Connect with us

Hi, what are you looking for?

သတင်း

ရွေးကောက်ပွဲကျင်းပပြီး ၂၀၀၈ခြေဥတည်တံ့ရေး၊ စစ်တပ်ကြီးစိုးမှုအမြဲရရှိရေးကြိုးပမ်းမှု ဆန့်ကျင်ရမည်ဟု KNUဥက္ကဋ္ဌ ပြော

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူလူထုများဒုက္ခဆင်းရဲတွင်း ရောက်ရှိနေမှု၊ ဆန့်ကျင်တွန်းလှန်သူများပြားမှုတို့ကို ဂရုမစိုက်၊ နည်းမှန်လမ်းမှန် ဖြေရှင်းခြင်းမပြုသည့်အပြင် စစ်တပ်ကြီးစိုးမှု အမြဲရရှိရေး ကြိုးပမ်းနေသည့်အပေါ် လက်မခံဘဲ ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ကရင်အမျိုးသားတော်လှန်ရေး (၇၆)နှစ်မြောက်နေ့ အခမ်းအနားအား ကရင်ပြည်နယ်တနေရာ၌ ကျင်းပနေသည်ကို တွေ့ရစဉ်။(ဓာတ်ပုံ - Wild Bird/FB)

ဟန်နွေ/Peoople’s Spring

အာဏာသိမ်းစစ်ကောင်စီအနေဖြင့် ပြည်သူလူထုများဒုက္ခဆင်းရဲတွင်း ရောက်ရှိနေမှု၊ ဆန့်ကျင်တွန်းလှန်သူများပြားမှုတို့ကို ဂရုမစိုက်၊ နည်းမှန်လမ်းမှန် ဖြေရှင်းခြင်းမပြုသည့်အပြင် စစ်တပ်ကြီးစိုးမှု အမြဲရရှိရေး ကြိုးပမ်းနေသည့်အပေါ် လက်မခံဘဲ ဆန့်ကျင်ကြရမည်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU)ဥက္ကဋ္ဌ ပဒိုစောကွယ်ထူးဝင်းက ပြောကြားသည်။

ယနေ့ (ဇန်နဝါရီ ၃၁ရက်)ကျရောက်သည့် ကရင်အမျိုးသားတော်လှန်ရေး (၇၆)နှစ်မြောက်နေ့ အခမ်းအနားသို့ KNU ဥက္ကဋ္ဌက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ဗမာစစ်အာဏာရှင်များသည် မြန်မာနိုင်ငံကို ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက် လိုခြင်း လုံးဝမရှိဘဲ ဗမာစစ်တပ်၏ အာဏာနှင့် အကျိုးစီးပွားကို အနည်းငယ်မှအထိအခိုက်မခံနိုင်ဖြစ်ကာ စစ်တပ်အတွက် နိုင်ငံကို နိုင်ငံရေး၌ ဦးဆောင်ချုပ်ကိုင်နိုင်သည့် အခွင့်အာဏာ အခိုင်အမာ ပေးအပ်ထားသော ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆက်လက် ကိုင်စွဲနေကြောင်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

Public Service Announcement

Public Service Announcement

“အာဏာကို ခိုင်ခိုင်မာမာနဲ့ ရေရှည်ချုပ်ကိုင်နိုင်ဖို့ တနိုင်ငံလုံး ရွေးကောက်ပွဲ ကျင်းပဖို့ ပြင်ဆင်နေပြီး နိုင်ငံ တကာအမြင်မှာ တရားဝင်အစိုးရအနေနဲ့ အသိအမှတ်ပြုခံရနိုင်ဖို့အတွက် ပဲ ဖြစ်ပါတယ်။ ဒီလို ပြင်ဆင် ဆောင်ရွက်နေတာဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ တည်တံ့နေဖို့နဲ့ စစ်တပ်ကြီးစိုးမှု အမြဲတမ်း ရရှိနေဖို့ အတွက်ပဲ ဖြစ်ပါတယ်။ ဒါကို ကျနော်တို့ လက်မခံပါဘူး။ ကျနော်တို့အားလုံး အတူတကွ ဆန့်ကျင်ရမှာ ဖြစ်ပါတယ်။”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

လက်ရှိတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF)များသည် အသွင်သဏ္ဍာန်အမျိုးမျိုးနှင့် လက်နက်ကိုင်တော်လှန်ရေး တိုက်ပွဲဆင်နွှဲနေကြပြီဖြစ်ကာ စစ်ပွဲများသည် မြို့ကြီးပြကြီး နှင့် နိုင်ငံတနံတလျား၌ ဖြစ်ပွားနေကြောင်းလည်း KNU ဥက္ကဋ္ဌ ကပြောသည်။

