင်ရွက်လျက်ရှိပြီး ညီလာခံ၏ အကြံပြုချက်များအနက်မှ NUCC ပြုပြင် ပြောင်းလဲရေး၊ တတိယအကြိမ် ပြည်သူ့ညီလာခံကျင်းပရန် ပြင်ဆင်ရေးတို့ကို သီးခြားလုပ်ငန်း ကော်မတီများဖွဲ့၍ လုပ်ဆောင်လျက်ရှိကြောင်းလည်း အသိပေးသည်။

NUCC သည် ညီလာခံ၏ တိုက်တွန်း အကြံပြုချက် တခုဖြစ်သော ဘုံနိုင်ငံရေးသဘောတူညီချက်များ ပေါ်ထွက်လာစေရေးကို တော်လှန်ရေးအင်အားစုများနှင့် ကနဦး ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်ပြီး စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် အတူတကွလက်တွဲ တိုက်ပွဲဝင်နေကြသော အဖွဲ့များနှင့် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကာ အဆိုပါချဉ်းကပ်မှုဖြင့် စစ်အာဏာရှင်အလွန် အာဏာလေဟာနယ် မဖြစ်ပေါ်ရေးကိုလည်း အလေးထား ဆောင်ရွက်နေကြောင်း အသိပေးသည်။

ထို့အပြင် အကြမ်းဖက်စစ်အုပ်စုမှ ကြိုးပမ်းနေသော တရားမဝင် အတုအယောင်ရွေးကောက်ပွဲ ကျင်းပခြင်းသည် အလွန်အမင်းရှုပ်ထွေးသော နိုင်ငံရေး အခြေအနေများသို့ ရောက်ရှိစေမည်ဖြစ်ပြီး ထိုသို့ဖြစ်ပေါ်ခဲ့ပါက အကြမ်းဖက်စစ်အုပ်စု သာမက အားပေးထောက်ခံခဲ့သော နိုင်ငံများ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများတွင်ပါ တာဝန်ရှိမည်ဟု NUCC က သတိပေးသည်။

နိုင်ငံရေးတရားဝင်မှုနှင့် ပြည်သူလူထုထောက်ခံမှု မရှိသည့်အပြင် ပြည်သူ့ခုခံတော်လှန်စစ်ကြောင့် ထိန်းချုပ်နယ်မြေများ ဆုံးရှုံးနေသော အကြမ်းဖက်စစ်အုပ်စုသည် ပြည်သူလူထုအပေါ် လေယာဉ်ဖြင့် ဗုံးကြဲခြင်း၊ ရပ်ရွာအိုးအိမ်များကို မီးရှို့ဖျက်ဆီးခြင်းနှင့် ဖမ်းဆီးသတ်ဖြတ်ခြင်းများ အစရှိသည့် စစ်ရာဇဝတ်မှုများကို ပိုမိုတိုးမြှင့် ကျူးလွန်လျက်ရှိကြောင်း ဖော်ပြသည်။

ထို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် အကြမ်းဖက်စစ်အုပ်စုအား လေယာဉ်ဆီ တင်သွင်းမှု ပိတ်ပင်ခြင်း၊ လက်နက်တင်ပို့ရောင်းချမှု ပိတ်ပင်ခြင်းများ၊ အဓိကသော့ချက် ဖြစ်သည့် အပြည်ပြည် ဆိုင်ရာ ငွေကြေးဆက်သွယ်မှု ဖြတ်တောက်ခြင်းများ တို့ကို ထပ်ဆင့် ပိတ်ဆို့မှုများ (Enforcement of secondary sanctions on the international financial transactions) ဖြင့် မဖြစ်မနေ အရေးယူ ဆောင်ရွက်ရန် တာဝန်ရှိကြောင်း NUCC က ထပ်လောင်းအသိပေးသည်။

(စဥ့်ကူး ၊မိုးကုတ် ၊တ​ကောင်းမြို့သိမ်းတိုက်ပွဲ​အောင်ပွဲရ ​တော်လှန်​ရေးတပ်ဖွဲ့ဝင်များနှင့် ကြိုဆို​နေ​သောပြည်သူများ။ ဓါတ်ပုံ-NUG-MOD ၊ MDY PDF ၊ MAH)

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပဋိညာဥ် အတည်ပြု ပြဋ္ဌာန်းခြင်း (၅) နှစ်ပြည့် ကြေညာချက်ကို အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ ( NUCC) က ထုတ်ပြန်ခဲ့ရာ ပဋိညာဉ်ရဲ့ ပြဋ္ဌာန်းချက်တွေနဲ့ပေးအပ်ထားသော တာဝန်များကို တာဝန်ယူမှုတာဝန်ခံမှုအပြည့်နဲ့ ကတိသစ္စာတည်ကြည်စွာ လိုက်နာကျင့်သုံးသွားကြဖို့ လေးနက်စွာ တိုက်တွန်းကြောင်း ဖော်ပြထားပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC-OT)နဲ့ နွေဦးတော်လှန်ရေးမဟာမိတ်တပ်ပေါင်းစု(SRA)တို့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း NUCCက သတင်းထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC)နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) တို့ဟာ ဖေဖော်ဝါရီ ၂၂ရက်မှာ ထပ်မံတွေ့ဆုံပြီး တော်လှန်ရေးဦးဆောင်မှုခိုင်မာရေးနဲ့ နိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေ ဆွေးနွေးခဲ့တယ်လို့ NUCCက အသိပေးထုတ်ပြန်ပါတယ်။

သတင်း

မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ရပ်တည်ချက်တွေကို ခိုင်ခိုင်မာမာ ဆက်လက် ထိန်းသိမ်းထားဖို့ အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။