Scorpio/People’s Spring
ပူစပြုလာတဲ့ မန္တလေးမြို့ရဲ့ နွေဦး နေ့လယ်ခင်းတခုမှာ မန္တလေးမြို့၊ ဧရာဝတီမြစ်ကမ်းနားလမ်းတနေရာမှာ အသက် ၂၄ နှစ်အရွယ် ကိုအောင်အောင်နဲ့ သူ့ဇနီးတို့ အထုပ်အပိုးတွေနဲ့ ကားစောင့်နေကြတယ်။ လင်မယားနှစ်ယောက်လုံး မျက်နှာတွေလည်း မကောင်းကြဘူး။
“မပြန်လို့လည်း မရတော့ဘူးလေ။”လို့ ကိုအောင်အောင်က သက်ပြင်းချရင်း ပြောတယ်။
ကိုအောင်အောင်တို့လင်မယားဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလလောက်ကမှ မန္တလေးမြို့ပေါ် ရောက်ရှိလာသူတွေပါ။ ကိုအောင်အောင်ဇာတိကတော့ ကသာဘက်ကဖြစ်ပြီး အမျိုးသမီးကတော့ စစ်ကိုင်းနယ်ကပါ။ အာဏာသိမ်းကာလတလျှောက် လင်မယားနှယောက် မန္တလေးမြို့ပေါ်နေလိုက်၊ စစ်ကိုင်းနယ်ထဲက ရွာမှာ သွားနေလိုက်နဲ့ ကျုံရာကျပန်း လုပ်ကိုင်စားသောက်ခဲ့ရတယ်။

Public Service Announcement
မြို့ပေါ်မှာလည်း မလုံခြုံပေသိ နယ်မှာ အလုပ်အကိုင်ကမရှိ၊ တိုက်ပွဲတွေကလည်း ဖြစ်နေတာဆိုတော့ ကြောက်ကြောက်နဲ့ပဲ မြို့ပေါ်ပြန်လာနေကြတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာလက ချမ်းမြသာစည်မြို့နယ်ထဲက မြို့သစ်ပိုင်းမှာ အိမ်သေးသေးလေးတလုံးငှားပြီး နေကြတယ်။ နှစ်ယောက်လုံး အလုပ်ကလေးကိုယ်စီနဲ့ တဝမ်းတခါးအတွက် အသက်ရှုချောင်ခဲ့ရတယ်။ သို့ပေမဲ့ ဖေဖော်ဝါရီလကုန်ပိုင်းမှာတော့ သူတို့ဆီ စစ်မှုထမ်းအတွက် အစည်းအဝေးခေါ်တဲ့စာ ရောက်လာချိန်မှာတော့ လင်မယားနှစ်ယောက်လုံး ပျာတောက်သွားခဲ့တယ်။ “အရင်ကလည်း စစ်မှုထမ်းကြေးဆိုပြီး တစ်လနှစ်သောင်းပေးခဲ့ရတာ။”လို့ ကိုအောင်အောင်က ပြောတယ်။
လင်မယားနှစ်ယောက်လုံး ခေါင်းချင်းဆိုင် တိုင်ပင်ကြရပြီ။ ရပ်ကွက်ရုံးကလည်း နောက်တနေ့မနက် သန်းခေါင်စာရင်း၊ မှတ်ပုံတင်တွေနဲ့အတူ မလာမဖြစ်လာကြဖို့ ဆော်သြနေပြီ။ နောက်ဆုံးတော့ ကိုအောင်အောင်တို့လင်မယား စစ်ကိုင်းပြန်ကြဖို့ ဆုံးဖြတ်ချက်ချလိုက်ရတော့တယ်။
ကိုအောင်အောင်တို့လို မန္တလေးမြို့မှာ အဝေးကနေ လာရောက်နေထိုင်သူတွေ၊ အိမ်ငှားနေထိုင်သူတွေကို စစ်ကောင်စီတပ်က စစ်မှုထမ်းစာရင်းမှာ ထည့်သွင်းနေတယ်လို့ မြို့ပေါ်နေပြည်သူတချို့က ပြောပါတယ်။
“မြောက်ပြင်တို့၊ တောင်ဘက်ဆိုရင် မြို့ထဲမဟုတ်မြို့ပြင်ဘက်တွေ ပိုဖြစ်တယ်။”လို့ မန္တလေးမြေပြင်အခြေအနေတွေ ဖော်ပြနေတဲ့ Voice Of Mandalay အဖွဲ့ရဲ့အဖွဲ့ဝင်တဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ လပိုင်းအတွင်းကပဲ စစ်ကိုင်းဘက်ကနေ စစ်ရှောင်လာရင်း မန္တလေးမြို့စွန်ဘက်မှာ အိမ်ဝယ်ကာနေထိုင်နေတဲ့မိသားစုက အသက် နှစ်ဆယ်အရွယ် သားငယ်တဦး စစ်မှုထမ်း ပါသွားတယ်လို့ ရပ်ကွက်ခံတချို့က ပြောပါတယ်။