“ဗမာစစ်တပ်ရဲ့ နိုင်ငံ့အာဏာကို အဓမ္မလုယူသိမ်းပိုက်ခဲ့ပေမယ် တနိုင်ငံလုံးကို အုပ်ချုပ်နိုင်စွမ်း မရှိတော့ပါဘူး။ တိုင်ရင်းသားလူမျိုးတွေနဲ့ ပြည်သူလူထုတွေက ကဏ္ဍပေါင်းစုံ နေရာပေါင်းစုံကနေ တော်လှန်ဆန့်ကျင်နေလို့ သူ့ရဲ့စိုးမိုးနယ်မြေတွေဟာ လျော့နည်းသထက် လျော့နည်းလာနေပါတယ်။ တိုင်းရင်းသားလူမျိုးများနဲ့ ပြည်သူလူထုများရဲ့ တော်လှန်ရေးတပ်ဖွဲ့များဟာ စစ်စခန်းတွေ၊ စစ်ဌာနချုပ်တွေ၊နယ်မြေတွေကို တက်ရောက်သိမ်းပိုက်ပြီး အကြီးအကျယ် အောင်ပွဲခံနေပြီဖြစ်ပါတယ်” ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

စစ်ကောင်စီတပ်သားများ သာမကအရာရှိများပါ စစ်မြေပြင်၌ သုံ့ပန်းအဖြစ် လက်ရဖမ်းဆီးခြင်းခံနေရပြီး တိုက်ပွဲဝင်စိတ်များ ပျောက်ဆုံးနေကြောင်း၎င်းက ပြောပြသည်။

“ဗမာစစ်တပ်ဟာ မြို့ကြီး တချို့ကိုသာထိန်းချုပ်နိုင်တော့တာ ဖြစ်ပါတယ်။ စစ်တပ်ရဲ့ နိုင်ငံ့အာဏာ အဓမ္မလုယူသိမ်းပိုက်မှုကို နိုင်ငံ တကာကလည်း လက်မခံဘဲ တရားဝင် အစိုးရအဖြစ် အသိအမှတ် မပြုကြပါဘူး။ စီးပွားရေး ပူးပေါင်း ဆောင်ရွက်တာတွေ၊ နိုင်ငံတွင်း ငွေ ရင်းနှီးမြှုပ်နှံတာတွေ ရပ်ဆိုင်းကုန်ပြီး နိုင်ငံ့စီးပွားရေးဟာလည်း ကျုံ့ဝင် နေပြီ ဖြစ်ပါတယ်။ စစ်ပွဲတွေနဲ့ လူအခွင့်အရေးချိုးဖောက်မှုတွေကြောင့် တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတွေဟာ လုံခြုံဖို့အတွက် နေရပ်ကနေ ထွက်ပြေးတိမ်းရှောင်နေရပြီး ပြည်တွင်းနေရပ်စွန့်ခွာသူ (၄) သန်းကျော် နဲ့ အရေးပေါ် ကူညီထောက်ပံ့မှု လိုအပ်နေတဲ့သူတွေဟာ သန်း (၂၀) နီးပါး ရှိနေပြီ ဖြစ်ပါတယ်”ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

ကူးသန်းရောင်းဝယ်ရေးများ၊ ပို့ဆောင်ဆက်သွယ်ရေးလုပ်ငန်းများ ပုံမှန် မလုပ်ဆောင်နိုင်၍ ငွေကြေးဖောင်းပွတာ၊ ကုန်ဈေးနှုန်းအလွန်အမင်း မြင့်တက်လာနေပြီး ပြည်သူလူထုအနေဖြင့် ဘဝရပ်တည်ရေးအတွက် အခက်အခဲကြီးမားစွာ ကြုံတွေ့နေရသည်ကို နေရာအနှံ့ မြင်တွေ့နေရသည်ဟု ဆိုသည်။

“ ပြည်သူလူထုတွေ ဘယ်လောက်ပဲ ဒုက္ခဆင်းရဲတွင်းရောက်ရောက်၊ တွန်းလှန်ဆန့်ကျင်သူတွေ ဘယ်လောက်ပဲများများ ဗမာစစ်တပ်ဟာ ဂရုမစိုက်ပဲ နည်းမှန်လမ်းမှန်နဲ့ ပြေလည်အောင်ဖြေရှင်းဖို့လည်း မလုပ်ပါဘူး။ ရှိတဲ့ စစ်အင်အားနဲ့ပဲ စစ်ရေးအရ တော်လှန်တိုက်ခိုက်မှုတွေကို ဖြိုခွင်းဖို့အတွက်ရန်သာ ကြိုးစားနေတာဖြစ်ပါတယ်။ဆက်လက်ရပ်တည်နိုင်ဖို့အတွက် လေတပ်ကို အသုံးချပြီး တိုက်လေယာဉ်တွေနဲ့ စစ်ရေးအသာစီးရဖို့ကိုပဲ လုပ်ဆောင်နေတာ ဖြစ်ပါတယ်”ဟု ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

