ဇွန်-၂၃၊ ၂၀၂၅။ အိမ်သွင်/People’s Spring
နတ်ရေကန်ဗျူဟာပတ်ဝန်းကျင်ကို စစ်ကောင်စီတပ်က လက်နက်ကြီးနှင့် လေကြောင်းပစ်ခတ်တိုက်ခိုက်နေပြီး စစ်ယာဉ်တန်းဖြင့် အင်အားအများအပြားဖြည့်တင်းနေကြောင်း သတင်းရရှိသည်။
အမ်း-ပဒါန်းလမ်းအနီးရှိ အမြောက်တပ်(၄၀၉)ကို ရဟတ်ယာဥ်ဖြင့် လူအင်အားဖြည့်နေပြီး ယင်းနေရာမှတဆင့် ၉ မိုင်ခန့်အကွာရှိ နတ်ရေကန်ဗျူဟာကို စစ်ယာဉ်တန်းဖြင့် အင်အားဖြည့်တင်းနေသည်ကို တွေ့ရသည်။ ထို့အပြင် ဒေသတွင်းရှိ ကပစများ၊ တပ်ရင်းများမှတဆင့် ပုသိမ်-မုံရွာလမ်းပိုင်းတို့မှလည်း နတ်ရေကန်သို့ အင်အားဖြည့်နေသည်။
“မနေ့က ကားသုံးစီးဝင်တယ်။ အသေးနှစ်စီး၊ အကြီးတစ်စီး။ ဒီရက်ပိုင်း နတ်ရေကန်ဗျူဟာကို အင်အားပြန်ဖြည့်နေတဲ့အနေအထားပါ”ဟု ချင်းကာကွယ်ရေးတပ်-အရှို(CDF – Asho)ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

Public Service Announcement
နတ်ရေကန်ဗျူဟာနှင့် ၁မိုင်ကျော်အကွာရှိ ခွန်ဇူရွာလမ်းခွဲမှ စစ်ကောင်စီကာကင်းစခန်းကို CDF – Asho၊ လူ့ဘောင်သစ်တပ်မတော်(NSA)၊ အရှိုချင်းကာကွယ်ရေးတပ်(ACDF )တို့က ဇွန်လ ၂၀ ရက်နံနက်က စီးနင်းတိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲပြန်လည်ငြိမ်သက်နေသည်။
အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာထွက်ပြေးသွားပြီး ၁ဦးသေဆုံးက ၁ဦး အရှင်ဖမ်းဆီးမိခဲ့သည်ဟု CDF – Ashoက ဇွန်လ ၂၁ရက်၌ ထုတ်ပြန်သည်။ MA အမျိုးအစားသေနတ် ၅ လက်၊ BA 100 စိန်ပြောင်း ၁ လက်နှင့် ခဲယမ်းအများအပြား သိမ်းဆည်းရမိသည်။ ထို့နောက်ပိုင်း တိုက်ပွဲငြိမ်သက်နေစဉ် စစ်ကောင်စီက အင်အားပြန်ဖြည့်နေသည်။
ထပ်မံအင်အားဖြည့်တင်းလာသူများသည် ဒေသတွင်း၌ စစ်ရေးလှုပ်ရှားနေသည့် တပ်မ(၉၉) လက်အောက်ခံတပ်ရင်းများမဟုတ်တော့ဟု မြေပြင်စစ်ရေးသတင်းရင်းမြစ်အချို့ကပြောသည်။ ယခင်က နတ်ရေကန်ဗျူဟာ ခုခံစစ်အတွက် တပ်မ(၉၉) လက်အောက်ခံခြေမြန်တပ်ရင်း ခမရ(၁၁၃)၊ခမရ(၄၂၀)တို့က အဓိကဖြစ်ပြီး ယခုထပ်ရောက်လာသည့် တပ်ရင်းကို စုံစမ်းနေဆဲဖြစ်သည်။
နတ်ရေကန်ဗျူဟာနှင့် အမ်း-ပဒါန်းလမ်းတိုက်ပွဲခုခံစစ်၌ တာဝန်အရှိဆုံး တပ်မ(၉၉) တပ်မမှူးဗိုလ်မှူးချုပ်တင်မောင်ကျော်ကို စစ်ကောင်စီက ပြီးခဲ့သည့် မေလကုန်တွင် ဖမ်းဆီးပြီး ရာထူးမှဖြုတ်ချကာ စစ်ဆေးနေသည်။ တပ်မ(၉၉)ယာယီတပ်မမှူးအသစ်အဖြစ် စစ်ဗျူဟာအဖွဲ့(အခြေချ) ဟားခါးမှ အခြေချစစ်ဗျူဟာမှူး ဗိုလ်မှူးကြီးစိုးဝင်းထွန်းကို အစားထိုးထားသည်။
