ဇွန်-၁၇၊၂၀၂၅။ထားမြတ်/People’s Spring
တအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ(TPCC)ကို တအာင်းပြည်ကောင်စီ(TLC) အဖြစ် ပြောင်းလဲ ဖွဲစည်းနိုင်ခဲ့ခြင်းကိုအထူးဝမ်းမြောက်စွာ ကြိုဆိုကြောင်း အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ(NUCC)က ယနေ့သဝဏ်လွှာ ပေးပို့ခဲ့ပြီး TLCကိုအဖွဲကဝင်အဖွဲ့အစည်းအဖြစ်ဆက်လက်လက်တွဲဆောင်ရွက်ခွင့်ရရှိသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ဖော်ပြသည်။
NUCC၏အဖွဲ့ဝင်ဖြစ်သောတအာင်းနိုင်ငံရေးအတိုင်ပင်ခံကော်မတီ (TPCC) မှ ယခု ဇွန်လဆန်းတွင် တအာင်းနိုင်ငံရေးထိပ်သီးအစည်းအဝေး ကျင်းပပြီး တအာင်းပြည်နယ်ဖွဲစည်းပုံ အခြေခံဥပဒေရေးဆွဲရေးကော်မတီ (TSCDC) ကရေးဆွဲထားသည့် “တအာင်းပြည် တော်လှန်ရေးကာလအစိုးရအစီအမံ”ကိုလက်ခံအတည်ပြုကာ တအာင်းပြည်ကောင်စီ TLCကို တအာင်းပြည်၏ တော်လှန်ရေးကာလတွင်အမြင့်ဆုံးနိုင်ငံရေး အာဏာပိုင်အဖွဲအစည်းအဖြစ် ဖွဲစည်း ဆောင်ရွက်ရန်ဆုံဖြတ်ခဲ့သည့်အပေါ် ယခုကဲ့သို့ ဂုဏ်ပြုခြင်းဖြစ်သည်။

TPCC တွင် တအာင်းအမျိုးသားပါတီ – TNP၊ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး-PSLF/TNLA နှင့် တအာင်းအရပ်ဖက်အစုအဖွဲများ ပါဝင်ဖွဲ့စည်းထားပြီးယခုTLCကိုလည်းယင်းပါဝင်မှုအတိုင်း စုဖွဲ့ထားခြင်းဖြစ်သည်။

Public Service Announcement
ထိုသို့ TLC ဖွဲ့စည်းမှုကိုအခြားသောတော်လှန်ရေးအင်အားစုများဖြစ်သည့် အာဏာရှင်စနစ် ဆန့်ကျင်ရေး ပြည်သူ့အင်အားများ ချိတ်ဆက်ညှိနှိုင်းရေးကော်မတီ(မန္တလေး)၊ မန္တလေးဒေသကြားကာလ နိုင်ငံရေးအစီအမံဖော်ထုတ်မှုဆိုင်ရာ ချိတ်ဆက်ညှိနှိုင်းရေးနှင့် မူကြမ်းရေးဆွဲရေးလုပ်ငန်းကော်မတီ၊ မကွေးဒေသ တော်လှန်ရေးအင်အားစုများကွန်ရက်၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(မန္တလေး)၊ မန္တလေးတိုင်း လွှတ်တော်ကိုယ်စားပြုကော်မတီ၊ စစ်ကိုင်းပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မိုးကုတ်ဗျူဟာ)၊ အထွေထွေသပိတ် ပေါင်းစပ်ညှိနှိုင်းရေး အင်အားစု၊ ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF)၊ စစ်ကိုင်းတိုင်းဒေသသပိတ်အင်အားစု၊ မွန်ပြည်သစ်ပါတီ(AD)၊ ကျန်းမာရေးမိသားစု(မန္တလေး) တို့က ကြိုဆို ဂုဏ်ပြုခြင်း သဝဏ်လွှာများ ပေးပို့ခဲ့သည်။
“အသိအမှတ်ပြုဂုဏ်ပြုသဝဏ်လွှာများပေးပို့တဲ့အတွက်ကျေးဇူးတင်ပါတယ်” ဟုTPCCပြောရေးဆိုခွင့်ရှိသူ မိုင်းနိုင်ဂေါင်ဇာရ်က ပြောကြားသည်။
ထိုအပြင်ကွက်ကွက်ကြောင်းထုတ်ပြန်ကြသည့် အဖွဲ့များနှင့်ပတ်သက်ပြီးလည်း မှတ်ချက်ပြုစရာမရှိဘဲ လွတ်လပ်စွာ ထုတ်ပြန် ကန့်ကွက်နိုင်သည်ဟု ၎င်းကပြောသည်။
တအာင်းပြည်ကောင်စီဖွဲ့စည်းမှုကို Tai Student’s Union အပါအဝင် အဖွဲ့အစည်းအချို့က အသိအမှတ်ပြု လက်ခံမည်မဟုတ်ဘဲဆန့်ကျင်ကြောင်း ထုတ်ပြန်ခဲ့သည်။
“ဒါကဒီမိုကရေစီရဲ့အခြေခံပဲဖြစ်တယ်။အပြုသဘောဆောင်တဲ့ ဝေဖန်ကန့်ကွက်မှုတော့ ဖြစ်ဖိုလိုတာပေါ့လေနော်”ဟုမိုင်းနိုင်ဂေါင်ဇာရ်ကပြောသည်။
တအာင်းပြည်ကောင်စီ TLC ကို ကန့်ကွက်သည့် ရှမ်းအစုအဖွဲ့များ၏ စိတ်ခံစားမှုကိုနားလည်ကြောင်းလည်း ၎င်းက ပြောသည်။
“ကျနော်တို မြန်မာစစ်အာဏာရှင် လက်အောက်ကနေလွတ်မြောက်ဖိုအတွက်အတူဆက်လက်တိုက်ပွဲဝင်ကြဖို တိုက်တွန်းပါတယ်။ ရှမ်းလူမျိုးနဲ့အတူ ရှမ်းလက်နက်ကိုင်အဖွဲအစည်းတွေကော လက်ရှိ ဒီအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲကို သူတိုရှမ်းပြည်ကနေအားလုံးတိုက်ထုတ်နိုင်ပြီး ရှမ်းပြည်နယ် ပြည်သူ့အစိုးရ ဖွဲကြမယ်ဆိုရင် ကျနော်တိုကတော့ လှိက်လှိက်လှဲလှဲကြိုဆိုထောက်ခံမှာဖြစ်ပါတယ်။ ကျနော်တိုတတွေအားလုံး စစ်အာဏာရှင်စနစ်ကနေ လွတ်မြောက်ချိန်တန်ပါပြီလိုပဲ မှတ်ချက်ပြုချင်ပါတယ်” ဟု မိုင်းနိုင်ဂေါင်ဇာရ်က ဆိုသည်။
ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)နှင့်ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)တို့သည် စစ်တပ်အာဏာသိမ်းပြီးနောက် အချင်းချင်းအကြားပြဿနာဖြစ်ပွားမှုဖြစ်စဉ်များသာရှိခဲ့ပြီး စစ်ကောင်စီကို တော်လှန်တိုက်ခိုက်သည့်တိုက်ပွဲများထင်ထင်ရှားရှားမတွေ့ရပေ။