“ဧည့်စာရင်းလည်း သွားတိုင်ထားတယ်။ အဲဒါကို ရပ်ကွက်ရုံးခေါ်တယ်။ နောက်တော့ ပြန်မလွှတ်တော့ဘဲ စစ်မှုထမ်း တခါတည်းခေါ်ထားလိုက်တာ။”လို့ အဲဒီရပ်ကွက်ခံတဦးက ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေဟာ ရွာနေပြည်ထိုင် ရပ်ကွက်ခံတွေထဲကလူကို စစ်မှုထမ်း ခေါ်ရင် မျက်နှာပျက်ရမှာစိုးလို့ အဝေးက အိမ်ငှားလာနေသူတွေကို ဦးစားပေးထည့်သွင်းနေခြင်းဖြစ်ကြောင်း မြို့ခံတချို့က ပြောပါတယ်။
“ဒါကတော့ ရှင်းပါတယ်။ ကိုယ့်ရပ်ကွက်ခံနဲ့ ဧည့်သည် ဘယ်သူ့ထည့်မလဲဆို ဧည့်သည်ပဲထည့်ကြမှာ။ ဧည့်သည်ကျ မျက်နှာမနာရတော့ဘူး။”လို့ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ကမ်းနားလမ်း ၂၂ လမ်းတိုက်ခန်းအနီး နေထိုင်သူတဦးက ပြောပါတယ်။ သူတို့ရပ်ကွက်ထဲမှာလည်း အဝေးကလာရောက်နေထိုင်သူတွေကို စစ်မှုထမ်းထည့်သွင်းတဲ့အကြောင်း ပြောပြတယ်။
ဒါကြောင့် ကိုအောင်အောင်တို့လို စစ်ဘေးရှောင်ရင်း မြို့ပေါ်လာနေရင်း မြို့ပေါ်မှာ စစ်မှုထမ်းကြောင့် နယ်ပြန်ပြေးရသူတွေ ရှိလာပါတယ်။ ကန့်ဘလူဘက်ကနေ စစ်ရှောင်ရင်း မန္တလေးမြို့ပေါ်မှာ အိမ်ဝယ်နေရင်း စစ်မှုထမ်းခေါ်လို့ နယ်ပြန်ပြေးရတဲ့ အသက် ၂၀ အရွယ် အမျိုးသားတဦးကတော့ “ရွာကလည်း ပြန်နေလို့မရဘူး။ လောလောဆယ် ဘယ်မှာနေရမှန်း မသိသေးဘူး။”လို့ စိတ်ရှုပ်ထွေးစွာ ပြောပါတယ်။
မန္တလေးတင်မကဘဲ ရန်ကုန်မြို့မှာလည်း နယ်ဝေးကလာရောက်နေထိုင်သူတွေကို စစ်မှုထမ်းခေါ်ဆိုတာတွေ ရှိနေတယ်လို့ ရန်ကုန်မှာနေထိုင်သူတချို့က ပြောပါတယ်။
စစ်ရှောင်ပြည်သူတွေကိုပါ စစ်မှုထမ်းခေါ်လို့ ရပ်ကွက်ခံတွေ သက်သာမလားဆိုတော့လည်း မသက်သာပါဘူး။ ငွေမပေးနိုင်တဲ့ ပြည်သူတွေဆိုရင်စစ်မှုထမ်းကို အစိမ်းအကျက်မရွေး ခေါ်ဆိုနေတဲ့အကြောင်း ဒေသခံတွေက ပြောပြပါတယ်။
စစ်ကောင်စီကလည်း စစ်မှုထမ်းဥပဒေနဲ့ လူငယ်တွေကို အလုံးအရင်းနဲ့ဆွဲလာလိုက်တာ တစ်နှစ်ကျော်ကာလမှာ အခုဆိုရင် အပတ်စဥ်(၁၀)တောင် ရောက်ရှိလာခဲ့ပါပြီ။
မန္တလေးသပိတ်အင်အားစုရဲ့ ကောက်ယူထားတဲ့အချက်အလက်တွေအရ မန္တလေး(၇)မြို့နယ်မှာ ၂၀၂၅ခုနှစ်၊ ဇန်နဝါရီလ(၁)ရက်နေ့ကနေ (၃၁) ရက်နေ့အထိ တစ်လတာအတွင်း မတရားအဖမ်းဆီးခံရသူလူငယ်ပေါင်း ၂၃၇ ဦးထက်မနည်း ရှိခဲ့ပါတယ်။