နိုင်ငံနှင့် သက်ဆိုင်သည့် အဖွဲ့အစည်းအားလုံးကို အသိပေးလိုသည်မှာ နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ကြီးပွားတိုးတက်ရေးအတွက် နည်းလမ်းတခုထဲသာရှိပြီး ယင်းမှာ စစ်အာဏာရှင်နှင့် မည်သည့် အာဏာရှင်စနစ် အုပ်ချုပ်မှုမျိုးကိုမဆို အဆုံးသတ်ပြီး နိုင်ငံကို လူမျိုးများနှင့် ပြည်သူများအားလုံး ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်မှု၊ အမျိုးသားတန်းတူညီမျှမှု နှင့် ကိုယ်ပိုင်ပြဌာန်းခွင့် ရှိသည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုအဖြစ် တည်ဆောက်သွားရန်ဖြစ်ကြောင်း KNU ဥက္ကဋ္ဌက ပြောကြားသည်။

“ ကမ္ဘာ့နိုင်ငံ များနဲ့ အိမ်နီးချင်းနိုင်ငံများကို ဖော်ပြတောင်းဆိုလိုတာကတော့ ဒီနိုင်ငံ ငြိမ်းချမ်းဖို့နဲ့ နိုင်ငံရေးပဋိပက္ခတွေကို ပြေလည်အောင်ဖြေရှင်းနိုင်အောင် တိုင်းရင်းသားလူမျိုးများနှင့် ပြည်သူ့အဖွဲ့အစည်းများအားလုံးကို ကဏ္ဍအလိုက်၊ နေရာဒေသအလိုက် ဒီနိုင်ငံရဲ့ ရေခံမြေခံ ပကတိ အခြေအနေနဲ့ အညီ ကိုက်ညီသင့်လျော်စွာ ကူညီဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်”ဟုလည်း ပဒိုစောကွယ်ထူးဝင်းက ပြောသည်။

နိုင်ငံနှင့် သက်ဆိုင်သည့် ဖွဲ့အစည်းတွေအားလုံး၊ ကရင်လူမျိုးအဖွဲ့အစည်းများ အားလုံးနှင့် တိုင်းရင်းသား လူမျိုးများ ပြည်သူလူထုများအားလုံးသည် အနာဂတ် တော်လှန်ရေးလှုပ်ရှားမှုတွင် စည်းလုံး ညီညွတ်မှု၊ စိတ်အားထက်သန်ဝမ်းမြောက်မှုများဖြင့် အားသွန်ခွန်စိုက် ဆက်လက်တော်လှန် တိုက်ပွဲ ဝင်ကြရန်လည်း KNUဥက္ကဋ္ဌက ကရင့်တော်လှန်ရေး (၇၆)နှစ်ပြည့်နေ့၌ တိုက်တွန်းထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) သထုံခရိုင် ဘီးလင်းမြို့နယ်ကို စစ်ကောင်စီ လေကြောင်း တိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့်လူနေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသခံ KNU သတင်းရင်းမြစ်က ပြောသည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၂)နယ်မြေ တောင်ငူခရိုင် တစ်နေရာတွင် စစ်ကောင်စီတပ် စစ်ကြောင်းအား ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများရှိခဲ့ကြောင်း ကရင်သတင်းရင်းမြစ်က ပြောသည်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံရပြီး အတင်းအဓမ္မစစ်မှုထမ်းစေခိုင်းခံရသော စစ်သားများအနေဖြင့် နီးစပ်ရာ တိုင်းရင်းသား တော်လှန်ရေး တပ်များ နှင့် ပြည်သူ့ကာကွယ်ရေးတပ်များထံသို့ ရရာနည်းလည်းဖြင့် လက်နက်ချအလင်းဝင်ရန်တိုက်တွန်း အသိပေးကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) ဗဟိုက ဖေဖော်ဝါရီ ၅ရက်တွင် ထုတ်ပြန်ခဲ့သည်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁) သထုံခရိုင် ဘီးလင်းမြို့နယ်ရှိ စစ်ကောင်စီ၏ မဲပလီဗျူဟာ စခန်းသိမ်းတိုက်ပွဲအတွင်း လက်နက်ကြီး၊ လက်နက်ငယ် (၄၂)လက် သိမ်းဆည်းရရှိခဲ့ကြောင်း KNU ဗဟိုက ယနေ့(ဖေဖော်ဝါရီ ၅ရက်) သတင်းထုတ်ပြန်သည်။