Connect with us

Hi, what are you looking for?

သတင်း

ဒေသခံတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ စာပေနဲ့ အခွင့်အရေးတွေလေးစားဖို့ ရှမ်းအဖွဲ့အစည်းတွေက ကိုးကန့် MNDAA ထံ စာပို့

စစ်ရေးအရနယ်မြေစိုးမိုးနိုင်မှုဟာယာယီသာဖြစ်၊ ယဉ်ကျေးမှုလွှမ်းမိုးရေးလမ်းစဉ် ဆက်ကျင့်သုံးရင် တိုင်းရင်းသားအချင်းချင်းခုခံတွန်းလှန်မှုများ ရှိလာနိုင်ဟု သတိပေး

(ကိုးကန့်တပ်မတော်(MNDAA)က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - The Kokang)

အောက်တိုဘာ ၉၊ ၂၀၂၆။ ထားမြတ်၊ရွှေပြည်စိုး/People’s Spring

ရှမ်းပြည်နယ်မြောက်ပိုင်း ရေရှည်အေးချမ်းရေးနဲ့ လူမျိုးစုများ အတူယှဉ်တွဲနေထိုင်ရေးနဲ့ပတ်သက်ပြီး ကိုးကန့်တပ်မတော်(MNDAA) ထံသို့ ရှမ်းအဖွဲ့အစည်း ၈ခု ပေးပို့ခဲ့တဲ့ အိတ်ဖွင့်ပေးစာကို ဒီကနေ့ အောက်တိုဘာ ၉ရက်မှာ ထုတ်ပြန်လာရာ စစ်ရေးအရ နယ်မြေ စိုးမိုးနိုင်မှုဟာ ယာယီသာ ဖြစ်ကြောင်း သတိပေးထားပြီး လူမျိုးစု အတူယှဉ်တွဲနေထိုင်ရေး ဒေသခံတိုင်းရင်းသားတွေရဲ့ ယဉ်ကျေးမှု၊ စာပေနဲ့ အခွင့်အရေး တွေလေးစားဖို့ လိုကြောင်း တိုက်တွန်းထားပါတယ်။

MNDAAထံသို့ စာပေးပို့တဲ့ ရှမ်းကျောင်းသားလူငယ် အဖွဲ့အစည်းတွေကတော့ Dai Youth Congress၊ Tai Youth Network၊ Tai Students’s Union၊ SL&CC-University Of Yangon၊ Tai Youths Network Japan၊ Global Shan Network၊ Tai National Community၊ A Lin Thit Organization တို့ ဖြစ်တယ်လို့ဆိုပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်ခဲ့တဲ့ စစ်ရေးအပြောင်းအလဲများနောက်ပိုင်း ကိုးကန့်တပ် အနေနဲ့ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ အတူယှဉ်တွဲနေထိုင်ရာ သိန္နီ ၊ ကွတ်ခိုင်နဲ့ လားရှိုး မြို့နယ်များအထိ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်လာခဲ့ရာ မြေပြင်အုပ်ချုပ်ရေးတွေမှာ လုပ်ဆောင်နေတဲ့ MNDAA ရဲ့လုပ်ရပ်တွေက မူလတော်လှန်ရေး ပန်းတိုင်များနဲ့ သွေဖည်နေတဲ့အပြင် ဒေသခံ လူထုအကြားစိုးရိမ်မှုများ မြင့်တက်လာစေလို့ အခုလို စာပေးပို့ခဲ့တာလို့ အသိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ကိုးကန့်တပ်က ဒေသခံစာပေများကို ဖျောက်ဖျက်ခြင်း – ရှမ်း၊ တအာင်း/ပလောင် နဲ့ မြန်မာဘာသာစကားဖြင့် ရေးသားထားသော အများပြည်သူဆိုင်ရာ ဆိုင်းဘုတ်များကို တစ်ဖက်သတ် ဖြုတ်ချပြီး တရုတ်စာ ဆိုင်းဘုတ်များဖြင့်သာ အစားထိုးဆောင်ရွက်နေခြင်း တွေလုပ်ဆောင်နေကြောင်းဖော်ပြထားပါတယ်။

ဒါ့အပြင် သမိုင်းအမွေအနှစ်များကို လျစ်လျူရှုခြင်း ဖြစ်တဲ ရှမ်းစော်ဘွားများရဲ့ သမိုင်းဝင် နန်းတော်ဟောင်း တည်ရှိရာ သိန္နီမြို့ကဲ့သို့သော သမိုင်းအမွေအနှစ်နဲ့ ဘာသာရေး၊ ယဉ်ကျေးမှု အထွတ်အမြတ် နေရာများကို ထိန်းသိမ်းစောင့်ရှောက်မှု ကင်းမဲ့ခြင်း သို့မဟုတ် အသွင်သဏ္ဌာန် ပြောင်းလဲပစ်ခြင်းကို ကိုးကန့်တပ်က လုပ်ဆောင်ခဲ့တယ်လို့ဆိုပါတယ်။