အဲဒီအထဲမှာ မဟာအောင်မြေမြို့နယ်က အများဆုံးဖြစ်ပြီး(၄၆)ဦးအထိ ခေါ်ယူခံခဲ့ရတယ်။ တခြားမြို့နယ်တွေကတော့ အောင်မြေသာဇံမြို့နယ်မှာ (၃၂) ဦး၊ ချမ်းအေးသာဇံမြို့နယ်မှာ (၂၇) ဦး၊ ချမ်းမြသာစည်မြို့နယ်မှာ (၃၀) ဦး၊ ပြည်ကြီးတံခွန်မြို့နယ်မှာ (၃၅) ဦး၊ ပုသိမ်ကြီးမြို့နယ်မှာ (၃၄)ဦးနဲ့အမရပူရမြို့နယ်မှည (၃၃)ဦးအထိ ရှိခဲ့ပါတယ်။
မြေပြင်သတင်းမီဒီယာများ အပေါ်မှာ အခြေခံပြီး စာရင်းပြုစုရခြင်းဖြစ်တာကြောင့် မြေပြင်မှာ မတရားဖမ်းဆီးခံရမှုတွေ ပိုများနိုင်တယ်လို့ မန္တလေး သပိတ်အင်အားစုက ဆိုပါတယ်။
ဒါ့အပြင် စစ်မှုထမ်းဥပဒေကြောင့် မတရားဖမ်းဆီးခံရသူတွေထဲမှာ အမျိုးသားတွေသာမက အမျိုးသမီးများနဲ့ လိင်စိတ်ခံယူမှုကွဲပြားသူတွေပါ ပါဝင်နေကြောင်းတွေ့ရှိရတယ်လို့ မန္တလေးသပိတ်အင်အားစုက အသိပေးပါတယ်။
အာဏာသိမ်းစစ်အုပ်ဟာ နေ့/ညအချိန်မရွေး နေအိမ်များထဲကို ဧည့်စာရင်း အကြောင်းပြ ဝင်ရောက်ပြီးဖမ်းဆီးတာ၊ လမ်းမတွေပေါ်မှာ လုံခြုံရေးအကြောင်းပြပြီး ဖုန်းတွေပါမကျန် စစ်ဆေးကာ ဖမ်းဆီးတာ၊ အလုပ်သွား၊ အလုပ်ပြန် အခြေခံလူတန်းစားလူငယ်လူထုကို ပစ်မှတ်ထားဖမ်းဆီးတာတွေ ဆက်တိုက်ကျူးလွန်နေတယ်လို့ မန္တလေးသပိတ်အင်အားစုက ထပ်မံ အသိပေးပါတယ်။
ဒါ့ကြောင့် နိုင်ငံတဝန်းလုံးက လူငယ်လူထုအနေနဲ့အချိန်မတော် နေအိမ်ပြင်ပကိုသွားလာတာ၊ မလိုအပ်ဘဲခရီးသွားလာတာ၊ ပျော်ပွဲရွှင်ပွဲ သွားလာတာတွေ တတ်နိုင်သမျှ ရှောင်ကြဉ်ဖို့ မန္တလေးသပိတ်အင်အားစုက အကြံပြုတယ်။
မတရားဖမ်းဆီးစစ်မှုထမ်းခြင်း မခံရဖို့ ပတ်ဝန်းကျင်က စစ်ကောင်စီယန္တရား၊ လှုပ်ရှားမှုတွေကို မျက်ခြေမပျက်လေ့လာအကဲခတ်ထားပြီး အန္တရာယ်မကင်းတော့ဘူးဆိုရင် ကြိုတင်ရှောင်ရှားထားဖို့၊ မိသားစုနဲ့ ခြိမ်းခြောက်လို့ တပ်သားသစ်စုဆောင်းခံရပြီဆိုရင် လိုအပ်တာတွေ ပြင်ဆင်ထားကြဖို့၊ တော်လှန်ရေးအဖွဲ့အစည်းတွေကို သတင်းပေးဖို့ လိုအပ်တယ်လို့မန္တလေးသပိတ်အင်အားစုက ထပ်မံအကြံပြုတယ်။
နေအိမ်ပြင်ပသွားရင် ဖုန်းထဲက VPN အပါအဝင် ဖျက်သင့်ဖျက်ထိုက်တာတွေ ကြိုဖျက်ထားဖို့နဲ့ ညအချိန်မတော်ရင်လည်း ဧည့်စာရင်းဝင်စစ်တတ်လို့ ဖျက်ထားကြဖို့ မန္တလေးသပိတ်အင်အားစုက တိုက်တွန်းပါတယ်။
ကိုအောင်အောင်ကတော့ လက်တလော မန္တလေးမြို့ပေါ် ပြန်တက်လာဖို့ မလွယ်သေးဘူးလို့ပြောတယ်။ “ရွာမှာပဲ ဖြစ်သလို လုပ်စားရမှာပဲ။ အခုတော့ ရွာမှာ ငြိမ်နေပါသေးတယ်။”လို့ သူက ပြောလိုက်တယ်။ ။
