Connect with us

Hi, what are you looking for?

သတင်း

လားရှိုးမြို့ကို စစ်ကောင်စီအင်အားဖြည့်

လားရှိုးမြိူ့မှ စစ်​ကောင်စီ စည်ပင်ဝန်ထမ်းအချို့ကို​တွေ့ရစဥ်။ ဓါတ်ပုံ-စစ်​ကောင်စီ

■ MNDAAနှင့် TNLA ထိန်းချုပ်ဒေသများကိုလေကြောင်းကင်းထောက်နေ

ယောနသံ/People’s Spring

လားရှိုးမြို့ကို စစ်ကောင်စီကလေကြောင်းမှ အင်အားပို့နေသလို MNDAA နှင့် TNLA ထိန်းချုပ်ထားသည့် မြို့နယ်အချို့ကို လေကြောင်းမှကင်းထောက်မှုများ ပိုမိုပြုလုပ်လာကြောင်း ဒေသခံအချို့က​ပြောသည်။

လားရှိုးမြို့သို့ ဇွန်လ ၄ရက်က စစ်ကောင်စီ တပ်ရဟတ်ယာဉ်အချို့ ဆင်းသက်ခဲ့သလို MNDAA ထိန်းချုပ်ထားသော သိန္နီမြို့နယ်၊TNLA ထိန်းချုပ်ထားသော နမ့်ဆန်မြို့နယ်တို့ကို ကင်းထောက်လေယာဥ်မကြာခဏ ပျံဝဲနေခဲ့ကြောင်း ဒေသခံများကပြောသည်။ ဇွတ်လ ၅ရက် နံနက် ၉နာရီခန့်ကလည်း တောင်ကြီးမြို့တွင် တိုက်လေယာဉ်တစ်စီး ကျယ်လောင်စွာဖြတ်ပျံသွား၍ ဒေသခံများအထိတ်တလန့်ဖြစ်ခဲ့ကြသည်။

Public Service Announcement

Public Service Announcement

“လားရှိုးကို အင်အားဖြည့်နေတာ သိသိသာသာပဲဗျ။ ‌ဌာနဆိုင်ရာရုံးတွေ ဖွင့်မယ်လို့ခေါင်းစဉ်နဲ့ ရောက်လာတဲ့အထဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်အများကြီးပါလာတယ်။ဒီရက်ပိုင်းထူးခြားတာက ကင်းထောက်လေယာဉ်တွေဝဲတာ။ စစ်ရေးအခြေအနေဘာဖြစ်မလဲဆိုတဲ့ သံသယနဲ့နေကြရတယ်ဗျ”ဟု လားရှိုးမြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီသည် ဇွန်လ ၄ ရက်နေ့ကသိန္နီနှင့် နမ့်ဆန်အပါအဝင် ရှမ်းပြည်နယ်များပိုင်းမှမြို့နယ်အချို့တွင် ကင်းထောက်လေယာဉ်ပျံဝဲမှုသည် ထူးခြားသည့်အခြေအနေဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“လားရှိုးမှာဆို အခု စစ်ကောင်စီက မှတ်ပုံတင်တွေ ပြန်လုပ်ပေးနေတယ်။ကျမတို့လည်းသွားလုပ်ထားတယ်။တိုက်ပွဲတွေပြန်ဖြစ်ရင်ပြေးလို့လွယ်အောင်”ဟု ဒေသခံတစ်ဦးကပြောသည်။

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)က အရှေ့မြောက်တိုင်းစစ်ဌာနချုပ်(ရမခ)အပါအဝင် လားရှိုးမြို့ကို ၂၀၂၄ သြဂုတ်တွင် သိမ်းပိုက်ထိန်းချုပ်ခဲ့ပြီး အထူးဒေသ(၁)အဖြစ် ထည့်သွင်းသတ်မှတ်အုပ်ချုပ်ခဲ့သည်။

သို့သော် တရုတ်အစိုးရ၏ ဖိအားကြောင့် လားရှိုးမြို့ပေါ်မှ MNDAA ပြန်လည်ဆုတ်ခွာခဲ့ရပြီး မြို့ပေါ်ရပ်ကွက် ၁၂ခုကို ပြီးခဲ့သည့် ဧပြီလမှစတင်က စစ်ကောင်စီ ပြန်ထိန်းချုပ်ထားသည်။ လားရှိုးမြို့နယ်အတွင်းကျန်ဒေသများနှင့် ၁၀၂၇ စစ်ဆင်ရေးတွင်သိမ်းပိုက်ခဲ့သည့်မြို့နယ်များကို MNDAAက ဆက်လက်ထိန်းချုပ်ထားသည်။

