Connect with us

Hi, what are you looking for?

သတင်း

WFP ဘီစကွတ်တွေရောင်းချတာတွေ့ရင် ချက်ချင်းအရေးယူမယ်လို့ ကုလဆို

ဈေးကွက်ထဲ​ရောင်းချတဲ့သက်​သေအ​ထောက်အထားမ​တွေ့​သေးဟုဆို ၊မန္တ​လေးနှင့်စစ်ကိုင်းမှငလျင်သင့်ပြည်သူအချို့က မရဖူး​သေးဟု​ပြော

United Nations Myanmar In the photo: WFP Country Director for Myanmar, Michael Dunford, hands out boxes of fortified biscuits to earthquake survivors in Seinpan ward, Mandalay city on 1st April 2025.

ဧပြီ ၂၅ရက်၊ ၂၀၂၅။အီယိုရီ/ People’s Spring

လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့ မသင့်ကြောင်းနဲ့ ရောင်းချတာတွေ တွေ့ရှိရင် ချက်ချင်းအရေးယူဆောင်ရွက်သွားမယ်လို့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။

ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)ဟာ ငလျင်လှုပ်ခတ်ပြီး ၄၈ နာရီအတွင်းမှာ ငလျင်ဘေးသင့်ပြည်သူတွေအတွက် အာဟာရဖြည့်ဘီစကွတ်တွေ စတင်ဖြန့်ဝေခဲ့ပြီး အဲဒီဘီစကွတ်တွေက ရောင်းဖို့ မဟုတ်ဘူးလို့ ကုလသမဂ္ဂက ကြေညာပါတယ်။

“တကယ်တော့ လူသားချင်းစာနာထောက်ထားမှုအကူအညီတွေကို ပြန်လည်ရောင်းချဖို့မသင့်ပါဘူး။ WFP အနေနဲ့ ပုံမှန် လေ့လာစောင့်ကြည့်နေသလို၊ ရောင်းချတာတွေ့ရင်လည်း ချက်ချင်းအရေးယူ‌ဆောင်ရွက်သွားမှာပါ။ WFP ရဲ့အထောက်အပံ့တွေက အမြဲတမ်း အခမဲ့ဖြစ်ပါတယ်” လို့ ရန်ကုန်မြို့ ကုလသမဂ္ဂရုံးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

နေပြည်တော်မှာ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဥ် WFP အာဟာရဖြည့်ဘီစကွတ်တွေ ရောင်းချနေတယ်လို့ ဆိုရှယ်မီဒီယာမှာ ရေးနေကြတာ WFP က သိရှိထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ အဲ့ဒီလိုရေးသားချက်တွေမှာ သက်သေအထောက်အထား တစ်စုံတစ်ရာ မတွေ့ရဘူးလို့ ကုလသမဂ္ဂရုံးက ဆိုပါတယ်။

WFP ဟာနေပြည်တော်မှာအာဟာရဖြည့်ဘီစကွတ်တွေကို ဧပြီ ၁ ရက်က နောက်ဆုံးဖြန့်ဝေခဲ့တာလို့ဆိုပါတယ်။

ရန်ကုန်မြို့ရှိကုလသမဂ္ဂရုံးက WFP ရဲ့ အာဟာရဖြည့်ဘီစကွတ်တွေအကြောင်း ရှင်းပြထားပြီး WFP ဘီစကွတ်တွေဟာ ရိုးရိုးဘီစကွတ် မဟုတ်ကြောင်း၊ လတ်တလောဖြစ်ခဲ့တဲ့ ငလျင်ဘေးလို အရေးပေါ်အခြေအနေမျိုးမှာ ချက်ချင်းစားသုံးနိုင်ဖို့ထုတ်လုပ်ထားတဲ့ အထူးအာဟာရဖြည့်အစားအစာတစ်မျိုးဖြစ်ကြောင်း အသိပေးထားပါတယ်။

WFP ဘီစကွတ်တွေဟာ အရေးပေါ်အခြေအနေဖြစ်လာတဲ့အခါပုံမှန်အစားအသောက်တွေကို ချက်ပြုတ်ဖို့နဲ့ ဝယ်ယူစားသုံးဖို့မဖြစ်နိုင်တော့တဲ့ အချိန်မျိုးမှာ အရေးပေါ်ချက်ချင်းစားသုံးနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားတဲ့ အရေးကြီးတဲ့လူသားချင်းစာနာမှုအကူအညီတစ်မျိုးဖြစ်ပြီး အခုပုံမှန်ထမင်းဟင်းစားသောက်နိုင်ပြီဆိုရင် ပိုလျှံနေတဲ့ ဘီစကွတ်တွေကို မိမိထက်ပိုလိုအပ်နေသူတွေဆီကို မျှဝေပေးဖို့ ကုလသမဂ္ဂက တိုက်တွန်းပါတယ်။

ဒါ့အပြင် ဘီစကွတ်တွေကို ၆ လ အောက် ကလေးငယ်တွေကို ကျွေးလို့မရဘဲ အသက် ၆ လအထက် ကလေးတွေအနေနဲ့ မိခင်နို့ဝအောင် တိုက်ကျွေးပြီးမှသာ ဘီစကွတ်ကို ကျွေးနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

