ဇူလိုင် – ၂၁ ၊၂၀၂၅ ၊နိုင်ပကောင်း/People’s Spring
စစ်တပ်လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ် (BGF)ကနေ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲဖွဲ့စည်းသွားဖို့ နဲ့ပတ်သက်ပြီး ဇူလိုင်လ ၂၀ ရက် က ကရင်ပြည်နယ် ၊ မြိုင်ကြီးငူဒေသမှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးပွဲမှာ BGF ထိပ်ပိုင်းခေါင်းဆောင်တွေကဆွေးနွေးတင်ပြကြတယ်လို့ သိရပါတယ်။
ကရင်ပြည်နယ် ငြိမ်းချမ်းရေး၊ ဒေသတည်ငြိမ်ရေးနဲ့ စည်းလုံးညီညွတ်ရေး ဆိုတဲ့ ခေါင်းစဉ်နဲ့ တွေ့ဆုံဆွေးနွေးပွဲကို မနေ့ ( ဇူလိုင် ၂၀ ရက် ) က ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူအထူးဒေသမှာ ကျင်းပပြုလုပ်ခဲ့တာလို့ ဒေသတွင်း သတင်းရင်းမြစ်တွေဆီကသိရပါတယ်။
အဲဒီ တွေ့ဆုံဆွေးနွေးပွဲကို ကရင်ပြည်နယ်ထဲက သံဃာတော်တွေ၊ BGF ထိပ်ပိုင်းခေါင်းဆောင်တွေ၊ ကရင်ပါတီကိုယ်စားလှယ်တွေ၊ ကျေးရွာအုပ်ချုပ်ရေးမှုးတွေနဲ့ ရပ်မိရပ်ဖတွေလည်း တက်ရောက်ခဲ့ကြပါတယ်။

Public Service Announcement
BGF ဘက်ကတော့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စောထွန်းလှိုင်၊ အထွေထွေအတွင်း ရေးမှုးချုပ် ဗိုလ်ချုပ်စောချစ်သူ၊ ဗိုလ်မှုးချုပ်စောမုတ်သုန်၊ ဗိုလ်မှုးချုပ်စောတင်ဝင်း စတဲ့ ထိပ်ပိုင်းခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပြီး BGF ကနေ ကရင်အမျိုးသားတပ်မတော်(KNA)အဖြစ် ပြောင်းလဲသွားဖို့ ဆွေး နွေးခဲ့တယ်လို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
BGF အနေနဲ့ နည်းဗျူဟာ၊ မဟာဗျူဟာတွေ အဆင့်ဆင့်ရှိနေပြီး BGF ကနေ အခုပြောင်းလဲဖွဲ့စည်းသွားမယ့် ကရင်အမျိုးသားတပ်မ တော် (KNA) မှာ စစ်ဒေသ(၄)ခု၊ ဗျူဟာမှုး(၉)ဦး ၊ တပ်ရင်း(၆၀)ကျော် ရှိနေပြီလို့ BGF တပ်ဖွဲ့ ရဲ့ စစ်ရေးချုပ် ဗိုလ်မှုးချုပ်စောကြာအင်းက ပြောပါတယ်။
အရင်က စစ်တပ် ဖွဲ့စည်းချိန်က BGF မှာ တပ်ရင်း ၁၃ ရင်းသာရှိခဲ့ပြီး အင်အားထောင်ဂဏန်းသာ ရှိခဲ့ရာ အခုအခါမှာတော့ BGF တပ်အင်အားဟာ သောင်းဂဏန်းအထိ ရှိလာပြီဖြစ်တယ်လို့ ဗိုလ်ချုပ်စောချစ်သူက ပြောကြားထားပါတယ်။
လက်ရှိမှာလည်း ကရင်ပြည်နယ်၊ ရွှေကုက္ကိုလ်မြို့နဲ့ လှိုင်းဘွဲမြို့နယ်မှာရှိနေတဲ့ တချို့ BGF တပ်ဖွဲ့ဝင်တွေဟာ စစ်တပ်လက်အောက်ခံ BGF ဘက်တံဆိပ်ကို မတပ်ဆင်တော့ဘဲ ကရင်အမျိုးသားတပ်မတော်(KNA) ဘက်တံဆိပ်ကို ပြောင်းလဲတပ်ဆင်အသုံးပြုနေပြီလို့ ကရင်သတင်းရင်းမြစ်က ပြောပါတယ်။
“ပြောင်းလဲဖို့ ပြောထားတာကြာပြီ၊ တချို့ကတော့ (KNA ဘက်တံဆိပ်) တပ်လိုက်ပြီ” လို့ အဲ့ဒီကရင်သတင်းရင်းမြစ်က ပြောပါတယ်။
စစ်တပ်နဲ့ လက်တွဲခဲ့တာ နှစ် ၃၀ နီးပါးရှိလာချိန် မှာ စစ်တပ် လက်အောက် ခံအဖြစ်ကနေ ခွဲထွက်ပြီး ကရင်အမျိုးသားတပ်မတော်(KNA) အဖြစ်ပြောင်းလဲဖွဲ့စည်းမယ်လို့ BGF ခေါင်းဆောင်ပိုင်းက ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ဆန်းပိုင်း ထုတ်ဖော်ပြောကြားခဲ့တာရှိပါတယ်။
စစ်တပ်ဆီက လစာ၊ ရိက္ခာ စတဲ့ ထောက်ပံ့မှုတွေကို မယူတော့ဘဲ သီးခြားရပ်တည်မယ်လို့ဆိုခဲ့တာပါ။
ဒါဟာ အာဏာသိမ်း စစ်တပ်ဆီက ထောက်ပံ့မှုကို မယူလိုတော့တာ ၊ ကရင်လူမျိုးအချင်းချင်း မတိုက်ခိုက်လိုတော့တာကြောင့်ဖြစ်ပြီး ကိုယ်နယ်မြေကိို ကိုယ်တိုင်ကာကွယ်သွားတော့မယ်လို့ ဗိုလ်ချုပ်စောချစ်သူက မီဒီယာကို ဖြေကြားထားခဲ့ပါတယ်။
BGF ခွဲထွက်တော့မယ့်ဆိုတဲ့သတင်းတွေ ထွက်လာပြီးနောက် အာဏာ သိမ်း ဒုစစ်ခေါင်းဆောင် ဟာ ကရင်ပြည်နယ်ကိုသွားရောက်ပြီး BGF ခေါင်းဆောင်ပိုင်းနဲ့ တွေ့ဆုံဆွေးနွေးတာတွေရှိခဲ့ပါတယ်။
အဲဒီနောက်ပိုင်းမှာတော့ BGF ဟာ ကရင်ပြည်နယ်၊ လှိုင်းဘွဲ့၊ ဘားအံ၊ မြ၀တီမြို့နယ်တွေထဲက လူငယ်လူရွယ်တွေကို စစ်မှုထမ်းဆောင်ဖို့အတွက် တပ်သားသစ်ခေါ်ယူတာတွေ ပိုမိုလုပ်ဆောင်လာပြီး အခြေခံစစ်သင်တန်းတွေအပါအဝင် အထူးတပ်ဖွဲ့သင်တန်း၊ ဒရုန်း ၊စနိုက်ပါ ၊လက်နက်ကြီးသင်တန်းတွေလည်း အပတ်စဉ်ဖွင့်လှစ်နေတယ်လို့ သိရပါတယ်။




















































