ဟာနာဆန်/People’s Spring
မကွေးတိုင်း၊ ပခုက္ကူမြို့အခြေစိုက် အမှတ်(၁၀၁)ခြေမြန်တပ်မဌာနချုပ် (တမခ−၁၀၁)နှင့် လက်အောက်ခံ တပ်များဖြစ်သော ခြေလျင်တပ်ရင်းအမှတ် (၂၅၁)နှင့် အမှတ် (၂၅၂)တို့ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်ရာ တပ်တွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း တိုက်ခိုက်ရာတွင် ပါဝင်သည့် COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ဒီဇင်ဘာ ၁၇ရက် နံနက် ၁၀ နာရီခွဲခန့်က ပခုက္ကူမြို့ရှိ တပ်မ (၁၀၁)နှင့် လက်အောက်ခံတပ်ဖြစ်သော ခလရ−၂၅၁နှင့် ခလရ−၂၅၂တပ်ရင်းတို့အား တာဝေးပစ်ရော့ကတ် ၈လုံး ပစ်ခက်တိုက်ခိုက်ခဲ့ကြောင်း COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ပစ်လွှတ်လိုက်သော ရော့ကတ်အားလုံးသည် ရန်သူတပ်တွင်းများသို့ ကျရောက်ပေါက်ကွဲသည်ဟု သတင်းရကြောင်း ၎င်းက ဆိုသည်။
“အခုချိန်ထိတော့ တပ်တွင်းထဲကိုကျတာတော့အတိအကျသိပါတယ်။ နေရာနဲ့ အထိအခိုက်ကတော့ ခွေးတွေခြေရှုပ်နေလို့အတွင်းသတင်းမရသေးပါဘူး။”ဟု COBRA ONE Pakokku တပ်ဖွဲ့၏ တာဝန်ရှိသူက ပြောသည်။
ပခုက္ကူမြို့ပေါ်တွင် အတင်းအဓမ္မ ပေါ်တာဆွဲပြီးတပ်သားသစ်စုဆောင်းခြင်း၊ တပ်မ(၁၀၁)သည် ပခုက္ကူမြို့နယ်အနောက်ခြမ်း ထန်းတပင်ကျေးရွာနှင့် ရေလာကြီးကျေးရွာတို့အား သာလွန်အင်အားသုံးပြီး စစ်ကြောင်းထိုးမီးရှို့ခြင်းတို့ကြောင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း တော်လှန်ရေးအဖွဲ့များက အသိပေးသည်။
အဆိုပါပစ်ခတ်မှုအား Burma Revolution Rangersတပ်ဖွဲ့ BA NYEIN GUERRILLA Force တပ်ဖွဲ့၊TaTy pku pdfတပ်ဖွဲ့နှင့် COBRA ONE Pakokku တပ်ဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဒီဇင်ဘာ ၁၁ ရက်ကလည်း ပခုက္ကူမြို့နှင့် (၁၆)မိုင်ခန့်ဝေးသည့် ရေလာလေးရွာရှိ စစ်ကောင်စီ ရဲကင်းစခန်းကို တော်လှန်ရေးအဖွဲ့များက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်ရာ စစ်ကောင်စီတပ်သား ၆ ဦးထက်မနည်းသေဆုံးပြီး ၇ဦးဖမ်းမိကာ လက်နက်ခဲယမ်း များရရှိခဲ့သည်။ ထို့အတူ တော်လှန်ရေးရဲဘော်၂ဦးလည်း ကျဆုံးခဲ့သည်။
အဆိုပါ ရေလာလေးစခန်း တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စိတပ်က စခန်းအနီး ကျေးရွာ ၂ရွာအား မီးရှို့ဖျက်ဆီးခဲ့သည်။