WFP က ဘီစကွတ်​တွေ ​ဈေးကွက်ထဲမှာ ဝယ်လို့ရတယ်ဆိုပြီး ဓါတ်ပုံနဲ့ တင်တဲ့ပိုစ်​တွေဟာ ဧပြီလ တတိယပါတ်မှာ စတင်ပြန့်နှံ့လာတာဖြစ်ပါတယ်။ အဲလိုပြန့်နှံ့ပြီး​နောက်မှာ WFP ဘီစကွတ်မုန့်​တွေဟာရိုးရိုးမဟုတ်ဘဲ အဟာရဖြည့်မုန့်ဖြစ်ပြီး​ရောင်းဖို့မဟုတ်ဘူးဆိုတဲ့ ပိုစ်​တွေလည်း ​ဖေစ်ဘွခ်ဆယ်လီတချို့ကစပြီးဖြန့်​ဝေတာ​တွေ့ရပါတယ်။

စစ်ကိုင်းငလျင်ဒဏ်အဆိုးဆုံးခံရတဲ့ မန္တ​လေးနဲ့ စစ်ကိုင်းက ငလျင်သင့်ပြည်သူ​အချို့အား WFPရဲ့ဒီဘီစကွတ်​ရဖူး ၊စားဖူးလား​မေးကြည့်တာမှာ​တော့မရဖူး​သေး ၊မစားဖူး​သေးလို့​ပြောကြပါတယ်။ WFP ကဘီစကွတ်ကို​နေပြည်​​တော်မှာစတင်ဖြန့်​ဝေပြီလို့ အသိ​ပေးထား​ပေမယ့် မန္တ​လေးမြို့ နဲ့ စစ်ကိုင်းမြို့​တွေကို ဖြန့်​ဝေပြီလား ၊မဖြန့်​ဝေ​သေးဘူးလားဆိုတာကို​တော့ မသိရ​သေးပါဘူး ။

ဒါအပြင် မင်းတပ်ပကဖ ကတာဝန်ရှိသူတစ်ဦးကလည်း မင်းတပ်မြို့သိမ်းပြီးချိန်မှာ ​စစ်တပ်ရဲ့စခန်း​တွေက​တော့ ကုလသမဂ္ဂလက်​အောက်ခံ UNHCR က​နေ ချင်းပြည်နယ်ကစစ်​ဘေးသင့်ပြည်သူ​တွေကို​ပေး​ဝေခဲ့တဲ့ ဆန်​တွေကို စစ်ကောင်စီတပ်က သိမ်းဆည်းရယူပြီး စစ်တပ်ရိက္ခာအဖြစ်အသုံးပြုခဲ့တယ်လို့UNHCR တံဆိပ်ပါ ဆန်အိတ်ခွံ ဓါတ်ပုံနဲ့တကွ​ရေးသားပြီး​ဖေစ်ဘွခ်မှာတင်ထားပါတယ်။

“လူသားစာနာထောက်ပံ့ကူညီတာတွေအကုန်လုံးက လိုအပ်နေတဲ့ ဒေသခံပြည်သူတွေဆီ လုံးဝမရောက်ဘဲ.. အဲဒီ စားနပ်ရိက္ခာတွေကို မြို့နေပြည်သူတွေဆီ ရောင်းစားဖို့၊ ဒေသခံတွေကို မဟုတ်မမှန် ဝါဒဖြန့်မြူဆွယ်တာမှာ အသုံးချဖို့နှင့် စစ်ကောင်စီက ဒေသခံပြည်သူတွေကို စစ်ကြောင်းထိုး၊ ဖမ်းဆီးသတ်ဖြတ်တဲ့နေရာမှာ သူတို့ရဲ့ရိက္ခာအဖြစ်သာ အသုံးပြုခဲ့ကြတယ်။မြို့သိမ်းတိုက်ပွဲမှာလည်း… စကစတွေကို ကြာရှည်တောင့်ခံအောင် အသက်ဆက်စေခဲ့တာ အဲဒီ နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ စားနပ်ရိက္ခာ ကူညီထောက်ပံ့မှုတွေ ဖြစ်နေတာ စိတ်မကောင်းစရာ တွေ့ရတယ်”လို့မင်းတပ် ပကဖ ကတာဝန်းရှိသူက​ရေးသားထားပါတယ် ။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းမှာ လှုပ်ခတ်ခဲ့တဲ့ မဂ္ဂနီကျု ၆.၃ အဆင့် ငလျင်ကြောင့် လူ ၁ ဦးသေပြီး ၈ ဦး ဒဏ်ရာရခဲ့ပါတယ်။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံ အလယ်ပိုင်းမှာ မဂ္ဂနီကျု ၆.၇ အဆင့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သလို နောက်ဆက်တွဲ ငလျင်ငယ်တွေပါ ထပ်လှုပ်နေတာကြောင့် ဒေသခံတွေ အထိတ်တလန့် ဖြစ်နေပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ လွိုင်ကော်မြို့အနီးမှာ ဒီကနေ့ ဇွန်လ၁၅ရက် မနက်အစောပိုင်းက ရစ်ခ်တာစကေး ၄ ဒဿမ ၄ အဆင့် ငလျင်တစ်ခု မြေအနက်တိမ်တဲ့နေရာကို ဗဟိုပြု လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။