ဇွန်-၁၂၊၂၀၂၅။ရဲခေါင်/People’s Spring
ပြည်တွင်း ရွှေ နှင့် ဒေါ်လာ စျေးဆက်တက်နေပြီး စက်သုံးဆီစျေးပါ လိုက်ပါမြင့်တက်လာကြောင်း သတင်းရရှိသည်။
အရှေ့အလယ်ပိုင်းဒေသတွင် အစ္စရေးကအီရန်ကိုတိုကိခိုက်ရာမှ တကျော့ပြန်စစ်ပွဲများဖြစ်ပွားလာပြီး ကမ္ဘာရွှေ နှင့် ရေနံ စျေးများသည် အတက်သို့သို့ဦးတည်နေပြီး ကျပ်ငွေ အစားထိုး ရွှေ နှင့် ဒေါ်လာ ဝယ်လိုသူနှင့်စု ဆောင်းသူများအကြားအတက်စျေးတန်းတစ်ခု၌ ရှိနေသည်။
“ရွှေဆိုင်တွေအများစုက မနေ့က(ဇွန် ၁၂ ရက်) စပြီးစျေးပိတ်လိုက်ပြီ။လုံးလုံးပိတ်တာတော့မဟုတ်ဘူး။တချို့ဆိုင်တွေကအရောင်းမရှိ၊အဝယ်ရှိပေါ့။အပြင်စျေးမှာတော့ ၈၁ သိန်းစွန်းစွန်းစျေးထွက်တယ် “ဟု ရွှေဝယ်ရောင်းသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

Public Service Announcement
ဇွန် ၁၂ ရက်ပြည်တွင်းစျေးကွက်တွင် ၁၆ ပဲရည်တစ်ကျပ်သား ကျပ်သိန်း ၈၀ ဝန်းကျင်နှင့် ၁၅ ပဲရည်တစ်ကျပ်သား ၇၅ သိန်းခန့်ရှိခဲ့သည်။ ကမ္ဘာ့ရွှေစျေးသည် ယနေ့(ဇွန် ၁၃ ရက်)နံနက်ပိုင်းအဖွင့်စျေး တစ်အောင်စ ဒေါ်လာ ၃,၃၈၀ ရှိခဲ့ရာမှ ယနေ့ နေ့လည်ပိုင်းတွင် ပျှမ်းမျှ ဒေါ်လာ ၄၀ ကျော်ဆက်တက်နေသည်ကိုတွေ့ရသည်။
“ရွှေဈေးတက်တိုင်း ရွှေကုန်သည်တွေအခေါ်ခံနေရရင် အိမ်တောင်ပြန်ကပ်ရမယ့်ကိန်းမမြင်ဘူး။ အဲဒီနည်းနဲ့က ဘယ်တော့မှလည်း အဖြေမှန်တွေ့မှာမဟုတ်ဘူး။ အကြောင်းအရင်းက ကမ္ဘာ့ရွှေဈေးနဲ့ မြန်မာ့ဒေါ်လာဈေးအပေါ် အဓိကပဲ”ဟု စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောသည်။
စစ်ကောင်စီလက်ထက် ဖုံးကွယ်ထားသော စစ်ရေးအသုံးစရိတ် နှင့်စုစုပေါင်းပြည်တွင်းဝင်ငွေ (GDP)တွင် နှစ်စဥ်လိုငွေပြမှုအပါအဝင် တိုးမြင့်လာသော ပြည်ပချေးငွေကို ကျားကန်ပေးနေရသည့် ဗဟိုဘဏ် က ဒေါ်လာချုပ်ကိုင်မှုသာလျှင် မြန်မာ့စီးပွားရေး နှင့် အခြေခံလူထုကို ပိုမိုမွန်းကြပ်လာစေကြောင်း ၎င်းက ဆက်ပြောသည်။
“ကမ္ဘာ့ရွှေစျေးလည်းအပြောင်းအလဲမရှိ ဒေါ်လာဈေးလည်းကျချိန်မျိုးဆို ရွှေဈေးကို အမြင့်ကြီးပေးပြီး ဘယ်လုပ်ငန်းရှင်ကမှ အရူးထမဝယ်လောက်ပါဘူး။တစ်ခုက ပြည်တွင်းဒေါ်လာဈေးအပြောင်းအလဲမဖြစ်ဘဲ ကမ္ဘာ့ရွှေဈေးကျရင် မြန်မာ့ရွှေကျမယ်။နောက်တစ်ချက်က ကမ္ဘာ့ရွှေဈေး အပြောင်းအလဲမဖြစ်ပေမယ့် မြန်မာ့ဒေါ်လာဈေးကျရင် မြန်မာ့ရွှေကျမယ်”ဟု ရွှေစျေးကွက် စောင့်ကြည့်နေသူတစ်ဦးက ပြောသည်။
သို့သော် ပြည်ပသွင်းအားစုကို မှီခိုနေရသည့်အပြင် အချိန်မရွေး မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့နိုင်သည့် အခြေအနေကြောင့် ဒေါ်လာငွေလဲနှုန်းသည်ဇွန်လ ပထမပတ်ကစ၍ အတက်စျေးသို့ ဦးတည်နေသည်။
“ဖေဖော်ဝါရီ နောက်ပိုင်း အမြင့်ဆုံးစျေးပဲ။ဒီနေ့ တွေ့ရသလောက်တော့ တစ်ဒေါ်လာ ၄,၅၆၀ ရှိတယ်။တချို့ ၄,၆၀၀ လောက် ဖြစ်နေတယ်”ဟုငွေလဲလှယ်သူတစ်ဦးက ပြောသည်။
ယနေ့ ပြည်တွင်း စက်သုံးဆီ(ဓာတ်ဆီ၊ဒီဇယ်)အမျိုးအစားအလိုက် တစ်လီတာ စျေးနှုန်းသည် ယမန်နေ့ကထက် ကျပ် ၂၀ နှင့် ၄၀ ကြား စျေးတက်နေသည်။စက်သုံးဆီသည် ရေနံစိမ်းကိုအဆင့်ဆင့်မွမ်းမံ၍ ထွက်ရှိခြင်းဖြစ်ကာ အရှေ့အလယ်ပိုင်းဒေသ စစ်ရေးကြောင့် ကမ္ဘာ့ရေနံစျေးသည် တစ်ရက်အတွင်း၈ ရာခိုင်နှုန်းဝန်းကျင်တက်လာသည်။
စစ်ကောင်စီ၏ ဗဟိုဘဏ်ကမူ ဒေါ်လာစျေးကစားသူများနှင့် လုပ်ငန်းလိုင်စင်မရှိဘဲ နိုင်ငံခြား ငွေ ဝယ်ယူ၊ ရောင်းချ ၊လဲလှယ်သူများကို အရေးယူမည်ဟု ဇွန် ၁၂ ရက်တွင် စာထုတ်ပြန်၍ ခြိမ်းခြောက်ထားသည်။
စစ်ကိုင်းငလျင်အပြီး စီးပွားရေးဆုတ်ယုတ်မှုများနှင့် အာဏာသိမ်းစစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက် မှုများကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်ဖြစ်သော အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့ ILO ၏ အရေးယူရန်အတည်ပြုမှုသည် ယိုင်နဲ့နေသည့် မြန်မာ့စီးပွားရေးတွင် ကြပ်တည်းမှုပေါင်းစုံဖြစ်လာနိုင်ကြောင်း စီးပွားရေးလုပ်ငန်းရှင်အချို့က အသိပေးထားသည်။