ဒေသခံတိုင်းရင်းသားများရဲ့ ဓလေ့ထမ်းတမ်းများနဲ့ ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်များကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ပြင်ပအုပ်ချုပ်ရေးပုံစံများ၊ ငွေကြေးသုံးစွဲမှုများနဲ့ စည်ပင်သာယာရေး စည်းမျဉ်းများကို အတင်းအကျပ် သွတ်သွင်းဆောင်ရွက်နေခြင်းကိုလည်း ရှမ်းအဖွဲ့အစည်းတွေက ထောက်ပြထားပါတယ်။

“ဤသို့သော ဆောင်ရွက်ချက်များသည် မဟာဗျူဟာအရ ကြီးမားသော အမှားတစ်ခုဖြစ်ပြီး ကြိုးပမ်းတည်ဆောက် နေသည့် အုပ်ချုပ်ရေးကို ခိုင်မာစေမည် မဟုတ်ဘဲ မဟာမိတ် များအကြား ယုံကြည်မှုကိုသာ ပျက်စီးစေပါလိမ့်မည်။ ထို့အပြင် စစ်အာဏာရှင်များ အစဉ်အဆက် သုံးစွဲလာခဲ့သည့် “တိုင်းရင်းသားအချင်းချင်း သွေးခွဲအုပ်ချုပ်ရေး” ထောင်ချောက်အတွင်းသို့ သက်ဆင်းရာ ရောက်စေပြီး ဒေသတွင်း ပထဝီနိုင်ငံရေး တည်ငြိမ်မှုနှင့် တရုတ် မြန်မာ နယ်စပ် စီးပွားရေးစင်္ကြံ (CMEC) အနာဂတ်ကိုပါ ကြီးမားစွာ ခြိမ်းခြောက်လာနိုင်ပါသည်” လို့ ရှမ်းအဖွဲ့အစည်းတွေရဲ့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။

ရှမ်းအဖွဲ့အစည်းတွေ ပေးပို့တဲ့ စာမှာ ကိုးကန့်တပ်ထံအကြံပြုထားတဲ့ အချက်တွေလည်း ပါရှိပါတယ်။

“စစ်ရေးအရ နယ်မြေစိုးမိုးနိုင်မှုသည် ယာယီသာဖြစ်ပြီး ပထဝီဝင်အနေအထားအရ တိုင်းရင်းသားအချင်းချင်း အတူယှဉ်တွဲနေထိုင်ရမှုသည်သာ ထာဝရ ဖြစ်ပါသည်။ MNTJP/MNDAA အနေဖြင့် မိမိတို့၏ နယ်မြေကို အခြားတစ်နေရာသို့ ရွှေ့ပြောင်း၍ မရနိုင်သကဲ့သို့ ရှမ်း၊ တအာင်း၊ ကချင်နှင့် ဗမာလူမျိုးများနှင့် အတူတကွ ငြိမ်းချမ်းစွာ ဆက်လက်ရှင်သန် နေထိုင်ကြရမည် ဖြစ်ပါသည်” လို့ ကိုးကန့်တပ်ထံပေးပို့တဲ့ စာမှာ ရေးသားထားပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တစ်ဖက်သတ် ယဉ်ကျေးမှု လွှမ်းမိုးရေးလမ်းစဉ်ကို ဆက်လက် ကျင့်သုံး နေပါက တိုင်းရင်းသားအချင်းချင်း ခုခံတွန်းလှန်မှုများနဲ့အတူ တရုတ်နိုင်ငံဘက်မှလည်း နယ်စပ် ပြဿနာများကို ထိန်းချုပ်ဖို့ ဖိအားပေးမှုများ ပြုလုပ်လာနိုင်ကြောင်း ဖော်ပြထားပါတယ်။

ဒါ့အပြင် ဒေသခံတိုင်းရင်းသားများရဲ့ ယဉ်ကျေးမှု၊ စာပေနဲ့ အခွင့်အရေးများကို လေးစားအသိအမှတ်ပြုပြီး အားလုံး ပါဝင်သော ဖက်ဒရယ်မူဝါဒကို ကျင့်သုံးခြင်းသည်သာ စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်နိုင်မယ်လို့ဖော်ပြထားသလို MNTJP/MNDAA ရဲ့ ရေရှည်ရပ်တည်ရေးနဲ့ နယ်စပ်ဒေသ ငြိမ်းချမ်းရေးအတွက် တစ်ခုတည်းသော မှန်ကန် တဲ့ လမ်းစဉ်ဖြစ်ကြောင်း အကြံပြုတိုက်တွန်းထားပါတယ်။