တပ်မမှူးအပြောင်းအလဲဖြစ်ပြီးနောက်ပိုင်း နတ်ရေကန်ဗျူဟာမှ အမြောက်များနှင့်လက်နက်ကြီးအချို့ကို အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)သို့ဇွန်လ ဒုတိယလပတ်အတွင်း စတင်ရွှေ့ပြောင်းနေသည်ကို တွေ့ရသည်။ ယခုအခါ အင်အားဖြည့်တင်းရေး ထပ်မံကြိုးပမ်းနေသည်ဟု တော်လှန်ရေးအင်အားစုများထံမှသိရသည်။
“တပ်မမှုးအသစ်က ဗျူဟာတော်တော်လေး ပြောင်းကစားလာတယ်။ လေကြောင်းကို ပိုသုံးတယ်။ ဒီဗျူဟာမကျအောင် သူတို့ ရသလောက်လုပ်လိမ့်မယ်”ဟု စစ်ရေးလေ့လာသူတစ်ဦးကပြောသည်။
စစ်ကောင်စီက စစ်မှုထမ်းဥပဒေဖြင့် ဖမ်းဆီးစစ်သားစုဆောင်းထားသည့် သင်တန်းဆင်းများကိုအင်အားဖြည့်နေခြင်းဖြစ်သည်။ ရှေ့တန်းမှ ထွက်ပြေးနေသူများလည်းရှိပြီး ဇွန်လ ၈ရက်မှ ၁၄ရက်အတွင်း နတ်ရေကန်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၃၇ဦးအား လက်နက်ခဲယမ်းများနှင့်အတူ ဖမ်းမိခဲ့သည်ဟု CDF – Asho က ထုတ်ပြန်ထားသည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးတပ်ဖွဲ့များနှင့် ချိတ်ဆက်ဆက်သွယ်ပြီး အမြန်ဆုံးအလင်းဝင် ပူးပေါင်းကြပါရန်လည်း တိုက်တွန်းထားသည်။
၃၅မိုင်ခန့် ရှည်သော အမ်း-ပဒါန်းလမ်းပိုင်း၌ အမြောက်တပ်(၄၀၉)၊ အမြောက်စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်(၉၀၅)၊ ပျဉ်းဝဂိတ်၊ တရုတ်ဓာတ်ငွေ့ပိုင်းလိုင်းနေရာ၊ မြေလတ်ရွာ၊ ဂုတ်ကြီးရွာ၊ လက်ဖက်ခြံတို့၌ စစ်ကောင်စီက တပ်စွဲထားပြီး လမ်းပိုင်းနေရာအချို့ကို AAနှင့်မဟာမိတ်များက ထိန်းချုပ်ထားသည်။
အမ်း-ပဒါန်းလမ်းကို ထိန်းချုပ်နိုင်ရေး၊ နတ်ရေကန်ဗျူဟာကို ထိန်းချုပ်ရေး တိုက်ခိုက်နေသည့် စစ်ဆင်ရေးများကို AAနှင့် ပူးပေါင်းတပ်များ ပြီးခဲ့သည့် ဖေဖော်ဝါရီလမှစတင်ခဲ့သည်။
မတ်လအစောပိုင်းတွင် နတ်ရေကန်ဗျူဟာတောင်ကုန်းအောက်မှ အရေးပါသည့် စစ်ကောင်စီ၏ တောင်ကုန်းအချို့ကို AA က သိမ်းပိုက်ခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း တပ်မ (၉၉)၏ ယာယီနည်းဗျူဟာမှူးဒုတိယဗိုလ်မှူးကြီးကျော်ကျော်သက်ကို AAနှင့် ပူးပေါင်းတပ်များက ဖမ်းမိခဲ့သည်။
ယင်းနောက် မေလနှောင်းပိုင်းက တိုက်ပွဲများတွင် နတ်ရေကန်ဗျူဟာအနီးရှိ အဓိက ကာကင်းစခန်းဖြစ်သော ဆက်သွယ်ရေးတာဝါတိုင်စခန်းကိုAAက သိမ်းယူခဲ့သည်။
တိုက်ပွဲများနေ့စဉ်ဖြစ်ပွားခြင်းမရှိသော်လည်း စစ်ကောင်စီက လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းမှဗုံးကြဲခြင်းများ နေ့စဉ်ပြုလုပ်နေကြောင်းသိရသည်။


















































