Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ထရမ့်ပုံပါတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေ အမေရိကန်မှာ စတင်ဖြန့်ဝေ

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

ဓာတ်ပုံ - AP/Treasury Department

အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ရုပ်ပုံ ပါရှိတဲ့ တစ်ဒေါ်လာတန် ဒင်္ဂါးတွေကို အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနက တရားဝင် ထုတ်ဝေလိုက်ပါတယ်။

အမေရိကန် ပြည်ထောင်စုရဲ့ နှစ် ၂၅၀ ပြည့် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ အဲဒီဒင်္ဂါးတွေကို အရေအတွက် ကန့်သတ် ထုတ်ဝေမှာ ဖြစ်ပါတယ်။ အဲဒီဒင်္ဂါးတွေဟာ ငွေကြေးစျေးကွက်ထဲမှာ လည်ပတ်သုံးစွဲဖို့ ဆိုတာထက် အထိမ်းအမှတ် တစ်ခုအဖြစ် စုဆောင်းဖို့ပဲ အဓိက ရည်ရွယ် သွန်းလုပ်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ၁ ဒေါ်လာတန် ဒင်္ဂါးဆိုပေမယ့် ပျမ်းမျှတန်ဖိုးက ၁၄၄ ရာခိုင်နှုန်းလောက် ပိုများပါတယ်။

အဲဒီဒင်္ဂါး စုစုပေါင်း ၂၅ စေ့ကို ၆၁ ဒေါ်လာ စျေးသတ်မှတ် ရောင်းချမှာဖြစ်ပြီး အစေ့ ၁၀၀ ပါတဲ့ အထုပ်ကိုတော့ ၁၅၄.၅ ဒေါ်လာနဲ့ ဝယ်ယူနိုင်မယ်လို့ ဆိုပါတယ်။ ဘဏ္ဍာရေး ဝန်ကြီးဌာနကတော့ တချို့ဒင်္ဂါးတွေဟာ ငွေကြေးစျေးကွက်ထဲ လှည့်လည်သုံးစွဲတာမျိုး ရှိလာနိုင်တယ်လို့ မှတ်ချက်ပေးထားပါတယ်။

စက်တင်ဘာ ၂ ရက်နေ့က တရားဝင် စတင်ဖြန့်ဝေတဲ့ ဒင်္ဂါးတွေမှာတော့ မျက်နှာစာ တစ်ဖက်မှာ ထရမ့်ရဲ့ပုံကို ရိုက်နှိပ်ထားပြီး လွတ်လပ်ရေး၊ ဘုရားသခင်ကို သက်ဝင်ယုံကြည်ပါသည်ဆိုတဲ့ စာတန်းတွေ ပါရှိပါတယ်။ ပြီးတော့ အမေရိကန် ပြည်ထောင်စု စတင်ထူထောင်ရာကနေ မျက်မှောက်ကာလထိဖြစ်တဲ့ နှစ်အပိုင်းအခြား 1776-2026လို့လည်း ရေးသားထားပါတယ်။ တခြားမျက်နှာစာမှာတော့ အမေရိကန် သမ္မတ အမှတ်တံဆိပ်ဖြစ်တဲ့ လင်းယုန်ငှက်ပုံနဲ့ ၂၅၀ ဆိုတဲ့ ကိန်းဂဏန်းတွေကို ရေးထိုးထားပါတယ်။

Public Service Announcement

Public Service Announcement

အခုဒင်္ဂါးတွေကို ထုတ်ဝေခြင်းကြောင့် ထရမ့်ဟာ နှစ်ပေါင်း ၁၀၀ ကျော် ကာလအတွင်း အမေရိကန်ရဲ့ ငွေကြေးယူနစ်တွေမှာ ရုပ်ပုံရိုက်နှိပ် ဖော်ပြခံရတဲ့ ပထမဆုံး အာဏာလက်ရှိ သမ္မတ ဖြစ်လာပါတယ်။ အမေရိကန်ရဲ့ ဥပဒေတွေအရ နိုင်ငံရဲ့ ငွေစက္ကူတွေမှာ သက်ရှိထင်ရှား ဘယ်လူပုဂ္ဂိုလ်ရဲ့ ပုံကိုမှ ရိုက်နှိပ် ဖော်ပြခွင့် မရှိဘူးလို့ သတ်မှတ်ထားပါတယ်။ ဒါပေမဲ့ အဲဒီစည်းမျဉ်းဟာ ဒင်္ဂါးတွေ သွန်းလုပ်မှုကိုတော့ အပြည့်အဝ အကျုံးမဝင်ကြောင်း ထောက်ပြမှုတွေလည်း ရှိနေပါတယ်။ ထရမ့်ပုံနဲ့ ဒင်္ဂါးသွန်းလုပ်မှုဟာ ဥပဒေ ချိုးဖောက်ရာ ရောက်သလား ဆိုတာကိုတော့ ဘဏ္ဍာရေး ဝန်ကြီးဌာနက ဘာမှတ်ချက်မှ မပေးပါဘူး။