“ဒီအိတ်ဖွင့်ပေးစာကို ရေးသားပေးပို့တဲ့လူငယ်အဖွဲ့အစည်းတွေဟာ ရှမ်းပြည်တည်ငြိမ်အေးချမ်းရေးနဲ့ တိုင်းရင်းသားချင်းအတူယှဉ်တွဲနေထိုင်ရေးကို တန်ဖိုးထားတတ်ကြတယ်၊ စစ်အာဏာရှင်စနစ်တိုက်ဖျက်ရေး၊ လူထုအကာအကွယ်ပေးရေးဆိုတဲ့ တော်လှန်ရေးရဲ့ဝိညာဉ်ကို ရှင်းရှင်းလင်းလင်းနားလည်တယ်။ ဒါ့အပြင် ပထဝီနိုင်ငံရေးနဲ့ ရေရှည်အကျိုးစီးပွါးကို ချင့်တွက်နိုင်ကြတယ်။ သူတို့တွေထောက်ပြတာကို အလေးအနက်ထား ဆင်ခြင်ပြုပြင်သင့်တယ်၊ ဒါမှလည်း သမိုင်းလှပြီး လူရာဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်း ဖြစ်နိုင်မှာပါ”လို့ ရှမ်းပြည်နိုင်ငံရေးလေ့လာသုံးသပ်သူတဦးက မှတ်ချက်ပြုပါတယ်။

အဲဒီလို မဟုတ်ရင် ဆွေမျိုးစုကောင်းစားရေးကိုဦးတည်တဲ့ အိမ်နီးချင်းအလိုကျ စစ်ဘုရင်အုပ်စုအဖြစ် သတ်မှတ်ခံရမယ်လို့လည်း သုံးသပ်ပါတယ်။

“အဆိုးဆုံးက စစ်အာဏာရှင်ကို တော်လှန်နေရင်း ဖောက်ပြန်တဲ့အာဏာရှင် လက်သစ်ဖြစ်မသွားရအောင် ဒေသခံလူငယ်တွေရဲ့ သတိပေးသံကို ဦးနှောက်ကြီးကြီး၊ ရင်ဘတ်ကျယ်ကျယ်နဲ့ လက်ခံစဉ်းစားလုပ်ပါလို့ MNDAA အဖွဲ့ကို စကားပါးချင်ပါတယ်၊” လို့ ရှမ်းပြည်နိုင်ငံရေးလေ့လာသုံးသပ်သူက ပြောပါတယ်။

ကိုးကန့်တပ်ရဲ့ အောက်ခြေတပ်ဖွဲ့ဝင်များနဲ့ တာဝန်ရှိသူအချို့ဟာ တရုတ်စာပေ၊ တရုတ်ဆိုင်းဘုတ်များနဲ့ တရုတ်ပုံစံ အုပ်ချုပ်ရေးစနစ်များကို အတင်းအကျပ် ပြဋ္ဌာန်းခြင်းဟာ အိမ်နီးချင်း တရုတ်နိုင်ငံရဲ့ သဘောထားနဲ့ ကိုက်ညီတယ်လို့ ထင်မြင်ယူဆကောင်း ယူဆနိုင်ပေမဲ့ လက်တွေ့ ပထဝီနိုင်ငံရေးနဲ့ ပေကျင်းအစိုးရရဲ့ ရေရှည် မဟာဗျူဟာအရ အဲဒီလုပ်ရပ်တွေဟာ မလိုလားအပ်သော ဆုံးရှုံးမှုများကိုသာ ဖြစ်စေမည်လို့လည်း ရှမ်းအဖွဲ့အစည်းတွေက ထုတ်ပြန်ခဲ့ပါတယ်။

အိမ်နီးချင်းနိုင်ငံ ပိုင်နက်အတွင်းရှိ လက်နက်ကိုင်အဖွဲ့တစ်ခုက ဒေသခံယဉ်ကျေးမှုကို ဖျက်ဆီးပြီး တရုတ်အုပ်ချုပ်ရေးစနစ် အစားထိုးပါက နိုင်ငံတကာက တရုတ်နိုင်ငံအား “ကိုယ်စားလှယ် (Proxy) မှတစ်ဆင့် နယ်မြေသိမ်းပိုက်နေသည်” ဟု စွပ်စွဲလာမည်ဖြစ်ကြောင်း ဖော်ပြပါတယ်။

