Connect with us

Hi, what are you looking for?

သတင်း

MNDAA နှင့် TNLA ထိန်းချုပ်မြို့များအား စစ်ကောင်စီလေကြောင်းတိုက်ခိုက်နေ၍ တိမ်းရှောင်လာသူများကို SSPP ကူညီထောက်ပံ့

မြေကျန်ရပြီဟု စစ်ကောင်စီအလိုကျ ရေးသားဝါဒဖြန့်နေသူများ၏နေအိမ်များ ဦးစွာဗုံးကြဲခွင့်ပေးသင့်ဟု MNDAA ထုတ်ပြန်

စစ်ကောင်စီက နေစဉ်နီးပါး လေကြောင်းဗုံးကြဲတိုက်ခိုက်မှုကြောင့် ထွက်ပြေးရှောင်လာကြသည့် စစ်ဘေးရှောင်များကို SSPP/SSA မှ စားသောက်ကုန်နှင့် ငွေကြေးများ ကူညီထောက်ပံ့ပေးနေစဥ်။ ဓာတ်ပုံ - SSPP Info

ဟန်နွေ/People’s Spring

စစ်ကောင်စီက ကိုးကန့်တပ်ဖွဲ့ (MNDAA)နှင့် တအောင်းတပ်ဖွဲ့ (TNLA)သိမ်းပိုက်ထိန်းချုပ်ထားသည့် မြို့များကို ဗုံးကြဲမှုများပြုလုပ်နေ၍ ရှမ်းပြည်တောင်ပိုင်းသို့ ထွက်ပြေးတိမ်းရှောင်လာသူများအား စားသောက်ကုန်နှင့် ငွေကြေးကူညီပေးခဲ့ကြောင်း ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)က ယနေ့ အသိပေးထုတ်ပြန်သည်။

ရှမ်းပြည်တောင်ပိုင်း ရပ်စောက်မြို့နယ် ကျောက်ဂူကျေးရွာ နောင်ချိုဘုန်းကြီးကျောင်းသို့ ထွက်ပြေးတိမ်းရှောင် ရောက်ရှိနေကြသည့် စစ်ဘေးရှောင် ၂၆၀ကျော်ကို SSPPက ဆန်၊ဆီ အပါအဝင် စားနပ်ရိက္ခာများ ပေးအပ်ခဲ့ကြောင်း ဖော်ပြသည်။

စားသောက်ကုန်ပစ္စည်းနှင့် ငွေကြေး များကို စစ်ဘေးရှောင် ကူညီရေးကော်မတီများထံ သွားရောက်ကူညီ ထောက်ပံ့ပေးခဲ့ကြောင်း၊ ဆန် ၁၂ အိတ်၊ ဆီ ၊ ဆား၊ ဟင်းသီးဟင်းရွက်နှင့် ငွေကျပ် ၇သိန်းကို အောက်တိုဘာ ၃ရက်က ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ယခုအချိန်တွင် MNDAAနှင့် TNLA သိမ်းပိုက်ထိန်းချုပ်ထားသည့်မြို့များကို စစ်ကောင်စီက နေ့စဉ်နီးပါး လေကြောင်းမှ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်နေ၍ မြို့တွင်းရှိ ဒေသခံပြည်သူတွေ မြို့တွင်း မနေရဲတော့ဘဲ ထောင်နှင့်ချီ ဘေးလွတ်ရာတိမ်းရှောင်နေရသည်ဟု SSPPက အသိပေးသည်။

စစ်ကောင်စီတပ်သည် MNDAA သိမ်းပိုက်ထားသည့် လားရှိုးမြို့ကို အောက်တိုဘာ၄ရက်နှင့် ၅ရက်တွင် ၂ရက်ဆက် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စက်တင်ဘာအတွင်းကလည်း လေကြောင်း တိုက်ခိုက်မှု ၉ကြိမ်၊ ဩဂုတ်လကုန်တွင် တစ်ကြိမ် လေကြောင်းတိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ဟု ဒေသခံက ပြောသည်။

ယခု အောက်တိုဘာအတွင်း လေကြောင်း တိုက်ခိုက်မှု ၂ကြိမ်တွင် အရပ်သား သေဆုံးမှု မရှိသော်လည်း ဒဏ်ရာရသည့် ပြည်သူရှိသည်ဟု လားရှိုးမြို့ခံ မနော်ဖောက ပြောပြသည်။

အလားတူ TNLAသိမ်းပိုက်ထားသည့် နမ့်ခမ်း၊ကွတ်ခိုင်၊ သီပေါ၊ ကျောက်မဲ ၊နောင်ချို အပါအဝင် မြို့ရွာများကို လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့၍ ပြည်သူလူထု သေဆုံးထိခိုက်မှုများ ရှိခဲ့သည်။

လားရှိုးမြို့ကို စစ်ကောင်စီက လေကြောင်း တိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေ၍ ပြည်သူအချို့ တိမ်းရှောင်မှုများ ရှိသကဲ့သို့ တိမ်းရှောင်ရန် အခက်အခဲကြောင့် မြို့တွင် ဆက်လက်နေထိုင်နေသည့် ပြည်သူများလည်းရှိသည်ဟု မြို့ခံများက ပြောသည်။

“ မင်းအောင်လှိုင်၏ အာဏာသိမ်းတပ် မကြာခဏ လေကြောင်း ဗုံးကြဲတိုက်ခိုက်မှုများကြောင့် လားရှိုးဒေသတွင် နေအိမ်များ ပြိုကျပြီး အပြစ်မဲ့ပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည်။ အသက်ပြန်ဝင်လာတဲ့ ဒီပြည်မှာ အကြောက်တရားနဲ့ စိတ်ပျက်အားငယ်မှုတွေ ပျံ့နှံ့လာပြန်တယ်” ဟု MNDAAက ယနေ့ ထုတ်ပြန်သည်။ စစ်ကောင်စီ၏ လေကြောင်း တိုက်ခိုက်မှု လုပ်ရပ်အပေါ် လားရှိုးဒေသခံများ၏ အသံကို ရုပ်သံဖြင့် ယနေ့ ထုတ်ပြန်စဉ် ယခုကဲ့သို့ ရေးသားထားခြင်းဖြစ်သည်။

မြေကျန်ရပြီဆိုပြီး လူမှုကွန်ရက်တွင် ဝါဒဖြန့် ရေးသားနေသည့် စစ်ကောင်စီထောက်ခံသူများ အနေဖြင့် ၎င်းတို့ နေအိမ်များစွာ ဦးစွာ ဗုံးကြဲခွင့်ပေးသင့်သည်ဟုလည်း MNDAA၏ ထုတ်ပြန်ချက်၌ ရေးသားထားသည်။

လက်ရှိတွင် စစ်ကောင်စီတပ်က နောင်ချိုနှင့် သီပေါမြို့အား တိုက်ပွဲဖြစ်ရာနေရာများတွင် လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုရှိပြီး လားရှိုးမြို့ကိုမူ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကိုပါ လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်နေသည်ဟု တအာင်းတပ်မတော် (TNLA)၏ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက People’s Springသို့ ပြောသည်။

” လက်ရှိမှာတော့ ရှမ်းမြောက်မှာ လားရှိုးကိုပဲ ဗုံးကြဲတိုက်ခိုက်တယ်။ တိုက်ပွဲဖြစ်တဲ့နေရာ သီပေါနဲ့နောင်ချိုမှာတော့ လေကြောင်းကနေ လာရောက်ပစ်ခတ်မှုတွေရှိပါတယ်”ဟု လွေးယေဦးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။