Connect with us

Hi, what are you looking for?

သတင်း

နှစ်ဘက် စစ်ရေးပြင်ဆင်နေစဉ် သိန္နီခရိုင်မှ နေအိမ်အဆောက်အအုံများအတွက် MNDAA ငွေကြေးထောက်ပံ့

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် သိန္နီခရိုင်အတွင်းမှ နေအိမ်အဆောက်အအုံ ၄၀ဝကျော်အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့ ထုတ်ပြန်သည်။

ဓာတ်ပုံ - The Kokang

ဇူလိုင်-၁၆၊ ၂၀၂၅။ ဇော်ရမ်း/People’s Spring

၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် သိန္နီခရိုင်အတွင်းမှ နေအိမ်အဆောက်အအုံ ၄၀ဝကျော်အတွက် ထောက်ပံ့ငွေပေးအပ်ခဲ့ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)က ယနေ့ ထုတ်ပြန်သည်။

သိန္နီခရိုင်မှ နောင်မွန်မြို့နယ်၊ မုန်ဘမြို့နယ်၊ ကန်မုန်မြို့နယ်နှင့် သိန္နီမြို့နယ်များမှ စစ်ဘေးကြောင့် ပျက်စီးသွားခဲ့သော ကျောင်းနှင့်နေအိမ် စုစုပေါင်း ၄၂၄ခုအတွက် တစ်အိမ်လျှင် ယွမ် ၁၀၀၀(‌ကျပ်၆ သိန်း​ကျော်)မှ ယွမ် ၆၀၀၀(၃၆သိန်း​ကျော်)သတ်မှတ်ထုတ်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

၁ ယွမ်လျင်ပြင်ပ​ငွေ​ကြေး​ဈေးကွက်၌​ရောင်း​ဈေး ၆၁၀ ကျပ်​ကျော်နှင့်ဝယ်​ဈေး ၆၂၀ ကျပ်​ကျော်ရှိသည်။

Public Service Announcement

Public Service Announcement

နေအိမ်ပျက်စီးမှုအတိုင်းအတာကိုအနည်းအကျဉ်း၊ အသင့်အတင့်နှင့် အပြင်းအထန်ဟူ၍ သုံးမျိုးသတ်မှတ်ပြီး ထောက်ပံ့ကြေး ထုတ်ပေးရာတွင် အထူးဒေသအုပ်ချုပ်ရေးကော်မတီမှ ချမှတ်ထားသော ထောက်ပံ့ငွေစံနှုန်းများကို တင်းကျပ်စွာ လိုက်နာဆောင်ရွက်ခဲ့သည်ဟု ဖော်ပြသည်။

“ထောက်ပံ့တာ လက်ရှိငွေစျေးနဲ့က အရာမရောက်ပါဘူး။ တကယ်တမ်းလိုအပ်တာက ဒေသတွင်းတည်ငြိမ်ရေးပါ။ အခုကသတင်းတွေ အမျိုးမျိုးထွက်နေတော့ ရှောင်ရမလိုလို တိမ်းရမလိုလိုဖြစ်နေတာ”ဟု သိန္နီမြို့ခံတစ်ဦးက ပြောသည်။

တရုတ်အကူအညီဖြင့် လားရှိုးမြို့ကို ပြန်လည်ရယူထားသည့် စစ်ကောင်စီက သိန္နီမြို့ကိုပါ ပြန်ပေးရေးနှင့် လားရှိုး-သီပေါနယ်စပ်ရှိ စစ်တပ်ရင်းများမှ ပြန်ဆုတ်ခွာပေးရေး ထပ်မံတောင်းဆိုထားမှုကို MNDAAက လက်မခံဘဲ နှစ်ဘက် ဆက်ဆံရေးတင်းမာနေသည်ဟု သတင်းများထွက်ပေါ်နေသည်။

စစ်ကောင်စီက လားရှိုးမြို့ထဲရှိ တပ်ရင်းများ၌ လက်နက်ခဲယမ်းများတပ်ဆင်ခြင်း၊ အင်အားဖြည့်တင်းခြင်းများ ပြုလုပ်နေသလို MNDAAကလည်း လားရှိူးမြို့နယ်စပ်ရှိ ထိန်းချုပ်ဧရိယာအတွင်းစစ်အင်အားတိုးချဲ့ခြင်း၊စစ်သားစုဆောင်းခြင်းများ ပြုလုပ်နေသည်ဟု ဒေသခံများက ပြောသည်။ စစ်ကောင်စီနှင့် MNDAA တကျော့ပြန်တိုက်ပွဲ ဖြစ်နိုင်ကြောင်းလည်း သတင်းများထွက်ပေါ်နေ၍ဒေသခံများကစိုးရိမ်နေကြသည်။

ထို့အပြင် လားရှိုးမြို့ကို စစ်ကောင်စီထံပြန်မပေးခင် ရက်အနည်းငယ်ကလည်း၁၀၂၇ စစ်ဆင်ရေးကာလအတွင်း တိုက်ပွဲများကြောင့် ပျက်စီးခဲ့သည့် လားရှိုးမြို့မှ နေအိမ်များအတွက် MNDAAက ထောက်ပံ့ခဲ့ဖူးသည်။ ထို့ကြောင့်သိန္နီခရိုင်အတွင်းမှ နေအိမ်များအတွက် MNDAA၏ ထောက်ပံ့မှုကို ဒေသခံများက သံသယရှိနေကြသည်။

MNDAAကမူ ငွေကြေးထောက်ပံ့သည့်သတင်းမှလွဲ၍ သီးခြားထုတ်ပြန်ထားခြင်းမရှိပေ။

MNDAA နှင့် စစ်ကောင်စီအရာရှိများသည် လားရှိုးမြို့တွင် မကြာခဏတွေ့ဆုံဆွေးနွေးနေကြဆဲဖြစ်ပြီး နှစ်ဖက်ပြေလည်မှုမရကြသေးကြောင်း ဒေသခံသတင်းရင်းမြစ်များကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA)က၁၀၂၇ စစ်ဆင်ရေးမှာဖမ်းဆီးခဲ့တဲ့ စစ်သုံ့ပန်းတွေအနက် ၁၀၀ကျော်ကို စစ်တပ်ထံ ဒီကနေ့ ထပ်မံလွှဲပေးလိုက်တယ်လို့​ဒေသခံသတင်းရင်းမြစ်အချို့က​ပြောပါတယ်။