ထရမ့်ဟာ အမေရိကန် အစိုးရနဲ့ သက်ဆိုင်တဲ့ တခြားကိစ္စရပ်တွေမှာလည်း သူ့နာမည်နဲ့ ရုပ်ပုံတွေကို ထည့်သွင်းဖော်ပြစေဖို့ အကြီးအကျယ် အားထုတ်နေပါတယ်။ သူဟာ ဂျွန်အက်ဖ်ကနေဒီ အနုပညာ စင်တာရဲ့ နာမည်မှာ သူ့နာမည်ကိုပါ ထည့်သွင်းစေတာကြောင့် တရားရေးအရာ အငြင်းပွားစရာတွေပါ ဖြစ်ခဲ့ပါတယ်။

အမေရိကန် ဘဏ္ဍာရေး ဝန်ကြီး စကော့ဘက်ဆန့်ဟာ မေလတုန်းကလည်း ထရမ့်ပုံ ရိုက်နှိပ်ထားတဲ့ အမေရိကန်ဒေါ်လာ ၂၅၀ တန် ငွေစက္ကူ အသစ်တွေ ထုတ်ဝေသင့်ကြောင်း အကြံပြုခဲ့ပေမယ့် လွှတ်တော်ရဲ့ ထောက်ခံချက်တော့ မရခဲ့ပါဘူး။ ထရမ့်ပုံနဲ့ ငွေစက္ကူတွေ ရိုက်နှိပ်ဖို့ဆိုရင် အမေရိကန် လွှတ်တော်အမတ်တွေက ရှိရင်းစွဲ ဥပဒေ ကန့်သတ်ချက်တွေကို ပယ်ဖျက်ပေးဖို့ မဲခွဲ အတည်ပြုဖို့ လိုအပ်ပါတယ်။

ထရမ့်ဟာ အမေရိကန်ရဲ့ ငွေစက္ကူတွေမှာ သူ့ပုံကို ထည့်ခွင့်မရပေမယ့် သူ့လက်မှတ်ကိုတော့ ထည့်သွင်းစေခဲ့ပါတယ်။ အသစ်ထုတ်ဝေတဲ့ အမေရိကန် ငွေစက္ကူတွေရဲ့ စစ်မှန်မှုကို အတည်ပြုဖို့ ထရမ့်ရဲ့ လက်မှတ် ပါရှိလာပြီး ဒါကလည်း အာဏာလက်ရှိ အမေရိကန် သမ္မတ တစ်ဦးအတွက် ပထမဆုံး ဖြစ်လာခဲ့ပါတယ်။

ကိုးကား: CNA

ဆက်စပ်သတင်းများ

နိုင်ငံတကာ

အခုသီတင်းပတ် အစောပိုင်းက ဆော်ဒီအာရေးဘီးယား ရေနံတင် သင်္ဘောတစ်စီးကို အီရန်က တိုက်ခိုက်လို့ သင်္ဘောသားနှစ်ဦး သေဆုံးခဲ့ကြောင်း ဆော်ဒီ အစိုးရက စွပ်စွဲ ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ဟောမုဇ် ရေလက်ကြားရဲ့ နာမည်ကို သူ့နာမည် ပြောင်းသင့်တယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်က အကြံပြု ပြောကြားခဲ့ပါတယ်။

နိုင်ငံတကာ

ကလေးငယ် အပါအဝင် အရပ်သား ၄ ဦးထက်မနည်း သေဆုံးခဲ့ရတဲ့ အမေရိကန် တိုက်ခိုက်မှုတွေအတွက် လက်တုံ့ပြန်ခဲ့ကြောင်း အီရန်က ထုတ်ပြန်ပါတယ်။

သတင်း

မြောက်ကိုရီးယားနဲ့ အမေရိကန်ကြား ထိပ်သီး အစည်းအဝေးဟာ အချိန်မရွေး အကောင်အထည် ပေါ်လာနိုင်ကြောင်း တောင်ကိုရီးယား ထောက်လှမ်းရေး အေဂျင်စီက ယူဆထားပါတယ်။