အောက်တိုဘာ ၁၇၊ ၂၀၂၆။ ဇေအောင်/People’s Spring
မန္တလေးတိုင်း၊ ပုသိမ်ကြီးမြို့အနီးကို ဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒီကနေ့ အောက်တိုဘာလ ၁၇ ရက် မနက် ၀၈ နာရီ၂၆ မိနစ်ခန့်က မန္တလေးမြို့အရှေ့-အရှေ့မြောက်ဘက် ၁၀ ကီလိုမီတာအကွာ၊ ပုသိမ်ကြီးမြို့အနီး၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၂ အဆင့်ရှိတဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်ခဲ့ကြောင်း NUG ရဲ့ လူမှုရေးရာ၊ အလုပ်သမားနဲ့ လူသားချင်းစာနာထောက်ထားရေး ဝန်ကြီးဌာနက အသိပေးပါတယ်။
ဒီမနက် လှုပ်ခတ်သွားတဲ့ငလျင်ဟာ မန္တလေးမြို့နဲ့အနီးတဝိုက် သိသာစွာ လှုပ်ခတ်သွားခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

Public Service Announcement
“အသံကကျယ်တယ်။ ဆွဲခါယမ်းသွားတာ။ အတော်ပြင်းတယ်”လို့ မန္တလေးမြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အောက်တိုဘာ ၁၃ ရက် မနက်ကလည်း စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့အနောက်ဘက် ၄၈ ကီလိုမီတာအကွာ၊ မြေအောက်အနက် ၁၀ ကီလိုမီတာခန့်ကိုဗဟိုပြုပြီး ရစ်ခ်တာစကေး ၄.၁ အဆင့်နဲ့ အင်အားအနည်းငယ်ရှိတဲ့ မြေငလျင်တစ်ခု လှုပ်ခတ်သွားခဲ့ပါသေးတယ်။
လူထိခိုက်သေဆုံးမှုများပြားခဲ့တဲ့ စစ်ကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့တာ တစ်နှစ်ခွဲကျော်လာခဲ့ပေမယ့် နောက်ဆက်တွဲငလျင်တွေ လှုပ်ခတ်နေဆဲ ဖြစ်ပြီး ပြည်သူတွေ စိုးရိမ်နေရဆဲဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။



















































