ဟန်နွေ/People’s Spring
ချီဖွေမြို့နယ် လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်တပ်စခန်းများကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နှင့် ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းတပ်ဖွဲ့များက ယနေ့ (နိုဝင်ဘာ ၁ရက်)တွင် တိုက်ခိုက်သိမ်းပိုက်လိုက်ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။
လဂွေကျေးရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ် ပင်မစခန်းနှင့် ကာကင်းစခန်း စုစုပေါင်းစခန်း လေးခုကို နိုဝင်ဘာ ၁ရက် နံနက် ၁၁နာရီ ၄၀မိနစ်ခန့်တွင် အပြီးသတ် သိမ်းနိုင်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
” လဂွေ Sold Out။ ပြည်သူ့စစ်နဲ့ စကစ စခန်းအကုန်သိမ်းလိုက်ပြီ။ ကာကင်းစခန်းနဲ့ ပင်မ စခန်းအားလုံး ၄ခု” ဟု ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောသည်။

Public Service Announcement
စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သုံ့ပန်းနှင့် လက်နက်ခဲယမ်းများရရှိမှု အခြေအနေကို မေးမြန်းရာ စာရင်းမသိရသေးဟု ပြောသည်။
အခြားသတင်းရင်းမြစ်တစ်ဦးကလည်း ” ဒီမနက် ၁၁နာရီမှာ အပြီးအစီး ရှင်းလင်းရေးလုပ်လိုက် တယ်” ဟု လဂွေရွာရှိ စစ်ကောင်စီနှင့် ပြည်သူ့စစ်စခန်း သိမ်းပိုက်နိုင်မှုအပေါ်ပြောပြသည်။
လဂွေဒေသ စစ်ရေးအခြေအနေနှင့်ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
KIA ပူးပေါင်းတပ်သည် စစ်ကောင်စီနှင့် လက်အောက်ခံ ဦးဇခုန်တိန့်ယိန်း၏ ကချင်အထူးဒေသ(၁)ကို စက်တင်ဘာလကုန်ပိုင်းက အရှိန်မြှင့်ထိုးစစ်ဆင်ခဲ့ရာ တစ်လ ခန့်အတွင်း ချီဖွေ၊ ဆော့လော်၊ ပန်ဝါမြို့များ၊ စစ်ကောင်စီ လက်အောက်ခံ ဗျူဟာစခန်းများ၊ နယ်ခြားစောင့်တပ်(BGF) ၁၀၀၁ တပ်ရင်း၊ BGF(၁၀၀၂) တပ်ရင်းနှင့် BGF(၁၀၀၃) တပ်ရင်းဌာနချုပ်များ၊ ပြည်သူ့စစ်စခန်းအများအပြားကို သိမ်းပိုက်ထားသည်။
KIAအနေဖြင့် မြန်မာ -တရုတ်နယ်စပ် ကန်ပိုက်တီမြို့သိမ်းနိုင်ရေးနှင့် ဖီမော်ဒေသတစ်ခုလုံး အပြီးသတ် သိမ်းပိုက်နိုင်ရေးတိုက်ပွဲများ ဖော်ဆောင်လျက်ရှိသည်။
















