တရုတ်နိုင်ငံအတွင်းရှိ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသများ၌ပင် ဒေသခံတိုင်းရင်းသား ဘာသာစကားများကို တရားဝင် ရုံးသုံးစာနဲ့ ဆိုင်းဘုတ်များတွင် မဖြစ်မနေ ယှဉ်တွဲဖော်ပြရမည်ဟု ဥပဒေအရ သတ်မှတ်ထားကြောင်း၊ တရုတ်နိုင်ငံတွင် တိုင်းရင်းသားရေးရာမူဝါဒများ ချမှတ်ကာယဉ်ကျေးမှုမျိုးစုံကို အသိအမှတ်ပြု အားပေးနေစဉ် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းမှာ ဒေသခံ တိုင်းရင်းသားများရဲ့ စာပေများကို တစ်ဖက်သတ် ဖျောက်ဖျက်ပစ်ခြင်းဟာ ရှက်ဖွယ်လိလိပင် ဖြစ်ကြောင်းရှမ်းအဖွဲ့အစည်းတွေက ထုတ်ပြန်ပါတယ်။

“ဒေသခံယဉ်ကျေး မှုများကို ဖိနှိပ်ခြင်းသည် မြန်မာတစ်နိုင်ငံလုံးတွင် တရုတ်ဆန့်ကျင်ရေးစိတ်ဓာတ်ကို မီးထိုးပေး လိုက်သကဲ့သို့ ဖြစ်စေပြီး စီမံကိန်းတစ်လျှောက်ရှိ တရုတ်ရင်းနှီးမြှုပ်နှံမှုများနှင့် ကုန်သွယ်ရေး လမ်းကြောင်းများကို အန္တရာယ်အတွင်းသို့ တွန်းပို့ရာရောက်ပါလိမ့်မည်” လို့လည်း ရှမ်းအဖွဲ့အစည်းတွေက သတိပေးပါတယ်။

ဒါ့အပြင် သိန္နီမြို့သည် သမိုင်းဝင် စော်ဘွားအမွေအနှစ်များနဲ့ ရှမ်းလူမျိုးများရဲ့ အမျိုးသားဂုဏ်သိက္ခာ နက်ရှိုင်းစွာ ကိန်းအောင်းနေသည့် အချက်အချာ ဖြစ်ရာ ယင်းအမွေအနှစ်များကို လျစ်လျူရှုခြင်းသည် ရှမ်းလက်နက်ကိုင်တပ်ဖွဲ့များ (SSPP နဲ့RCSS) သာမက သန်းနဲ့ ချီသော ရှမ်းပြည်သူများနဲ့ ရန်လိုသည့် အနေအထားကို ဖန်တီးလိုက်ခြင်း ဖြစ်ကြောင်းလည်း ထုတ်ပြန်ပါတယ်။

မဟာမိတ်များကို လေးစားမှုမရှိဘဲ ဗိုလ်ကျသည့် အုပ်ချုပ်ရေးကျင့်သုံးပါက ကိုးကန့်တပ်အနေနဲ့ စစ်ရေးရော နိုင်ငံရေးအရပါ အထီးကျန်သွားမည်ဟု သတိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကိုးကန့်တပ်မတော်(MNDAA)ရဲ့ လောက်ကိုင်မြို့မှာ ကျင်းပတဲ့ လမုန့်စားပွဲကို ​မြောက်ပိုင်းမဟာမိတ်ညီ​နောင်သုံး​ဖော်ဖြစ်တဲ့ အာရက္ခတပ်တော်(AA)၊ တအာင်တပ်မတော်(TNLA)နဲ့ MNDAA ထိပ်ပိုင်းခေါင်းဆောင်တွေ အတူတကွတက်ရောက်ခဲ့ကြပါတယ်။

သတင်း

ကိုးကန့်တပ်မတော်(MNDAA) တပ်ဖွဲ့ဝင်တွေအနေနဲ့ ပေါ့ဆမနေဘဲ အထူးဒေသကို သစ္စာရှိရှိကာကွယ်စောင့်ရှောက်ကြဖို့ MNDAA စစ်ရေးဆိုင်ရာအရာရှိက တိုက်တွန်းလိုက်ပါတယ်။

သတင်း

မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော်(MNDAA)ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း သိန္နီမြို့မှာဒီနေ့ မနက်အစောပိုင်းက ပေါက်ကွဲမှုဖြစ်ခဲ့ပါတယ်။

ဆောင်းပါး

နေပြည်တော်ကလာတဲ့ အမိန့်ကို ဂရုမစိုက်တတ်တဲ့၁၀၂၇စစ်ဆင်ရေးဖိုက်တာMNDAAက ရှမ်းမြောက်မှာ စစ်တပ်နဲ့ အုပ်ချုပ်ရေးအာဏာပြိုင်ပွဲကို အသံတိတ်စစ်မျက်နှာဖွင့်လှစ်လိုက်ပါတယ်။