လားရှိုးမြို့ပေါ်ကိုထိန်းချုပ်ထားသည့် စစ်ကောင်စီက ကျောင်းများပြန်ဖွင့်ထားပြီး ကျောင်းအပ်လက်ခံနေသည်။ လုံခြုံရေးအခြေအနေစိတ်မချခြင်းနှင့် တိုက်ပွဲများပြန်ဖြစ်နိုင်သည်ဟုစိုးရိမ်မှုများကြောင့် ကျောင်းတက်ရောက်သူနည်းပါးသည်ဟု ဒေသခံများကပြောသည်။ ထို့အတူ MNDAAကလည်း ၎င်းတို့ထိန်းချုပ်ထားသည့် ဒေသများတွင် ဇွန်လ ၅ရက်မှစ၍ ကျောင်းအပ်လက်ခံနေသည်။ လားရှိုးမြို့နယ်အတွင်း မယ်ဟန်၊ ခေးနင်း၊ နောင်မွန်ရွာအပါအဝင် ကျေးရွာ ၂၀မှ အခြေခံပညာကျောင်းများတွင်ကျောင်းအပ်လက်ခံမည်ဟု MNDAA၏ အထူးဒေသ(၁)မြန်မာပညာရေးကော်မတီက သတင်းထုတ်ပြန်ထားသည်။

တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)နှင့် စစ်ကောင်စီသည် လက်ရှိတွင် နောင်ချိုမြို့နယ်၌ တိုက်ပွဲများဖြစ်ပွားနေသည်။

TNLAနှင့် စစ်ကောင်စီသည်တရုတ်အစိုးရ၏တိုက်တွန်းမှုဖြင့် တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့၌ ဖေဖော်ဝါရီလက တွေ့ဆုံဆွေးနွေးခဲ့ပြီး အဆင်မပြေဘဲ ဆွေးနွေးမှုရပ်သွားခဲ့သည်။ ထို့နောက် စစ်ကောင်စီကနောင်ချိုမြို့ကို လေကြောင်းမှ မကြာခဏဗုံးကြဲပြီး မြေပြင်မှာလည်းစစ်ကြောင်းထိုးနေသည်။

ပြည်သူလူထုသဘောထားအတိုင်းစစ်အာဏာရှင်ပြုတ်ကျသည်အထိ တိုက်ပွဲဝင်မည်ဟု ကြွေးကြော်ပြီး စတင်ခဲ့သော မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့၏၁၀၂၇ စစ်ဆင်ရေးအတွင်း TNLA က ရှမ်းပြည်နယ်မြောက်ပိုင်းမှ နမ့်ဆန်၊ မန်တုံ၊ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မိုင်းငေါ့၊ မိုင်းလုံ၊ ကျောက်မဲ၊ နောင်ချို၊မိုးမိတ်နှင့် သီပေါမြို့နယ်၊မန္တလေးတိုင်းမှ မိုးကုတ်မြို့နယ်တို့ကို သိမ်းယူခဲ့သည်။

MNDAAက ချင်းရွှေဟော်၊ လောက်ကိုင်၊ ကြူကုတ်(ပန်ဆိုင်း)၊ မုံကိုး၊ သိန္နီ၊ လားရှိုး မြို့များကို သိမ်းပိုက်ထိန်းချုပ်ခဲ့သည်။

လက်ရှိတွင် MNDAA၊TNLAနှင့် အာရက္ခတပ်တော်(AA)တို့ပါဝင်သည့်မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့က မတ်လ ၂၈ရက်က ငလျင်ကြောင့် ပြည်သူလူထုအကြပ်အတည်းတွေ့နေခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ လုပ်‌နေချိန်ဖြစ်သောကြောင့်ဟုဆိုကာဇွန်လ ၃၀ရက်အထိ ယာယီအပစ်ရပ်ထားကြောင်း ကြေညာထားသည်။

ဆက်စပ်သတင်းများ

သတင်း

တရုတ်နိုင်ငံမှာ ​သေဒဏ်​ပေးခံရတဲ့ကိုးကန့်ခေါင်းဆောင်ဟောင်းပယ်ဆောက်ချိန်နဲ့ မိသားစုတွေပိုင်ဆိုင်ခဲ့တဲ့ လောက်ကိုင်မြို့က အဆောက်အအုံတွေနဲ့ အိမ်ရာတွေကို MNDAA က ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲဝင် တပ်ဖွဲ့ဝင်တွေ၊ကျဆုံးရဲ​ဘော်​တွေရဲမိသားစုဝင်​တွေကိုမဲနှိုက်ပြီးခွဲဝေပေးနေပါတယ်။

ဆောင်းပါး

TNLA ထိန်းချုပ်နယ်မြေအတွင်း မြေရှားသတ္တုတွင်းသစ်များစွာ တူးဖော်နေကြောင်း အမေရိကန်နိုင်ငံအခြေစိုက် သုတေသနအဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အချက်အလက်များနှင့် တကွ ပထမဆုံးအကြိမ် ဖော်ထုတ်လိုက်ပါတယ်။

သတင်း

အသိအမှတ်ပြုမှုရပါက စစ်အုပ်စုရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ တက်ကြွစွာပါမယ်လို့ TNLA ဘက်က ဆွေးနွေးထား

သတင်း

တအာင်းတပ်မတော်(TNLA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ ဒီကနေ့ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း TNLပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက အတည်ပြုပါတယ်။